By Irrawaddy News, Shweproperty.com
Updated at 5 October 2015
Photo Credit : Myanmarvpile.com
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြများ၌ တန်ဖိုးသင့် လူနေအိမ်ရာ လိုအပ်ချက်နှင့်အတူ ထိုအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာ လိုအပ်ချက်သည် ရေရှည်ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဒုညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။
“ရေရှည်မှာဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတော့ ဒေသအစိုးရကလည်း သူ့ရဲ့ Responsibility(တာဝန်ယူမှု) အနေနဲ့ မြေကို လျာထားပေးရမယ်။ ဗဟိုအစိုးရကလည်း လိုအပ်တဲ့မြေနေရာတွေကို ပြန်သိမ်းယူနိုင်ရမယ်။
မြို့ထဲမှာဆို လွတ်လပ်လမ်းတွေ အများကြီးပဲ။ Land Use (မြေအသုံးချမှု)ကို သေသေချာချာ မသုံးထားဘဲနဲ့ အဆောက်အအုံတချို့ မည်ကာမတ္တ အဆောက်အအုံလေး ဆောက်ပြီး တချို့က ပစ်ထားတဲ့ ဟာမျိုးတွေ။ ဒီလိုမြေမျိုးကို ပြန်ပြီးသိမ်းယူနိုင်ခွင့် ရှိရမယ်။ သိမ်းယူနိုင်ခွင့် ရှိတဲ့အပြင် အဲဒီအပေါ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်တဲ့ အခါမှာ တန်ဖိုးသင့်တင့်တဲ့ အိမ်ရာတွေ ပါရမယ်။ ဒီနည်းနဲ့ ဖြေရှင်းမှ ရေရှည်မှာ ရှင်းလို့ရပါမယ်”ဟု ဒေါ်မိုးသီတာက ပြောဆိုသည်။
လက်ရှိအချိန်၌ အစိုးရ၏ အရံမြေ (Reserve Land) အဖြစ် ထားရှိသည့် မြေနေရာများသည် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တင့် အိမ်ရာများ ဆောက်လုပ်ရန်အတွက် ရှားပါးနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏
အိမ်ရာလိုအပ်ချက်သည်လူဦးရေတိုးနှုန်းနှင့် နှိုင်းယှဉ်ပါက နှစ်စဉ်တစ်နှစ်လျှင် ၇ သိန်းဝန်းကျင် ရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်အား ဝင်ရောက်နိုင်ရေးသည် မြေဈေးကြီးမြင့်မှုနှင့်ထပ်တူ အခက်အခဲရှိနေမှုနှင့်ပတ်သက်ပြီး မြနန္ဒာ ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးလင်းက “တန်ဖိုးနည်းဖို့ ဆိုတာကြီးက မြေအလကားရမှပဲရမှာ၊ ရန်ကုန်မှာက မြေဈေးကြီးနေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိကကတော့ မြေရာခန့်ခွဲတဲ့ အပိုင်းမှာ အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို မြေအလကား ပေးပြီးတော့မှ square feet လည်း သင့်တင့်သလောက်ပေါ့။ square feet ကျယ်မယ်ဆိုလည်း မလုပ်နိုင်ဘူး။ ဒါတွေက လုပ်ငန်းရှင်တွေကြီးပဲ၊ Risk(စွန့်စားမှု) ယူပြီး လုပ်လို့မရဘူးပေ့ါ။
အစိုးရက ပံ့ပိုးမှု အများကြီး လိုပါတယ်”ဟု ပြောသည်။ ယခုအချိန်တွင် ဆောက်လုပ်နေသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုနေကြသူများသည် ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်ကြပြီး နိုင်ငံခြားသားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဒေါ်မိုးသီတာက ပြောဆိုသည်။
တန်ဖိုးနည်း အိမ်ရာများနှင့် တန်ဖိုးသင့်တင့် အိမ်ရာများအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ ဝင်လာစေရန် ဖိတ်ခေါ်နေသော်လည်း လက်ရှိ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများအခြေအနေသည်ရပ်တန့်သလောက်နီးပါး ဖြစ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြောဆိုကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းများ၌ ယခင်က တိုက်ခန်းများ ဆောက်လုပ်သည့်အခါ ကြိုပွိုင့်ရောင်းရခြင်းမှ ၅၀ ရာခိုင်နှုန်း အထက်ထိ အရင်းနှီးရခဲ့သော်လည်း ယခုအချိန်တွင် ကြိုပွိုင့်ရောင်းရချမှုမှ ၂၅ ရာခိုင်နှုန်းရဖို့ပင် မလွယ်ကူတော့သည့် အခြေအနေဖြစ်ကြောင်း၊ အရင်းအနှီး မြန်မြန်ရရှိရန်အတွက် ဈေးကွက်တွင် လျှော့၍ရောင်းချနေရသည့်အခြေအနေ ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။
Ref : Irrawaddy News
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties