By Myanmar Times, Shweproperty.com
Updated at 27 October 2015
ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) အတွင်း ဆောက် လုပ်လျက်ရှိသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း တိုက်ခန်းများတွင်နေထိုင်မည့်ပြည်သူများအတွက် လိုအပ်သည့် သောက်ရေ၊ သုံးရေများ ရရှိစေရန် အာမခံချက်များ မပေး နိုင်သေးသည့် အခြေအနေကြောင့် ယာယီ အနေဖြင့် အဝီစိတွင်းများတူးကာ မြေအောက် ရေထုတ်ယူ သုံးစွဲပြီး၊ ရေပေးဝေသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်ကပြောသည်။
"ရန်ကုန်မှာရှိတဲ့ ပရောဂျက်တိုင်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေရရှိဖို့ လုပ်နေရတယ်။ ၂၀၁၈ လောက်ကျမှ စည်ပင်က အပြည့် အ၀ ရေပေးနိုင်မှာဖြစ်လို့ ၂၀၁၈ မတိုင်ခင် ဆောက်တဲ့ စီမံကိန်းတွေအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေရရှိဖို့ ဖြေရှင်းနေရပါ တယ်။ ဧရာဝဏ်နဲ့ ရတနာဆိုရင် အခန်းပေါင်း နှစ်သောင်းလောက်ရှိတယ်။ နေမယ့်သူ လူဦး ရေ တစ်သိန်းလောက်အတွက်တောင် ရေရရှိဖို့အာမခံချက် မရှိသေးဘူး။ ယာယီ အနေနဲ့ အဝီစိတွင်းတူးပြီး ဖြေရှင်းရမှာဖြစ်ပေမယ့် ပဲခူးမြစ်နဲ့နီးနေတော့ ထွက်လာမယ့်ရေရဲ့အရည်အသွေးအပြင် ရေကြောပြတ်တာတို့ ရှိလာနိုင်တဲ့အတွက် ရန်ကုန်မှာ ရေနဲ့ပတ်သက် ပြီး စိုးရိမ်ရပါတယ်" ဟု ၎င်းကပြောသည်။
၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ တာကာလအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အများပြည်သူအတွက် အိမ်ရာ ယူနစ်ပေါင်း တစ်သန်းကို မြို့ပေါင်း ၈၁ မြို့တွင် ဖော်ထုတ်သွားရန် ရည်မှန်းထားသည်။ အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ရေရရှိမှုနှင့် ပတ်သက်ပြီး ဒေါ်အေးအေးမြင့်က ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ယင်းစီမံကိန်း နှစ်ခုအတွက် ဆောက်လုပ် ရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ ၃၁ ခုတို့ပူးပေါင်းကာ ၂၀၁၃ ခုနှစ် က စတင်ဆောက်လုပ်ခဲ့ပြီး ၁၈ ထပ်အမြင့် အဆောက်အအုံ ၄၉ လုံးမှ အိမ်ခန်းပေါင်း ၁၉,၆၀၀ ထွက်ရှိအောင် ဆောက်လုပ်သွား မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ပထမအဆင့် အဖြစ် အိမ်ခန်းပေါင်း ၆,၀၀၀ ကိုအများ ပြည်သူတို့ကို စတင်ရောင်းချသွားရန် ရည် ရွယ်ထားပြီး အခန်းတစ်ခန်းလျင် ၆၀၀ စတုရန်းပေ ကျယ်ဝန်းကာ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ နှင့် ၇၀၀ ဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ လမ်းများ၊ ဆေးရုံ၊ ကျောင်း၊ ဈေး၊ ပန်းခြံ များ၊ ကားဂိတ်များ ပါဝင်ထည့်သွင်း တည်ဆောက်ထားသည့် ယင်းအိမ်ရာစီမံကိန်း နှစ်ခုတွင် နေထိုင်မည့် ပြည်သူများ အတွက် လျှပ်စစ်မီးရရှိရန် အခက်အခဲမရှိသော်လည်း ရေရရှိနိုင်ရေးအတွက်ကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရေဖြန့်ဖြူး ပေးနိုင်ခြင်း မရှိသေးသဖြင့် မြေအောက်ရေ ထုတ်ယူသုံးစွဲကာ ရေရရှိရေးအတွက် ဖြေရှင်း ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ယင်းအိမ်ရာစီမံကိန်းနှစ်ခု အနီးကပ်လျက် တည်ရှိနေသည့် လူနေထူထပ်သည့် တန်ဖိုး နည်း အိမ်ရာစီမံကိန်းများဖြစ်သည့် ယုဇန ဥယျာဉ်မြို့တော်အိမ်ရာ၊ စစ်တောင်းအိမ်ရာ စီမံကိန်းများတွင် နေထိုင်သည့် ပြည်သူများ အတွက်သက်ဆိုင်ရာ ကုမ္ပဏီများက အဝီစိတွင်းများ တူးကာ ခေတ်အဆက်ဆက်တွင် ရေပြဿနာများကို ဖြေရှင်းပေးနေသော် လည်း ပဲခူးမြစ်နှင့် လွန်စွာနီးကပ်နေခြင်း၊ ထွတ်ရှိ လာသည့် မြေအောက်ရေများမှာလည်း သောက်သုံးရန် ခက်ခဲသည့် အရည်အသွေး ရှိသည့် အတွက်ကြောင့် အခြားသော ရပ်ကွက် များက လာရောက်ရောင်းချသည့် ရေများကို ဝယ်ယူသောက်သုံးနေရသည့်အပြင်အဝီစိတွင်းရေများမှာလည်း ချိုးရေအဖြစ်သာ အသုံးပြု၍ရကြောင်း ယုဇနဥယျာဉ်မြို့တော် Block B တွင် နေထိုင်သည့် ဦးဝင်းမြင့် က ပြောသည်။ "ကျွန်တော်တို့ စည်ပင်ဆီက ပိုက်နဲ့ရေရ တာ သုံးလလောက်ပဲရှိသေးလို့ အခုမှ အသက် ရှူချောင်တယ်လို့ ပြောရမယ်၊ နေလာ တာ ၁၉၉၈ ခုနှစ်ကတည်းကပါ၊ ကျွန်တော်တို့ ယုဇနကော၊ စစ်တောင်းအိမ်ရာဘက်မှာ ကော အဲဒီနေရာတစ်ခုလုံးမှာ အဝီစိတွင်းရေ က ထုံးဓာတ်များလို့ ချိုးဖို့ပဲရတယ်။ အဲဒီ တစ်ကြောလုံးမှာ သောက်လို့ရတဲ့ အဝီစိတွင်း ရေကိုမကြားဖူးပါဘူး"ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် လှော်ကား၊ ဖူးကြီး ၊ ငမိုးရိပ်နှင့် လဂွမ်း ပြင် ရေပေးဝေရေး စီမံကိန်းများမှ နေ့စဉ် ရေဂါလန် သန်းပေါင်း ၂၀၀ ခန့်ဖြန့်ဖြူးပေးနေ သော်လည်း အလုံအလောက်ဖြန့်ဖြူးပေး နိုင်ခြင်း မရှိသေးဘဲ မြို့နေလူဦရေ၏ သုံးပုံ တစ်ပုံခန့် စည်ပင်မှ ဖြန့်ဖြူးပေးနေသည်။
လုံလောက်အောင်ရေရရှိခြင်းမရှိသေးသည့် အခြေအနေကြောင့်လည်း ရေပေးဝေရေး စီမံကိန်းသစ်များကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထပ်မံတည်ဆောက် လျက်ရှိနေသည်။ "လဂွမ်းပြင်ရေပေးဝေရေး စီမံကိန်းပြီးရင် တော့ နောက်ထပ် ရေဂါလန် သန်း ၄၀ ထပ်ပြီး ပေးဝေနိုင်မှာပါ၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ရပ်ကွက်တွေ၊ အိမ်ရာတွေကိုပါ ရေပေးဝေနိုင် တော့မှာပါ "ဟု ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး၏ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က တင်ပြခဲ့သည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties