By Myanmar Times, Shweproperty.com
Updated at 27 August 2015
ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု ခေါ်ကြသည့် ရွှေ့ပြောင်းနေထိုင်သူများတွင် မဲပေးနိုင်သူ အရေအတွက် သုံးသိန်းကျော်ရှိနေရာ ၎င်းတို့ မဲပေးခွင့်ရရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦး က ပြောသည်။
"ရွှေ့ပြောင်းနေထိုင်သူတွေကို ဥပဒေနဲ့ အညီ မဲစာရင်းများ ဘောင်ဝင်အောင် လုပ်ပေးနေပါတယ်။ သူတို့ကလည်း နိုင်ငံသားတွေပဲ။ သူတို့မဲပေးခွင့်ရှိအောင် လုပ်ပေးထားတယ်။ ကြိုပြီးတော့လည်းစာရင်းကောက်ထားတယ်"ဟု ကော်မရှင်ဥက္ကဌ ဦးကိုကိုက မြန်မာတိုင်း(မ်)ကို ဩဂုတ်လ၁၇ ရက်နေ့တွင် ပြောသည်။
ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲများမှ တစ်ဆင့်ကောက်ယူ ရရှိထားသည့် စာရင်းများအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကျူးကျော် (ရွှေ့ပြောင်းနေထိုင်သူ)အရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် တစ်သိန်းခန့်၊ မြောက်ပိုင်းခရိုင်တွင် နှစ်သိန်းခန့် ရှိနေသည်။
ထို့ပြင် အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင် နှစ်ခု စုစုပေါင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကျူးကျော် ၅,၀၀၀ ခန့် ရှိသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ တစ်နှစ် ကြိုတင် ကောက်ယူပြုစုခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်စုစာရင်း ပုံစံ (၆၆) ဖြင့် နေထိုင်သူများနှင့် အခြားဒေသများသို့ ပြောင်းရွှေ့ သွားသော်လည်း သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတွင် စာရင်းကျန်ရှိနေသူများကို ပထမဆုံး အဆင့်အနေဖြင့် မဲစာရင်းကောက်ယူခဲ့သည်။
ထို့နောက် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဒုတိယအဆင့်အနေဖြင့် မဲစာရင်းပြုစု ကောက်ယူခဲ့ပြီး နောက်ဆုံးအဆင့်တွင် ရွေ့ပြောင်းနေထိုင်သူများ၏ မဲစာရင်းများ ကောက်ယူပြုစုခဲ့သည်။
"တပ်မတော်သား၊ ရဲတပ်ဖွဲ့တွေက တာဝန်နဲ့ လုပ်ငန်းအပြောင်းအရွှေ့တွေရှိတော့ ဒုတိယအဆင့်မှာ မဲစာရင်းပြုစုရတယ်။ အခုအနောက်ဆုံးအဆင့်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ(ကျူးကျော်)တွေနဲ့ မြို့နယ်တွေရဲ့ အိမ်တွေမှာပဲ ဧည့်စာရင်းနဲ့ လာနေသူတွေ၊ လာနေပြီး အိမ်ထောင်စုစာရင်းမဝင်တဲ့ သူတွေကို မဲစာရင်းထည့်နေပါပြီ"ဟု ဦးကိုကိုက ပြောသည်။
သို့သော် လှိုင်သာယာမြို့နယ် မီးခွက်ဈေး အောက်ထိပ်ရှိ ကျူးကျော်တဲစုတွင် နေထိုင်ပြီး ကျူးကျော်များ မဲပေးခွင့်ရရှိရန် ဆောင်ရွက်နေသည့် ဦးသန်းရှိန်ကမူ ၎င်းတို့ထံ စာရင်းလာရောက် ကောက်ယူခြင်း မရှိသေးဟု ဆိုသည်။
"ကျွန်တော်တို့ အကုန်လုံးက မဲပေးဖို့ ဆန္ဒရှိကြတယ်။ ဒါကြောင့် ဒီကကျူးကျော်တွေ အကုန်လုံးကို စာရင်းကောက်ပြီး မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်ကို တင်ပေးထားတယ်။ ဒါပေမဲ့ ဘာမှ အကြောင်းမထူးဘူး။ သူတို့ဘက်ကနေ စာရင်းလာကောက်တာလည်း မရှိကြဘူး။ ဘာမှတိတိကျကျလည်း မသိရဘူး။ ကျူး အားလုံးကတော့ ကျွန်တော့်ဆီ အမြဲလာလာမေးနေကြတယ်"ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကောက်မရှင်က ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် မဲပေးခွင့်ရှိသည့် ကျူးကျော်နေထိုင်သူ သုံးသိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း လှိုင်သာယာမြို့နယ် တစ်ခုတည်းပင်လျှင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရွှေ့ပြောင်းနေထိုင်ရသူများနှင့် ကျူးကျော်နေထိုင်ရသူ လေးသိန်းထက်မနည်း ရှိနေနိုင်သည်ဟု လှိုင်သာယာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဦးရန်အောင်က ပြောသည်။
ရွေ့ပြောင်းလုပ်သားများနှင့် ကျူးကျော်နေထိုင်ကြသူများတွင် ယာယီသန်းခေါင်စာရင်းများ၊ အိမ်ထောင်စု ပုံစံများဖြင့် နေထိုင်သူများရှိသော်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းတွင်မပါသဖြင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရမှုများရှိနေသည်ဟု ၎င်းကပြောသည်။
"ပွင့်လင်းမြင်သာမှု အရမ်းအားနည်းနေသေးတယ်။ မဲစာရင်းမပါသေးသူတွေကို မဲပေးခွင့်ရရှိရေး၊ နိုင်ငံသားအခွင့်အရေးမဆုံး ရှုံးအောင်လို့ စာရင်းကောက်ပေးတယ်။ အဓိကတော့ ကျွန်တော်တို့က မဲစာရင်းမပါသေးတဲ့သူတွေကို အနီးကပ်မှ ခေါ်ယူမဲပေးခိုင်းတာတွေ ဖြစ်မှာကို စိုးရိမ်တယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကနေ ထောင့်စေ့အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတာ။ ဒီလို ပူးပေါင်း ဆောင်ရွက်ပေးတာကို တချို့ခွင့်မပြု တာတွေရှိတယ်။ ဒီလိုကောက်ခံထားတာတွေကို အထက်ကို တင်ပြဖို့ မြို့နယ်ကော်မရှင်က ခွင့်ပြုပေမယ့် မြို့နယ်အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာတွေက ခွင့်ပြုခြင်း မပြုခြင်းကို ခုချိန်ထိ ကျွန်တော်တို့ တိတိကျကျသိရခြင်း မရှိသေးဘူး"ဟု ဦးရန်အောင်က ပြောသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မိမိတို့ အမည်မပါရှိပါက သက်ဆိုင်ရာ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်သို့ ၁၄ ရက်အတွင်း တင်ပြအကြောင်းကြားနိုင်သည်။
"အထောက်အထား မပြည့်စုံရုံလောက်နဲ့ မဲပေးခွင့် မဆုံးရှုံးပါဘူး။ မပူပါနဲ့။ မဲစာရင်းမှာ နာမည်မပါရင်တော့ မဲပေးခွင့်ရမှာ မဟုတ်ပါဘူး။ မဲစာရင်းကို ထပ်ကြေညာပေးမှာပါ။ ကိုယ့် နာမည်မဲစာရင်းမှာ ပါမပါ ကြည့်ဖို့ လိုအပ်ပါတယ်။ မပါရင် ပုံစံ (၃)နဲ့ လျှောက်ထားရမှာပါ။ ဥပဒေနဲ့အညီ မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးမှာပါ"ဟု ဦးကိုကိုက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအား ပြုစုနေဆဲဖြစ်ပြီး စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ ဒသမ ၅ သန်းခန့်အထိရှိနေနိုင်ကြောင်း ကော်မရှင်က ခန့်မှန်းထားသည်။
Ref : The Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties