By Myanmar Times, Shweproperty.com
Updated at 10 June 2015
မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တန်ဖိုးမျှတအိမ်ရာများကို (၂၀၁၂) ခုနှစ် နောက်ပိုင်းတွင် စတင်ဆောက်လုပ်နေသော်လည်း ရန်ကုန်မြို့ ၏ တိုးတက်လာသည့် လူဦးရေအရ တန်ဖိုး နည်းနှင့် တန်ဖိုးမျှတ အိမ်ရာများမှာ အများ အပြားလိုအပ်နေသေးကြောင်း ဆောက်လုပ် ရေးကဏ္ဍ ကျွမ်းကျင်သူများက ပြောသည်။
ရန်ကုန်မြို့၏ လူဦးရေသည် ငါးသန်းကျော် ရှိပြီး နှစ်စဉ် ရွှေ့ပြောင်းနေထိုင်သူများ (၆) ဒသမ (၆) ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကာ ထိုရွှေ့ပြောင်းနေထိုင်သူများနှင့် အိမ်ရာမဲ့များအတွက် တန်ဖိုးသင့်တင့်သော အိမ်ရာများမှာလည်း လိုအပ်လျက်ရှိသည်။ လက်ရှိတွင် ရန်ကုန်မြို့အတွက် အစိုးရ ဌာနများက ဆောက်လုပ်ပေးလျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း (၁၇,၀၀၀) ခန့်သာ ရှိသေးသည့် အတွက် များစွာ လိုအပ်နေသေးကြောင်း System Engineering ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့်မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအ သင်းအဖွဲ့ဝင် ဦးကျော်ကျော်စိုးက ပြောသည်။"ရန်ကုန်မြို့မှာ လူဦးရေတဖြည်းဖြည်းများလာပြီး သူတို့အတွက် နေစရာက အခုထိ ရှားနေတုန်းပဲ။နှစ်စဉ် တိုးလာတဲ့လူဦးရေ က (၆) ဒသမ (၆) ရာခိုင်နှုန်းဆိုတော့ (၃၃၀,၀၀၀) လောက်ရှိတယ်။ အများစုအတွက်က ဒီက အိမ်ခြံမြေဈေးနှုန်းနဲ့ လွယ်လွယ်ကူကူ အိမ်ခန်း ဝယ်ပြီး မနေနိုင်ကြဘူး။ အစိုးရက ဆောက်ပေး နေပါပြီဆိုတဲ့ တန်ဖိုးမျှတတွေ၊ တန်ဖိုးနည်းအိမ်ခန်းတွေကလည်းမလုံလောက်သေးဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
ထို့ပြင် အခြားပြည်နယ်နှင့် တိုင်းများမှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းအခြေချသူများ အတွက် တန်ဖိုးနည်း အိမ်ရာများ လိုအပ်နေ သေးပြီး ဆောက်လုပ်ရောင်းချသော အခန်း များမှာလည်း စတင်ရောင်းချချိန်တွင် တစ်ခန်း လျှင် ကျပ် သိန်း (၃၀၀) ခန့်ရှိသောကြောင့် ထိုတန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူရန် ခက်ခဲလျက်ရှိသည်။ "အခုနောက်ပိုင်းဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတွေက သိန်း (၁၀၀) ကျော်လောက်ပဲ ရှိတော့ပေမယ့် တကယ်အိမ်ရာလိုအပ်နေတဲ့ သူတွေလက်ထဲ မရောက်သေးဘူး။ အခန်း အရေအတွက် နည်းသလို မဲစနစ်နဲ့ရောင်းပြီး မဲပေါက်တဲ့သူတွေက ပြန်ရောင်းလို့ တန်ဖိုး နည်းအိမ်ရာတွေက တန်ဖိုးမနည်းအိမ်ရာ တွေ ဖြစ်ကုန်တယ်"ဟု အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့အတွက် လိုအပ်ချက်များပြားလျက်ရှိသည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများကို အစိုးရအပြင် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆောက်လုပ်ရန် ကြိုးစားသော်လည်း မြေဈေး နှုန်းနှင့် အခြေခံအဆောက်အအုံ အားနည်းချက်များကြောင့် မလွယ်ကူကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ "တန်ဖိုးနည်းအိမ်ရာ ဆောက်မယ်ဆိုရင် မြေတန်ဖိုး ထည့်တွက်လိုက်တာနဲ တန်ဖိုး မနည်းတော့ဘူး။ နောက်ပြီး ဆောက်မယ့် နေရာမှာ အခြေခံအဆောက်အအုံတွေကအားနည်းနေရင် အဲဒီအတွက် တန်ဖိုးတွေ တက်လာမယ်။ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ယောက်အတွက် တန်ဖိုးနည်း ဒါမှ မဟုတ် တန်ဖိုးမျှတဆောက်ဖို့ဆိုတာ မလွယ် ဘူး" ဟုဦးကျော်ကျော်စိုးက ပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရောင်းချပါက အခန်းများ၏ဈေးနှုန်းသည် တစ်စတုရန်းပေလျှင် အနိမ့်ဆုံး ကျပ် နှစ်သောင်းခန့်သာ ရှိသင့်သည့်အတွက် လုပ်ငန်း ရှင်များ အမှန်တကယ် ဆောက်လုပ်ပါကမြေဈေးနှုန်းများနှင့် အခြားလိုအပ်ချက်များ ထည့်တွက်ဆောက်လုပ်လျှင် ထိုပမာဏထက်ပိုမိုများပြားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ "တစ်စတုရန်းပေ ဈေးနှုန်းမြင့်ရင် လုပ်ငန်းရှင်တွေဘက်က ပြန်ရောင်းတဲ့အခါ ကြိုပွိုင့်ဆိုရင်တောင် ဝယ်တဲ့သူတွေဘက်က အနည်းဆုံး (၄၀) ရာခိုင်နှုန်းလောက် ငွေအရင်သွင်းထားမှ အဆင်ပြေမှာ။ အဲဒီတော့ ဘယ်လို မှ ရောင်းဈေးက နည်းတော့မှာ မဟုတ်ဘူး။ ဝယ်တဲ့သူတွေဘက်ကလည်း ငွေကြေး ချမ်းသာတဲ့သူမဟုတ်တဲ့အတွက် တတ်နိုင် မှာ မဟုတ်ဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေ ဘက်ကလည်း တစ်ဦတည်းရင်းနှီးမြှုပ်နှံဖို့ ထက် အစိုးရဘက်ကပါ မြေဖြစ်ဖြစ်ပူးပေါင်း ပေးမယ်ဆိုရင် ပိုအဆင်ပြေနိုင်မယ်"ဟု ၎င်းက ပြောသည်။
တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ ရာ လုပ်ကိုင်လို သူများက လျှောက်ထား သော်လည်း အချိန် ကြာမြင့်သည့်တိုင် အကြောင်းမပြန်သောကြောင့် တန်ဖိုးနည်း အိမ်ရာ တည်ဆောက်လိုသည့် လုပ်ငန်းရှင် များ အခက်အခဲကြုံတွေ့ရသည်ဟု မြတ်မင်းဆောက်လုပ်ရေးလုပ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းက ပြောသည်။ "တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့ အစိုးရသတင်းစာထဲမှာ တင်ဒါတွေခေါ်ပေ မယ့် တင်ဒါနဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့ သူတွေကို တစ်ခါမှ အကြောင်းမပြန်ဘူး။ ကျွန်တော်ဆိုရင်(၃) ကြိမ်လောက် တင်ဒါလျှောက်ဖူးပေမယ့် တစ်ခါမှ အကြောင်း ပြန် တာ မကြုံဖူးဘူး။ တကယ်ဆိုရင် တင်ဒါအောင်သွားတဲ့ သူတွေကို သတင်းစာထဲမှာ ပြန်ကြေညာပေးသင့်တယ်"ဟု ဦးအောင်မင်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးကျော်ကျော်စိုးကလည်း "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရန်ကုန်မြို့တော် စည်ပင်သာယာက မြောက်ဒဂုံအစွန်ဘက်က မြေဧက (၄၀) ပေါ်မှာ တန်ဖိုးနည်း အိမ်ရာ ဆောက်ဖို့ တင်ဒါခေါ်ခဲ့တယ်။ တင်ဒါအတွက် ကြိုတင်ငွေသိန်းငါးဆယ်ကို ပေးရတယ်။ ဒါပေမဲ့ ခုချိန်ထိ ဘာမှအကြောင်းမပြန်တော့ ပေးထားတဲ့ ကြိုတင်ငွေကိုတောင် မနည်း ပြန်တောင်းယူရတယ်"ဟု ပြောသည်။
ထို့ပြင် တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ရန် လုပ်ငန်းရှင်များ တွေ့ကြုံရသော နောက်ထပ် အခက်အခဲတစ်ခုမှာ ချေးငွေရယူခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အိမ်ဝယ်ယူခြင်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အတိုးနှုန်းနည်းနည်းနှင့် နှစ်ရှည်ငွေချေးပေး သည့် ဘဏ်များ၊ အဖွဲ့အစည်းများ မရှိသေး ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ "ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် ငွေချေးပေးဖို့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဆောက်လုပ်ရေးနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်တစ်ခုဖွင့် ထားပေမယ့် အတိုးနှုန်း အရမ်းမြင့်နေသေးပြီး နှစ်ရှည်လည်း မချေးပေးနိုင် သေးဘူး။ အိမ်ဝယ်မယ့် သူတွေကို အတိုးနှုန်း နည်းနည်းနဲ့ ချေးပေးနေပေမယ့် အစိုးရက ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ ကိုဝယ်ဖို့ ပဲ နှစ်တိုချေးပေးတယ်။ ပုဂ္ဂလိကဆောက်လုပ် ရေး လုပ်ငန်းရှင်တွေ ဆောက်လုပ်တဲ့ တိုက်ခန်း တွေအတွက် မချေးပေးသေးဘူး"ဟု ဦးကျော်ကျော်စိုးက ပြောသည်။
တိုက်ခန်း ဝယ်ယူလိုသူများအတွက် နှစ်ရှည် (နှစ်၃၀) ငွေချေးပေးနိုင်မည့် ဘဏ် စနစ်ရှိပါက ဝယ်ယူသူများ ငွေပြန်ဆပ်ရသည့် အခါတွင် အငှားစရိတ်ခန့်သာ ရှိမည်ဖြစ်သည့် အတွက် လူတိုင်းဝယ်ယူနိုင်မည့် အခွင့်အရေး များ ရှိလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။ အဆိုပါ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနက (၂၀၁၃) ခုနှစ်၊ ဇူလိုင်လ တွင် အမှန်တကယ် နေထိုင်ရန်လိုအပ်သူများ အတွက် အိမ်၊ တိုက်ခန်းများ ဝယ်ယူခြင်းနှင့် ဆောက်လုပ်ခြင်းများအတွက် အတိုးနှုန်း နည်း နှစ်ရှည်ငွေချေးပေးရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်ထိ နှစ်ရှည်ငွေထုတ်ပေးနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် စင်ကာပူနိုင်ငံ အခြေစိုက် ဆာဗာနား (Surbana) နိုင်ငံတကာအိမ်ခြံမြေလုပ်ငန်း အကြံပေး ကုမ္ပဏီ အကြီးတန်းဒုဥက္ကဋ္ဌ Ms.GidgetelenaOng က "စင်ကာပူနိုင်ငံမှာ ဆို နိုင်ငံသားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ဖို့အရမ်းကိုလွယ်တယ်။ စင်ကာပူ အစိုးရက အိမ်ဝယ်ချင်တဲ့ နိုင်ငံသားတိုင်းရဲ့ လစာထဲကနေ (၂၀) ရာခိုင်နှုန်းကို အိမ်တန်ဖိုး ကျေတဲ့အထိ လစဉ်ယူပြီး အိမ်ဝယ်ဖို့အခွင့် အရေးပေးတယ်။ ဒီနိုင်ငံမှာက အဲဒီလိုလုပ် ပေးမယ့် အစိုးရအဖွဲ့ရော၊ ပုဂ္ဂလိကအဖွဲ့ အစည်းပါ မရှိဘူး။ ပြီးတော့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတအိမ်ရာတွေကလည်း ဈေးတွေ မြင့်နေသေးတယ်" ဟု ပြောသည်။ အိုးအိမ်ဦးစီးဌာနက ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံရှိ မြို့ကြီးများ၌ စတင် ဆောက်လုပ်ရန်လျာထားသော တန်ဖိုးမျှတ အိမ်ရာစီမံကိန်း (၁၀) ခု၊ အခန်းပေါင်း (၁၈,၀၀၀) ခန့်ကို ငွေ ကျပ် (၁၀၀) ဘီလျံခန့် အကုန်ကျခံ တည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့ တွင် စီမံကိန်း ခုနစ်ခုကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနက ကြေညာထားပြီးဖြစ်သည်။
အဆိုပါ စီမံကိန်းများအနက် တန်ဖိုး နည်း အခန်းပေါင်း ၁၀,၀၀၀ ကျော်မှာ ဒဂုံ ဆိပ်ကမ်းမြို့တွင် တည်ဆောက်မည ်ဖြစ်ပြီး အခန်းပေါင်း (၂,၅၉၂) ခန်းကို မင်္ဂလာဒုံမြို့နယ်၊ ၁,၄၄၀ ခန်းကို သန်လျင်မြို့နယ်၊ (၃၈၄) ခန်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် နှင့် (၂၄၀) ခန်းကို သင်္ဃန်းကျွန်းမြို့နယ်တို့ တွင် တည်ဆောက်မည်ဖြစ်သည်။
Ref : Mynmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties