By MOI Webportal Myanmar, Shweproperty.com
Updated at 21 August 2017
ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးသင့်အိမ်ရာများကို ဖော်ဆောင်လျက်ရှိရာ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီးထောင့် ရုံးထိပ်မှတ်တိုင်အနီးတွင် တည်ဆောက်လျက်ရှိသည့် ကျန်စစ်မင်းအိမ်ရာသည် လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျန်စစ်မင်းအိမ်ရာကို ဆောက်လုပ်ရေးကုမ္ပဏီများဖြင့် အပိုင်း(၁)၊ အပိုင်း(၂) ခွဲ၍ တည်ဆောက်လျက်ရှိရာ ယခုအခါ အပိုင်း(၁)အိမ်ရာများပြီးစီးလျက်ရှိသည်။ တစ်ဆက်တည်းရှိသော အပိုင်း(၂)အိမ်ရာကိုလည်း ပြီးခဲ့သည့်မေလအတွင်းက စတင် အကောင်အထည်ဖော်ခဲ့သည်။ အပိုင်း(၁)၏ စီမံကိန်းမြေဧရိယာ အကျယ်အဝန်းမှာ ၇၂ ဒသမ ၁ဝ၅ ဧကဖြစ်သည်။ အပိုင်း(၁)အိမ်ရာတွင် ခြောက်ခန်းတွဲ သုံးထပ် ၁ဝဝဝ စတုရန်းပေသုံးလုံး အခန်းပေါင်း ၅၃ ခန်း၊ လေးခန်းတွဲ ငါးထပ် ၆၅ဝ စတုရန်းပေ ၂၇ လုံး အခန်းပေါင်း ၅၄ဝ ၊ ရှစ်ခန်းတွဲငါးထပ်(၄၈၄/၅၂၂)စတုရန်းပေ ၂၁ လုံး အခန်းပေါင်း ၈၄ဝ ၊ ခြောက်ခန်းတွဲငါးထပ် ၄၆၈ စတုရန်းပေ ၁၆ လုံး အခန်းပေါင်း ၄၈ဝ နှင့် ၁၂ ခန်းတွဲငါးထပ် (RC) ၃၂၄ စတုရန်းပေ ၂၁ လုံး အခန်းပေါင်း ၁၂၆ဝ စသည်ဖြင့် စုစုပေါင်းတိုက် ၈၈ လုံးနှင့် အခန်းပေါင်း ၃၁၇၄ ခန်းကို တည်ဆောက် ထားပြီး အချို့တိုက်ခန်းများကို ဆက်လက်တည်ဆောက် လျက်ရှိသည်။
အပိုင်း(၁)နှင့်တစ်ဆက်တည်းဖြစ်သော အပိုင်း(၂)မြေဧရိယာတွင် ဆောက် လုပ်ရေးကုမ္ပဏီ ၁၈ ခုက တိုက်ခန်းပေါင်း ၇ဝ ကို တည်ဆောက်လျက်ရှိရာ မိုးရာသီ တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အခက်အခဲရှိနိုင်သော်လည်း လုပ်ငန်းခွင်ဝင် ရောက်လျက်ရှိကြသည်။ လက်ရှိတည်ဆောက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းခွင်၌ တာဝန်ယူကြီးကြပ်နေသူတို့၏ ရင်ဖွင့်စကားသံများကိုလည်း ဤသို့ ကြားသိခဲ့ရသည်။
အိမ်ရာဆောက်လုပ်ရေး တာဝန်ခံအင်ဂျင်နီယာဦးမြင့်အောင်က ''ကျွန်တော် တို့ ဖွံ့ဖြိုးအောင်ကုမ္ပဏီကဆောက်တာ ခြောက်လပိုင်းက စတာပါ။ လေးထပ်ခွဲ တိုက်ရှစ်လုံး တာဝန်ယူထားပါတယ်။ ရှော့(ပ်)ဟောက်(စ်)ပေါ့လေ။ အခုနှစ်လုံးကို စဆောက်နေပါပြီ။ ရှော့(ပ်)ဟောက်(စ်)ပုံစံမှာ ထမင်းစားခန်း၊ အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းပါမယ်၊ ရေချိုးခန်းနဲ့Toilet ပါမယ်၊ ကော်ရစ်ဒါလည်းပါမယ်။ ဒီနှစ်တည် ဆောက်ရေးလုပ်ငန်းက သဲဈေး၊ ကျောက်စရစ်ဈေးတက်တာကို ကြုံရတယ်။ သံဈေး ပါတက်လာတယ်။ကျောက်စရစ်တစ်ကျင်းကို ငွေကျပ်တစ်သိန်းနှစ်သောင်းဖြစ်သွား တယ်။ တည်ဆောက်ရေးသဲကြမ်းက တစ်ကျင်း ငွေကျပ်တစ်သောင်းခွဲနဲ့ သဲနုက တစ်ကျင်းကို ငွေကျပ်ကိုးထောင်၊ နုန်းသဲကတစ်ကျင်း ငွေကျပ်ခြောက်ထောင်ရှိတယ်။ ဒိုင်ကို သွားသယ်ရတဲ့ဈေးတွေပါ။ မိုးရွာပေမယ့် တည်ဆောက်ရေးကတော့ လုပ်လို့ရတဲ့ အပိုင်းမှန်သမျှ လုပ်ဆောင်ရပါတယ်'' ဟု ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်သော အင်းကလိုင်ကွင်းတွင် ဆေးရောင်ခြယ်သ ထားသည့် အိမ်ရာအဆောက်အအုံတို့မှာ စက်မှုမြို့၏အလှကို ပံ့ပိုးဖော်ဆောင်သည့် ပမာ မိုးဖွဲဖွဲနှင့်အတူ လှပလျက်ရှိသည်။အဆောက်အအုံများတစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည့်အတွက် သန့်ရှင်းလတ်ဆတ်သော လေကိုရှူရှိုက်ခွင့်နည်းပါးလာ သော ဤစက်မှုမြို့တွင် ဤအိမ်ရာကွင်းအတွင်း ပေါ့ပါးလန်းဆန်းစွာတိုက်ခတ်နေ သော လေပြည်လေညင်းတို့က အိမ်ရာနေထိုင်သူတို့၏ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။
မြန်မာမိတ်ကာဟုမ်း ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျာ ဦးမြင့်ထွန်းဦးက ''ဆောက်လုပ်ရေးကို မေ ၁၅ ရက်က စခဲ့တာပါ။ တိုက်သုံးလုံးတာဝန်ယူထားတာ အခုနှစ်လုံး ဆောက်နေပါပြီ။ နှစ်ခန်းတွဲ ငါးလွှာကို ဆောက်နေတာပါ။ မိုးတွင်း ကာလဆိုတော့ ဖောင်ဒေးရှင်းကို နှစ်လကြာအောင် တူးရတယ်။ ရွှံ့ နွံဆယ်လိုက် မိုးရွာလိုက်နဲ့ လူအား၊ စက်အားသုံးပြီး လုပ်ရတာ။ ဒီနေ့ထိ ကုမ္ပဏီကစိုက်သုံးတာ ငွေကျပ်သိန်းတစ်ထောင်နီးပါးရှိပြီ။ ကျွမ်းကျင်လုပ်သားရှားပါးလို့ လုပ်သားကို ထိန်းထားရတယ်။ ကျွမ်းကျင်လုပ်သားဟာ အဆောက်အအုံတိုင်းရဲ့ အသက်ပဲ။ လုပ်ခကို ၁၅ ရက်တစ်ခါရှင်းပြီး သံချည်သံကွေးခေါင်းဆောင်ကို တစ်ရက်လျှင် ငွေကျပ်တစ်သောင်းခွဲ၊ ပန်းရန်ဆရာကို ငွေကျပ်တစ်သောင်း၊ သံလက်ကိုင်ကို ငွေကျပ်တစ်သောင်း၊ အလုပ်ကြမ်းသမားကို ငွေကျပ်ရှစ်ထောင်နဲ့ ရှင်းပေးရတယ်။ ညပိုင်းမှာ အိမ်ရာဝင်းထဲကို ရဲတပ်ဖွဲ့လှည့်ကင်းရှိလို့ လုံခြုံရေးက အဆင်ပြေပါတယ်'' ဟု ပြောသည်။
ကျန်စစ်မင်းအိမ်ရာတည်ဆောက်ရေးအပိုင်း(၁)ရှိ အဆောက်အအုံများ တည်ဆောက်ဆဲကာလဖြစ်၍ မည်သည့်အဖွဲ့အစည်းကိုမှ ခွဲတမ်းချပေးခြင်း၊ ရောင်းချ ပေးခြင်းမရှိကြောင်း အသိပေးအပ်ပါသည်ဟု ကြေညာထားသည်ကိုတွေ့ရပြီး ရပ်ကွက်ရုံးဈေး၊ ဓမ္မာရုံ၊ စီမံခန့်ခွဲရေးရုံး၊ နေ့ကလေးထိန်းကျောင်း၊ ရေစက်ရုံတို့ပါရှိကာ အပိုင်း(၂)တွင် တစ်ဧကခန့်အကျယ်ရှိသည့် ဓာတ်အားခွဲရုံနှင့် ပန်းခြံပါရှိသည်။
ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၁)၊ အပိုင်း(၂)တည်ဆောက်ရေးတွင် စီမံကိန်းတာဝန်ခံများထားရှိပြီး ကျန်စစ်မင်းအိမ်ရာ၏ ဝင်ပေါက် ထွက်ပေါက် ထိပ်တွင် ကျန်စစ်သားလမ်းမကြီးရှိ၍ လမ်းမကြီးတစ်ဖက်ခြမ်းတွင် ထီးလှိုင်ရှင် အိမ်ရာရှိရာ နေအိမ်တိုက်ခန်းအချို့တွင် အိမ်ပိုင်ရှင်အချို့နှင့် အိမ်ငှားများနေထိုင် သည်ကို တွေ့ရသည်။
ထီးလှိုင်ရှင်အိမ်ရာအနောက်ဘက်ချောင်းဘေးတွင် ကျူးကျော် အိမ်ရာများ စီစီရီရီ ဆောက်လုပ်နေထိုင်သည်ကိုလည်း တွေ့ရသည်။ အိမ်ရာနှစ်ခု ကို ကျန်စစ်သားလမ်းမကြီးက ပိုင်းခြားထားပြီး ရန်ကုန်-ညောင်တုန်းကားလမ်းမကြီး အနီးတွင် တည်ရှိသည့်အတွက် အောင်ဇေယျကြိုးတံတားမှဖြတ်၍ အင်းစိန် မြို့နယ်သို့ သွားလာနိုင်သည့်အပြင် ရန်ကုန်-ပုသိမ်လမ်းမကြီးကိုလည်း ဘုရားလမ်းမှ ဖြတ်ကာ ဘုရင့်နောင် အမှတ်(၁)၊ အမှတ်(၂)တံတားမှ သမိုင်းလမ်းဆုံသို့သွား လာနိုင်သောကြောင့် ကျန်စစ်မင်းအိမ်ရာသည် သွားလာရေး အဆင်ပြေချောမွေ့ သော အိမ်ရာဖြစ်သည်။ ထို့အပြင် ကျန်စစ်သားလမ်းမကြီးအတိုင်း ရွှေပြည်သာ တံတားကိုဖြတ်၍ တညင်းကုန်းလမ်းစုံနှင့် မင်္ဂလာဒုံမြို့နယ်သို့လည်း လွယ်ကူစွာ သွားလာနိုင်သောနေရာလည်း ဖြစ်သည်။
လှိုင်သာယာသည် ဧရာဝတီတိုင်းဒေသကြီးအတွက် တံခါးပေါက်ဖြစ်သည့် အပြင် မြန်မာပြည်၏ အကြီးမားဆုံးစက်မှုဇုန်တည်ရှိရာ မြို့နယ်ဖြစ်၍ မြို့ခံလူထုနှင့် ရွှေ့ပြောင်းနေထိုင်သူတို့ဖြင့် စည်ကားသောမြို့နယ်ဖြစ်သည်။ မြေရာကျူးကျော် နေထိုင်မှုအများဆုံးရှိရာမြို့နယ်ဖြစ်၍ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ပါက မြေရာပြဿနာဖြေလျော့စေမည့်အပြင် မှုခင်းဖြစ်ပွားမှုကို သိသာစွာလျော့ကျ စေမည်ဖြစ်သည်။
ယခုတည်ဆောက်နေသော ကျန်စစ်မင်းအိမ်ရာတွင်လည်း အိမ်ရာလျှောက် ထားသူများကိုယ်တိုင် နေထိုင်ခြင်းမရှိဘဲ စက်ရုံအလုပ်သမားများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် ရွှေ့ပြောင်းနေထိုင်သူတို့ကိုသာ ပြန်လည်ငှားရမ်း ပါက အိမ်ရာအဆောက်အအုံနှင့်ပတ်ဝန်းကျင်ဧရိယာများ ပျက်စီးလာပြီး အိမ်ရာ ၏အင်္ဂါကိုပါ ထိခိုက်လာမည်ဖြစ်ရာ အမှန်တကယ် အိမ်ရာလိုအပ်သော ပြည်သူ များသာနေထိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဝန်ထမ်းလစာဖြင့် အိမ်တစ်ခန်းပိုင်ဆိုင် နိုင်ရန် သင့်လျော်သောဈေးနှုန်း၊ အရစ်ကျဖြင့်လည်းကောင်း ၊ အခြေခံပြည်သူတို့ ဝယ်ယူနိုင်သောဈေးနှုန်းဖြင့် အမှန်တကယ် နေထိုင်သူတို့အတွက် ဆောင်ရွက်ပေး ခြင်းဖြင့်လည်းကောင်း မြို့ပြ၏မွန်းကျပ်မှုကို ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
Ref & Photo Credit : MOI Webportal Myanmar
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties