By The Kumudra, Shweproperty.com
Updated at 28 November 2014
အိမ်ငှားခတွေက တစ်လကိုတစ်သိန်းကျော်ချည်းပဲ၊ အိမ်ပြောင်းဖို့ကလည်း ကလေးတွေကျောင်းက တက်လက်စနဲ့၊ အိမ်ရှင်ကလည်း လခ တိုးတောင်းနေတယ်။ သည်တစ်ပတ်ထဲမှာ နောက်ထပ်စာချုပ်ချုပ်ဖို့ ဘယ်လိုလုပ်ရပါ့မလဲလို့ ဒေါ်ကေသီက သူ့အမျိုးသားကို ပြောနေပါတယ်။
မြောက်ဒဂုံမြို့နယ်မှာ အိမ်ငှားနေကြတဲ့ ဒေါ်ကေသီတို့ လင်မယား အိမ်ငှားစာချုပ်ရက်ပြည့်သွားလို့ ထပ်ချုပ်ဖို့ ပိုက်ဆံအခက်အခဲ ဖြစ်နေကြတယ်။
တစ်လကို ကျပ် ၁၂၀,၀၀၀ နဲ့ ၁၀လချုပ်မှ ထပ်ငှားနိုင်မယ်လို့ပြောထားတဲ့ အိမ်ရှင်စကားကြောင့် တစ်ပတ်အတွင်းမှာ ငွေ ၁၂ သိန်းရှာဖို့ဆိုတာ မလွယ်တဲ့အတွက် အိမ်ရှင်ဘက်က လျှော့ပေးနိုင်မလားလို့ ပွဲစားဒေါ်အေးမာကို ဒေါ်ကေသီက အကူအညီတောင်းခဲ့ပါတယ်။
၁၀လချုပ်မဟုတ်ပဲ ခြောက်လပဲချုပ်ခွင့်ပေးပါလို့ အိမ်ရှင်ခွင့်တောင်းနေပါတယ်။ အိမ်ရှင်က ခြောက်လ ငှားခွင့်ပြုလိုက်ပေမဲ့ ခြောက်လစာ အိမ်ငှားခငွေ ၇၀၀,၀၀၀ သိန်းကျော်ပေးဖို့က လက်ထဲမှာ သုံးသိန်းပဲရှိသေးတယ်၊ ဒါပေမယ့် ဒေါ်ကေသီကတော့ စာချုပ်ဆက်ချုပ်ဖို့ အိမ်ရှင်ကိုပြောခဲ့ပြီးပါပြီ။
ဒေါ်ကေသီတို့လို အဖြစ်တွေက သာမန် လူတန်းစား အိမ်ငှားနေသူတိုင်း ကြုံနေရတဲ့ အခက်အခဲတွေပါ။ တချို့ကလုံးချင်းအိမ် မငှားနိုင်တာကြောင့် ဆိုင်ခန်းတွဲနေရာတွေမှာ လခပေးပြီး အဆင်ပြေသလို နေထိုင်နေကြရတာတွေလည်း ရှိပါတယ်။
ဆိုင်ခန်းနေရာ ငှားနေ
လုံးချင်းအိမ်ငှားခဈေးက တစ်လကိုတစ်သိန်းနဲ့ အထက်တွေပဲ ဖြစ်နေတာပါ။ ဆိုင်ခန်းတွဲနေရာတွေကတော့ တစ်လကိုငှားခ ၄၀,၀၀၀ ကနေ ၇၀,၀၀၀ လောက်နဲ့ရတယ်။ တချို့နေရာတွေမှာ ၂၀,၀၀၀ လောက်နဲ့လဲ ငှားလို့ရတယ်။ ဒါက မြောက်ဒဂုံမြို့နယ်ရဲ့အတွင်းလမ်းတွေက ငှားတဲ့ဈေးနှုန်းတချို့ပါ။
ငွေကြေးတတ်နိုင်တဲ့ အိမ်ရှင်တွေက ကိုယ့်ခြံရဲ့မျက်နှာစာမှာ ဆိုင်ခန်းတွဲ ၁၀ ပေအကျယ်၊ ၈ ပေ × ၁၀ ပေ စတဲ့အခန်းကျယ်လေးတွေကို ထပ်ခိုးတင်ပြီး ဆိုင်ခန်းပဲဖွင့်ဖွင့်၊ လူပဲနေနေ ငှားစားကြတယ်။ အိမ်မဝယ်နိုင်သေးတဲ့ ဈေးဆိုင်ဖွင့်သူအချို့ သည်လိုနေရာမျိုးတွေမှာ ဆိုင်လည်းဖွင့်၊ လူလည်းနေပြီး စီးပွားရေးလုပ်နေကြတာတွေရှိတယ်။
ပွဲစား မအေးမာက "ဒီနောက်ပိုင်းမှာ အခန်းတွဲတွေဆောက်ပြီး ငှားစားတာတွေ များလာတယ်၊ တချို့က ပျဉ်ထောင်၊ တိုက်ခံ အဆင်ပြေသလိုပေါ့၊ တချို့နေရာတွေမှာဆို အဖီပုံစံဆွဲပြီး ငှားနေကြတာတောင် ရှိတယ်၊ သာမာန်လက်လုပ်လက်စားသမားတွေအတွက်က အခုဈေးနှုန်းတွေနဲ့ဆို သည်လိုနေရာမျိုးနေရတာပဲ တော်သေးသလိုဖြစ်နေကြတာ၊ ဒဂုံအရှေ့ပိုင်းလိုနေရာမှာတော့ ဒီလိုဈေးနဲ့ လုံးချင်းအိမ် ငှားနေလို့ရတာပေါ့၊ ဒါပေမဲ့ သွားရလာရခက်တော့ ရတဲ့နေရာမှာပဲ အဆင်ပြေသလို နေကြရတယ်"လို့ ရှင်းပြပါတယ်။
နှစ်ဖက်အဆင်ပြေ
အခန်းတွဲဆောက်ပြီး ငှားကြတာက ငှားနေတဲ့သူတွေအတွက် ဈေးသက်သာသလို အိမ်ရှင်အတွက်လဲ ဝင်ငွေပိုရတာကြောင့် ငှားစားတဲ့သူတွေ များလာပါတယ်။ ပွဲစားတချို့ရဲ့ ပြောချက်အရ တချို့ကလုံးချင်းအိမ်ကိုပဲ ထရံ(အခန်း) ကန့်ပြီး မိသားစု နှစ်စု ငှားနေကြရတာတွေတောင် ရှိတယ်လို့သိရပါတယ်။
ဒဂုံအရှေ့ပိုင်း ၈ ရပ်ကွက်မှာ အိမ်ငှားနေတဲ့မနေခြည်က "အခုနေတဲ့အိမ်က အိမ်အလယ်ကနေ ထရံကန့်ပြီး ဟိုဘက်ဒီဘက် ခြမ်းနေတာ၊ ဒီလကုန်ရင် ငှားတာပြည့်ပြီ၊ အိမ်ရှင်က တစ်လကို ၃၀,၀၀၀ ကနေ အခု ၅၀,၀၀၀ ထပ်တိုးတောင်းတယ်၊ ဒါတောင်ရပ်ကွက်မို့ အတွင်းထဲမှာ အိမ်က၊ ဈေးသက်သာလို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ဝယ်ထားတဲ့ ၁၅၈ ရပ်ကွက်က ၁၀ပေ မြေကွက်မှာပဲ အိမ်လေးဆောက်ပြီး သွားနေတော့မယ်၊ သွားရလာရတာဝေးလို့၊ ရေ၊ မီးဒုက္ခကလဲ အဆင်မပြေဘူးဆိုပေမယ့် အိမ်ငှားနေရတာက ပိုဆိုးနေလို့"လို့ ပြောပါတယ်။
အတိုးနဲ့ဆွဲ
ဒေါ်ကေသီကတော့ သည်တစ်ပတ်အတွင်း စာချုပ်ချုပ်ဖို့ လိုနေသေးတဲ့ ပိုက်ဆံကိုရှာဖို့ အတွေးတွေနဲ့ အိမ်ပြန်ရောက်လာပါတယ်။
နောက်ဆုံးတော့ ဒေါ်ကေသီတို့လင်မယား ရပ်ကွက်ထဲက ငွေအတိုးပေးစားတဲ့ သူဆီကနေ ငွေယူပြီး အိမ်ငှားခပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လင်မယားနှစ်ယောက်လစာနဲ့ တစ်လကို အတိုးက ၄၀,၀၀၀၊ ငွေအရင်းကိုလဲ ကျေအောင်ဆပ်ဖို့က အိမ်စရိတ်တွေနဲ့ မလွယ်ကူပေမဲ့ နေရဖို့ အခက်အခဲက ပိုအရေးကြီးနေတာကြောင့်ပါ။ Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties