By Eleven Media Group, Shweproperty.com
Updated at 5 January 2016
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ လူဦးရေ တိုးပွားမှုအလျင်မြန်ဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်တွင် နှစ်စဉ်အိမ်ရာ လိုအပ်ချက်မြင့်မားနေရာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ဆောင်နေသော်လည်း အောင်မြင်မှု မရသည့်နောက် အခြေခံလူတန်းစားများအတွက် နေစရာမျှော်လင့်ချက် မည်သို့ဖော်ဆောင်မည်နည်းဟု သုံးသပ်မှုများ ရှိနေသည်။
၂၀၁၂ ခုနှစ် စာရင်းများအရ ရန်ကုန်မြို့၏ တစ်နှစ်အိမ်ရာ လိုအပ်ချက်မှာ အခန်းပေါင်း နှစ်သောင်းကျော် ဖြစ်သော်လည်း ယင်းပမာဏ၏ သုံးပုံတစ်ပုံခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်သည်ဟု ဆိုသည်။ ရန်ကုန် ထို့အတွက် ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုတွင် လိုအပ်ချက်များစွာရှိနေသည်။
ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် သာမန်လက်လုပ်လက်စား အခြေခံပြည်သူများအတွက် ရည်ရွည်သည်ဟုဆိုသော တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ယခုအစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။
ကနဦးအနေဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဦးစွာစတင်ခဲ့သည်။ သို့သော် ဆောက်လုပ်နေစဉ်ကာလ အတွင်း၌ပင် အဆောက်အအုံအတွက် ကုန်ကျစရိတ်များ တက်လာခြင်းကြောင့် တန်ဖိုးနည်းမှ သာမန်အိမ်ရာအဆင့်ပင် ဖြစ်သွားခဲ့ပြီး တန်ဖိုးနည်းမဟုတ်တော့ကြောင်း သိခဲ့ရသည်။ သာမန်အိမ်ရာနှင့် ထူးမခြားနား သည့် ဈေးနှုန်းများပင် ဖြစ်သွားသည်။
ထပ်မံ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်တွင် ဗိုလ်မှူး ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ၄၂ ရပ်ကွက်တွင် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများကို ထပ်မံဆောက်လုပ်ခဲ့သည်။ အခန်းဈေးနှုန်းများ သတ်မှတ်ရာတွင် မြေတန်ဖိုးမပါဘဲ ဆောက်လုပ်ခစရိတ်များဖြင့် ရောင်းချမည်ဟုဆိုခဲ့ပြီး ဈေးနှုန်းများ ထွက်ရှိလာချိန်တွင် တစ်ခန်းလျှင် အနည်းဆုံးကျပ် ၂၃၇ သိန်းမှ အများဆုံးကျပ်သိန်း ၃၂၉ သိန်း အထိ သတ်မှတ်ခဲ့သည်။
အခြေခံပြည်သူများ၊ ဝင်ငွေနည်းများအတွက် ရည်ရွယ်သည်ဟုဆိုသည့် ယင်းအိမ်ရာများ၏ တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်။ လစာအနည်းဆုံးကျပ် သုံးသိန်းရှိသူများသာ ဝယ်ယူခွင့်ရရှိ မည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး လက်ငင်းအလွှာလိုက် ငွေပေးချေစနစ်နှင့် လေးနှစ်အထိ ဘဏ်ဖြင့်ချိတ်ဆက်၍ ဘဏ်တိုးပေးကာ အရစ်ကျစနစ်တို့ဖြင့် ရောင်းချခဲ့ရာ သာမန် လက်လုပ်လက် စားပြည်သူများ ဝယ်ယူရန် များစွာခက်ခဲခဲ့သည်။
သာမန် ကျပ်သိန်း ၁၀၀ အောက်ပင် ဝယ်ယူရန် ခက်ခဲနေသည့်အချိန်တွင် ကျပ် သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်ဖြင့် ရောင်းချခဲ့သည့်အတွက် ပုံမှန်ဝင်ငွေ အသင့်အတင့်ရှိသူများပင် ဝယ်ယူရန် ခက်ခဲခဲ့သည်။ အစိုးရဝန်ထမ်းများလည်း မဝယ်နိုင်ခဲ့ပေ။ သို့သော် ယင်းအချိန်က ဗိုလ်မှူးဗထူးတန်ဖိုး မျှတအိမ်ရာစီမံကိန်းကို လျှောက်ထားသူဦးရေ ၁၃၀၀၀၀ ခန့်ရှိခဲ့ပြီး တန်းစီ၍ပင် လျှောက်ထားခဲ့ကြသည်။ မည်သူတို့က တန်းစီ လျှောက်ခဲ့ကြသည်မသိ။
ယင်းအိမ်ရာများကို မဲနှိုက်ပြီးသည့်အခါ မဲပေါက်ခဲ့သည့်သူများ အမြတ်အစွန်းရယူကာ ပြန်ရောင်းခဲ့ကြသည်။ အချို့ဝန်ထမ်းများ မဲပေါက်သော်လည်း ငွေမသွင်းနိုင်ကြသဖြင့် ပြန်ရောင်းခဲ့ကြသည်။ အမှန်တကယ် အိမ်ရာလိုအပ်သည့် သူများလက်ထဲသို့ မရောက်ခဲ့ဘဲ ကြားခံသဘောမျိုး ဈေးကစားလိုသည့် သူများလက်ထဲသို့သာ အခန်းအများစု ရောက်ရှိသွားခဲ့ရသည်။
ထပ်မံ၍ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းချောင်း အနီးတွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာဟူ၍ ထပ်မံအကောင်အထည် ဖော်ခဲ့သည်။ အခန်းဈေးနှုန်းများကို သတ်မှတ်ရာတွင် အနည်းဆုံးကျပ်သိန်း ၁၁၀ မှ အများဆုံးကျပ်သိန်း ၁၂၀ ကျော်အထိ သတ်မှတ်ခဲ့သည်။ တန်ဖိုးနည်းဟူသည်မှာ ဤ ဈေးနှုန်းများလားဟု မေးခွန်းထုတ်မှုများ ထွက်ပေါ်လာသည်။ အမှန်တကယ် အိမ်ရာ လိုအပ်သူများ လျှောက်ထားရန် ဝေးသွားခဲ့ပြီး ဈေးကစားလိုသူများသာ လျှောက်ထားမှုများပြားခဲ့ပြီး လျှောက်ထားသူဦးရေ ရှစ်သောင်းကျော်အထိ ရှိခဲ့သည်။
သို့သော် ယင်းအိမ်ရာရှိ အခန်းပေါင်း ၅၀၀ ကျော်ကိုသာ ပထမအဆင့်အနေဖြင့် ရရှိမည်ဖြစ်ပြီး အဆိုပါသူများကို မဲနှိုက် ရောင်းချခဲ့သည်။ လှိုင်သာယာမြို့နယ်အစွန်ရှိ ရွှေလင်ပန်းကဲ့သို့ နေရာမျိုးတွင် အနည်းဆုံး ကျပ်သိန်း ၁၁၀ ပေးရသည့်အိမ်ရာ၊ မြို့တွင်းနှင့်များစွာ အလှမ်းဝေးကွာသည့်နေရာအား အချို့သူများ မနေချင်ကြ။ ထို့ပြင် ပတ်ဝန်းကျင်အခြေအနေကလည်း ရှုပ်ထွေးသည်ဟု အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူများက ဆိုကြသည်။ ထို့ကြောင့် မဲပေါက်ပြီးမှ ပြန်ရောင်းကြသည်။ အချို့လည်း မဲပေါက်ပြီးမှ ငွေမသွင်းနိုင်သဖြင့် အခန်းဝယ်ယူခွင့်များ ဖျက်သိမ်းခံခဲ့ရပြီး ယင်းအခန်းများကို အခြားသူများအား ပြန်လည်ရောင်းချမည်ဟု သိရသည်။
အလားတူ ရွှေပြည်သာတွင်လည်း အခန်းပေါင်း ၁၉၂ ခန်းပါသည့် တန်ဖိုးနည်းဟုဆိုသည့် အိမ်ရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအစီအစဉ်ဖြင့် ဆောက်လုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချရန် လျှောက်လွှာခေါ်ယူခဲ့ပြီးဖြစ်သည်။ စတုရန်းပေ ၄၉၀( ၁၄ ပေ_ ၃၅ ပေ) များသာရှိသော တိုက်ခန်းများ ကို ရောင်းချရန် လျှောက်လွှာခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ခြောက်လွှာအခန်း တစ်ခန်းလျှင် ကျပ် ၁၀၉ သိန်း၊ ငါးလွှာတစ်ခန်းလျှင် ကျပ် ၁၂၂ သိန်း၊ လေးလွှာတစ်ခန်းလျှင် ကျပ် ၁၃၃ သိန်း၊ သုံးလွှာတစ်ခန်းလျှင် ၁၄၄ သိန်း၊ နှစ်လွှာတစ်ခန်းလျှင် ၁၅၄ သိန်းနှင့် မြေညီ ထပ်တစ်ခန်းလျှင် ကျပ် ၁၇၄ သိန်းဖြင့် ဈေးနှုန်း သတ်မှတ်ထားသည်။
အခန်းပမာဏလည်း ကျဉ်းမြောင်းလှသည်။ ရွှေပြည်သာလို နေရာမျိုးတွင် သတ်မှတ်ထားသည့် ယင်းဈေးနှုန်းမှာ သင်္ဃန်းကျွန်း၊ သာကေတကဲ့သို့ သွားလာရေးလွယ်သည့် နေရာမျိုးတွင် အသင့်အတင့်ရှိသော တိုက်ခန်းတစ်ခန်းပင်ဝယ်ယူနိုင်သည်ဟု ဆိုကြသည်။
"ဒီဈေးနှုန်းကို အရမ်းအံ့သြမိပါတယ်။ ပြီးတော့ အခန်းကလည်း အရမ်းသေးတယ်လို့ သိရတဲ့အခါကျတော့ မဖြစ်သင့်ဘူး"ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် (၂) မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ပြောကြားထားသည်။
သို့ဖြစ်ရာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများသည် အမှန်တကယ် လိုအပ်သည့် ဆင်းရဲသားပြည်သူများ လက်ထဲသို့ မရောက်ရှိ။ မရောက်ရှိခြင်းမှာလည်း ဈေးနှုန်းကို မတတ်နိုင်ခြင်းကြောင့် ဖြစ်ပြီး ဈေးကစားလိုသည့် အရပ်အသုံးအရ ကြားခံပွဲစားဟုခေါ်သည့် သူများလက်ထဲသို့သာ ရောက်ရှိပြီး ဈေးကစားခြင်းကို ခံနေရသည်ဟု သုံးသပ်မှုများ ရှိနေသည်။
"ဗိုလ်မှူးဗထူးအိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာတွေဆိုရင်လည်း ကြားခံပွဲစားတွ လက်ထဲမှာပဲရှိနေတယ်။ တကယ်လိုအပ်တဲ့ သူတွေလက်ထဲကို မရောက်ဘူး။ တကယ်လို အပ်တဲ့သူတွေ လက်ထဲကိုရောက်မှ အိမ်ရာဈေးနှုန်းတည်ငြိမ်မှာ"ဟု ရန်ကုန်မြို့ရှိ အိမ်ရာများနှင့် ပတ်သက်၍ သုတေသနပြုလုပ်နေသူ တစ်ဦးက သုံးသပ်ခဲ့သည်။
အမှန်တော့ အိမ်ရာဈေးနှုန်းများ မြင့်တက်မှုကို လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများ အကောင်အထည်ဖော်လိုသည့် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း ဦးတည်ချက်လွဲကာ ယခုထိအောင်မြင်မှုရရှိခဲ့ပေ။
တန်ဖိုးနည်းဆိုတဲ့အတိုင်း တန်ဖိုးက တော်တော်ကိုနည်းပြီး ပုံမှန်ထက် သက်သာရမှာပါ။ ဒါမှလည်း ဝင်ငွေနည်းပြည်သူများ ၎င်းတို့ရရှိသည့် ဝင်ငွေအချိုးအစားနှင့် ချိန်ဆ ဝယ်ယူနိုင်မည်ဖြစ်သည်။ အခုထွက် ပေါ်လာခဲ့တဲ့ ဈေးနှုန်းတွေကတော့ သာမန် ဈေးနှုန်းတွေနဲ့ လုံးဝကို မကွာခြားဘူးလို့ အများပြည်သူအကြား ဝေဖန်မှုများစွာ ထွက်ပေါ်နေသည်။
အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးမျှတဆိုသည့် အိမ်ရာများသည် အခြေခံပြည်သူများအတွက် များစွာအလှမ်းဝေးကွာနေကြောင့် ယခုပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း ဝေဖန်ထောက်ပြခဲ့ကြသည်။
ရန်ကုန်မြို့ပြဆင်းရဲမှုပြဿနာတွင် နေရေးထိုင်ရေးမှာ အဓိကစိန်ခေါ်မှုဖြစ်နေပြီး အိမ်ရာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အချို့ကျူးကျော်များအထိပင် ဖြစ်ခဲ့ကြရပြီး ကျူးကျော်နေထိုင်မှု ပြဿနာသည်လည်း နေရေးအတွက် အခက်အခဲဖြစ်နေသည်ကို ပြသသည့်အချက်ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ထောက်ပြထားကြသည်။
"တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာဆိုတဲ့ ရည်ရွယ်ချက်ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာမှာ အခန်းတစ်ခန်းပေါက်တယ်။ ကျပ် ၂၈၆ သိန်းတန်ပါ။ ကျွန်တော်ဘယ်လိုမှ မသွင်းနိုင်ဘူး။ ပထမအရစ်ကိုပင် ကျပ် ၁၀၇ သိန်းလောက်သွင်းရမှာ ဖြစ်တယ်။ ဒါကြောင့် အခြေခံပြည်သူတွေအတွက် စဉ်းစားတဲ့နေရာမှာ လိုက်လျောညီထွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ခရိုနီတွေလက်ထဲကို ရောက်သွားရင်တော့ အဆင်မပြေနိုင်ပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ပြောကြားသည်။
ထို့ပြင် လက်ရှိတန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာမျာအား အစိုးရ၏ ဦးဆောင်ကာ အရင်းအနှီးစိုက်ထုတ်လုပ်ဆောင်ခြင်းထက် ပုဂ္ဂလိက ကုမ္ပဏီများကိုသာ ဦးဆောင် ဆောက်လုပ်စေခြင်းကြောင့်လည်း ဈေးနှုန်းများ တက်နေခြင်းဖြစ်ဟုလည်း သုံးသပ်နေကြပြီး အစိုးရအနေဖြင့် အခြေခံပြည်သူများအတွက် အရင်းအနှီး စိုက်ထုတ်ကာ အရှုံးခံ၍ ကနဦး လုပ်ဆောင်ပေးရမည်ဖြစ်သည်။
"အစိုးရက အရင်းအနှီး မလုပ်နိုင်တော့ ခရိုနီတွေရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ပဲ ဖြတ်သန်းနေရတာ။ ဒါကြောင့် ဈေးတွေက တော်ရုံနဲ့မရတာ။ ဒါကြောင့် ရည်ရွယ်ချက်တော့ကောင်းတယ်။ ဒါပေမဲ့ အခြေခံပြည်သူအတွက် ဘယ်လောက်အတိုင်းအထာအထိ လုပ်ပေးနိုင်တယ်ဆိုတာ ပြန်စဉ်းစားဖို့လိုတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စား လှယ် ဦးကျော်က ဆက်လက်သုံးသပ်ပြော ကြားသည်။
တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများ လက်လှမ်းမမီးသည့်အတွက် တစ်ဖက်တွင် အငှားအိမ်ရာ စီမံကိန်းကို ထပ်မံစဉ်းစားမိသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပထမဆုံး အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည်သိရပြီး သက်သာသော ဈေးနှုန်းများဖြင့် ငှားရမ်းပေးမည်ဟု သိရသည်။ ငှားရမ်းမည့် ဈေးနှုန်းကို မသတ်မှတ်ရသေးသော်လည်း ကနဦး ကျပ်ငါးသောင်း ဝန်းကျင်ဖြင့် ငှားရမ်းပေးဟု စီစဉ်ထားကြောင်း သိရသည်။
သို့သော် အခန်းပေါင်း ၁၂၀၀ သာ ငှားရမ်းပေးမည်ဖြစ်သည်။ အခန်းပေါင်း ၁၂၀၀ ဖြင့်တော့ လုံလောက်မည်မဟုတ်။ ရန်ကုန်မြို့တွင် အိမ်ရာမပိုင်ဆိုင်သူအများကြီး ဖြစ်သည်။ ခြောက်လတစ်ခါ အိမ်ငှားခ တနင့်တပိုးပေးနေရသည့် သူအများကြီးရှိပါသည်။ အလားတူ အိမ်ငှားခ မတတ်နိုင်သဖြင့် ကျူးကျော်နေထိုင်ရသူမှာလည်း ရန်ကုန်တစ်မြို့လုံးတွင် လူဦးရေ သုံးသိန်းကျော်အထိ ရှိနေသည်။ အခန်းပေါင်း ၁၂၀၀ လောက်နဲ့တော့ မလုံလောက်တော့။ အများကြီးထပ်ပြီး လိုအပ်ဦးမည်ဖြစ်သည်။ ဒီကြားထဲမှ အမှန်တကယ်မရှိသည့်သူများ ငှားမနေရဘဲ မလိုအပ်သည့်သူများ လက်ထဲသို့ ရောက်ရှိသွားမှာကိုလည်း ကြောက်ရသည်။
"အဓိက ပြည်သူလူထုလိုချင်တာ ဘာလဲဆိုတာ အစိုးရအနေနဲ့ သိဖို့လိုတယ်။ တန်ဖိုးနည်းအိမ်ရာဆိုတော့ အခြေခံလူတန်းစားတွေအတွက် အနည်းဆုံးဈေးနဲ့ ဝယ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုရောင်းနေတာတွေက ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော်ဆိုတော့ အရမ်းကိုများပါတယ်။ မဖြစ်သင့်ဘူးပေါ့။ ဒီအတွက် ရည်ရွယ်ချက် ကောင်းသော်လည်း အဆင်မပြေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါပုံမြို့နယ်လို မြို့ထဲနဲ့ နီးတဲ့နေရာမှာတောင်မှ ၁၂ ပေ _ ပေ ၅၀ ရှိတဲ့ တိုက်ခန်းကို ကျပ် သိန်း ၁၀၀ ကျော်၊ ၁၅၀ လောက်နဲ့ ရနိုင်ပါတယ်။ ဒါကြောင့် ဒီဈေးနှုန်းတွေက ပြန်စဉ်းစားသင့်ပါတယ်"ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ဒီလို အိမ်ရာဈေးနှုန်းတွေနဲ့သာ ရှေ့ဆက်သွားမယ်ဆိုရင် နောက်အနှစ် ၃၀ လောက်မှာတောင် အိမ်ရာမပိုင်ဆိုင်တဲ့ ပင်စင်စားဝန်ထမ်းဟောင်းကြီးတွေ၊ လုပ်သက်ရင့်ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေ အများကြီးရှိနေဦးမည်ဖြစ်သည်။
ယင်းသို့သော အခြေအနေများကြောင့် ရန်ကုန်မြို့တွင် ကျူးကျော် ပြဿနာတိုးပွားလာသည်မှာလည်း အံ့သြလောက်စရာ မရှိပေ။ ၁၉၉၀ ပြည့်နှစ်ခန့်နှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူ အိမ်ထောင်စု ငါးဆကျော်မြင့်တက်လာခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် ၁၉ မြို့နယ်တွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ၄၀၀၀၀ ကျော်ရှိနေသည်။
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် စသော မြို့နယ်များတွင် စာရင်းကောက်ယူ သုသေတနပြုလုပ်ချက်များအရ သိရခြင်းဖြစ်ပြီး ယင်းမြို့နယ်များအနက် လှိုင်သာယာမြို့နယ်သည် ကျူးကျော်နေထိုင်သူ အများဆုံးဖြစ်ပြီး စုစုပေါင်းကျူးကျော် နေထိုင်သူဦးရေ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ ဒုတိယအများဆုံးမှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ဖြစ်ကြောင်း ကျူးကျော်များနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ဒဂုံဆိပ်ကမ်းမှာဆိုရင်လည်း ကျူးကျော် အိမ်ခြေနှစ်ဆလောက် တက်လာတယ်။ အဓိကတော့ ရန်ကုန်မြို့ကိုချဲ့ဖို့ မြို့သစ်တွေ ဖော်ထုတ်တာတွေ၊ စက်မှုဇုန်တွေ ဖော်ထုတ်လိုက်တာတွေကြောင့်လည်း ကျူးကျော်တွေ များလာတယ်။ နောက်ပြီးအစိုးရအနေနဲ့ ဝင်ငွေနည်း လူတန်းစားတွေအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာတွေ လုပ်ပေးတာ မရှိဘူး။ အခုလုပ်နေတာတွေလည်း ဝယ်ယူနိုင်စွမ်း မရှိတဲ့ အိမ်ခန်းတွေ ဖြစ်နေပြီး ဝင်ငွေနည်းသူတွေ မဝယ်နိုင်ပါဘူး။ ပြီးတော့ အိမ်ငှားခမပေးနိုင်တဲ့အတွက် ကျူးကျော်လာနေ ကြတာပါ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ကို အခြေချခဲ့ပြီးမှ ကြီးမြင့်လှသော အိမ်ဈေးနှုန်းများကြောင့် ကျူးကျော်အဖြစ် ရောက်ရှိခဲ့ပြီး မြစ်ချောင်းနံဘေး၊ အစိုးရမြေလွတ်များတွင် ကျူးကျော်နေထိုင်ရခြင်းဖြစ်ပြီး စက်မှုဇုန်များ၏ အနီးပတ်ဝန်းကျင်ရှိ ပုဂ္ဂလိကပိုင်မြေများပေါ်တွင်လည်း ကျူးကျော်နေထိုင်ရမှုများရှိနေသည်။
အချုပ်အားဖြင့်ဆိုရသော် အစိုးရအနေဖြင့် စီမံကိန်းပလပ်မြေများပေါ်တွင် အနစ်နာခံနိုင်သည့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ လုံးဝသက်သာသည့် တန်ဖိုးနည်း အိမ်ရာများအဖြစ် အကောင်အထည် ဖော်သင့်ပြီး ယင်းသို့လုပ်ဆောင်နိုင်ပါက အိမ်ရာလို အပ်မှုပြဿနာကို တစ်ဖက်တစ်လှမ်းက အထောက်အကူဖြစ်စေနိုင်လို့ ယုံကြည်မိပါသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties