By Su Pyae Sone, Shweproperty.com
Updated at 24 July 2017
ကျွန်မတို့လို သာမာန်လူတွေအတွက် အိမ်တစ်လုံးပိုင်ဆိုင်ရေးဟာ လက်လှမ်းမမီနိုင်တဲ့ အိပ်မက်လိုဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံဖြိုးရေးဘဏ် (CHD ဘဏ်)က အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနခွဲနဲ့ ပူးပေါင်းပြီး သာမာန်လူတန်းစားအားလုံး အိမ်ဝယ်နိုင်အောင် အိမ်ရာတွေ ဆောက်နေတယ်။ အစိုးရကဆောက်တဲ့အိမ်ရာတွေမှာ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးနိုင်တာနဲ့ ဘဏ်ဆီက ချေးငွေယူပြီး တဖြည်းဖြည်းဖဲ့ဆပ်ရင်း အိမ်တစ်လုံးပိုင်နိုင်တော့မှာပါ။ ဒီတော့ တန်ဖိုးနည်းအိမ်လျှောက်ချင်သူတွေ ဘယ်လိုလျှောက်ရသလဲဆိုတာ ကိုယ်တိုင်လျှောက်ခဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အဆင့်ဆင့်မျှဝေချင်ပါတယ်။
၁။ အရင်ဆုံး ဘာလုပ်ရမလဲ
၂။ ငွေ ဘယ်လိုစုရမလဲ
၃။ ငွေဘယ်လောက်စုရမလဲ
၄။ ဝယ်ဖို့ ဘယ်လိုအထောက်အထားတွေလိုသလဲ
၅။ ဘယ်နေရာကို ဝယ်မလဲ
၆။ အိမ်ရဲ့အကျယ်အဝန်းနဲ့ ပုံစံ
၇။ ဖောင်ဘယ်လိုတင်ရမလဲ
၈။ ဘယ်ကိုစုံစမ်းရမလဲ
အခုမှ အိမ်ရာလျှောက်မယ့်သူတွေ အရင်ဆုံးလုပ်ရမှာက CHD ဘဏ်မှာ စာရင်းဖွင့်ပြီး ငွေစုရမှာပါ။ ဗိုလ်ချုပ်လမ်းပေါ် ၄၆ လမ်းမှတ်တိုင်နားက CHD ဘဏ်နဲ့ ရွှေတိဂုံဘုရားလမ်း CHD ဘဏ်တို့မှာ မှတ်ပုံတင်ကတ်၊ ငွေတစ်ထောင်နဲ့အတူ စာရင်းဖွင့်နိုင်ပြီး အကောင့်ထဲမှာ ငွေတစ်သောင်းကစပြီး စုဆောင်းနိုင်ပါပြီ။
အတိုးက တခြားဘဏ်တွေအတိုင်း 8.5 % ပေးပါတယ်။ အဲဒီငွေကို အိမ်အတွက် ထုတ်မသုံးမချင်း အတိုးရနေမှာပါ။ တစ်ခုရှိတာက ဒီငွေက အိမ်အတွက် ရည်စူးထားတဲ့ငွေမို့လို့ လစဉ်ပုံမှန်ငွေထည့်သွားတာ ပိုကောင်းပြီး ငွေလိုရင် ဘဏ်ထဲက ပြန်ထုတ်လို့ရပေမယ့် အပ်နှံသူအပေါ်ယုံကြည်စိတ်ချမှု ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ ဒီတော့ ထည့်ပြီးရင် ပြန်မထုတ်တာ အကောင်းဆုံးပေါ့။
တန်ဖိုးနည်းအိမ်တစ်လုံးရဲ့ ပျမ်းမျှတန်ဖိုးက သိန်း တစ်ရာပတ်ဝန်းကျင်ရှိတဲ့အတွက် ၃၀ ရာခိုင်နှုန်းပြည့်အောင် စုဆောင်းရပါမယ်။ ဒီတော့ ဘဏ်အကောင့်ထဲမှာ သိန်း ၃၀ ကျော်ရှိတာနဲ့ အိမ်ဝယ်လို့ရပါပြီ။ ၃၀ ရာခိုင်နှုန်းပြည့်တဲ့သူတွေကို အိုးအိမ်က စာရင်းကပ်ပေးပါတယ်။ ကိုယ့်နာမည်ပါမပါ အိုးအိမ်ရုံးမှာ သွားကြည့်ပါ။ နာမည်ပါပြီဆိုရင် အိုးအိမ်က ဖောင်ရောင်းတာနဲ့ ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း အထောက်အထားတွေ ပေးပြီး အိမ်လျှောက်လို့ပါပြီ။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဘဏ်က ၁၀ နှစ်အတိုင်းအတာနဲ့ချေးပေးပါတယ်။ အတုးိက တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းပေးရပါတယ်။ ဒီတော့ ၃၀ ရာခိုင်နှုန်းပြည့်သူဟာ အိမ်ပေါ်တက်နေလို့ရပြီး တစ်လကို တစ်သိန်းစွန်းစွန်းနဲ့ ၁၀ နှစ်သွင်းရင် တိုက်ခန်းကို အပိုင်ရပါပြီ။
ဒီနေရာမှာ ၄ မျိုးခွဲထားပါတယ်။ ဝင်ငွေနည်းပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတို့ပါ။ ၄ မျိုးစလုံးက ဘဏ်စာအုပ်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာယူသွားရပါတယ်။ ဝင်ငွေနည်းပြည်သူတွေဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ဟာ တစ်လကို သုံးသိန်းနဲ့ငါးသိန်းကြားရှိကြောင်း လုပ်ငန်းဝင်ငွေအထောက်အထားယူသွားရမယ်။ ကုမ္ပဏီဝန်ထမ်းနဲ့အစိုးရဝန်ထမ်းဆို တစ်လသုံးသိန်းနဲ့ငါးသိန်းကြားရှိကြောင်း အထက်လူကြီးရဲ့ ထောက်ခံချက်ယူရမယ်။ အငြိမ်းစားဝန်ထမ်းဆို ပင်စင်ထောက်ခံချက်ပါရမယ်။ ဝန်ထမ်းတွေက ဝန်ထမ်းကတ်ကိုလည်း မိတ္တူဆွဲသွားရပါမယ်။ ကိုယ်တစ်ဦးတည်းဝင်ငွေက သုံးသိန်းနဲ့ငါးသိန်းကြား မပြည့်ရင် မိသားစုဝင်တွေရဲ့ ဝင်ငွေကိုပါ ထည့်ဖော်ပြလို့ရပါတယ်။
အစိုးရက လှိုင်သာယာ ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင်အိမ်ရာတွေကို လက်ရှိရောင်းနေပါတယ်။ မန္တလေးမှာဆိုရင် မြရည်နန္ဒာရှိပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့နေရာကို ဝယ်ယူနိုင်ပါတယ်။ အခုနောက်ပိုင်းဆောက်နေတဲ့ လှိုင်သာယာကျန်စစ်မင်းအိမ်ရာက ကားလမ်းနဲ့နီးလို့ လူတွေ စိတ်ဝင်စားမှု များပါတယ်။ အဲဒါကိုတော့ မရောင်းသေးပါဘူး။ လက်ရှိမှာ ယုဇနတချို့နေရာတွေ ရေ၊ မီးမရသေးပေမယ့် ရှစ်လပိုင်းလလယ်လောက် ရတော့မယ်လို့ ကြေညာထားပါတယ်။
အိမ်တွေက ရှစ်ခန်းတွဲလေးထပ်နဲ့ ခြောက်ခန်းတွဲလေးထပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အိမ်ရာအားလုံး ပုံစံတူပါပဲ။ အကျယ်အဝန်းကတော့ ၅၂၂ စတုရန်းပေနဲ့ ၄၈၄ စတုရန်းပေပတ်ဝန်းကျင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ခြောက်ခန်းတွဲလား၊ ရှစ်ခန်းတွဲလား၊ လှေကားပါတဲ့အခြမ်းယူမလား၊ မပါတဲ့အခြမ်းယူမလားပေါ်မူတည်ပြီး အကျယ်အဝန်းကွာခြားမှုတွေ ရှိပါတယ်။ အကျယ်အဝန်းအတိအကျကို CHD ဘဏ်တွေမှာ ကပ်ထားပါတယ်။ အိမ်တွေရဲ့တန်ဖိုးက မြေညီထပ်ဆိုရင် ၁၃၅ သိန်းပတ်ဝန်းကျင်ကနေ တတိယထပ်ဆိုရင် ၉၈ သိန်းလောက်ရှိပါတယ်။
နံပါတ် ၄ မှာပြထားတဲ့အထောက်အထားတွေ အကုန်ပြည့်စုံရင် အိုးအိမ်ရုံးကိုသွားပါ။ ဝင်ငွေနည်းပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းအတွက်ဆိုပြီး ဖောင်တွေ သီးခြားစီရောင်းပါတယ်။ ဥပမာ ကျွန်မဆိုရင် ကုမ္ပဏီဝန်ထမ်းမို့လို့ ဖောင်က အဝါရောင်ပါ။ ဖောင်မှားဝယ်မိရင် ပြန်ဝယ်ရမှာမို့လို့ သတိပေးတာပါ။ ဖောင်ထဲမှာ ဖြည့်စရာရှိတာတွေဖြည့်ပြီးရင် ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း၊ အထောက်အထားမှန်ကန်ကြောင်း ဘဏ်ကိုသွားစစ်ခိုင်းရပါတယ်။ ဘဏ်က အချက်အလက်အားလုံးမှန်ကန်ကြောင်း စစ်ပြီးရင် တံဆိပ်တုံးထုပေးပါတယ်။ အဲဒီအခါ ဖောင်နဲ့အထောက်အထားတွေကို အိုးအိမ်ရုံးမှာ ပြန်တင်ပေးရပါတယ်။ အိုးအိမ်ရုံးက စစ်ဆေးပြီးတဲ့အခါ ဘဏ်ဆီက ချေးငွေကျအောင်စောင့်၊ ချေးငွေကျတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ။
အိုးအိမ်ရုံးက ဗိုလ်ချုပ်လမ်း စိန်ပေါဘုရားကျောင်းမျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ဖုန်း ၀၁ ၃၉၂၅၂၄ ပါ။ CHD ဘဏ်ရဲ့ဖုန်းနံပါတ်က ၀၁ ၃၇၁ ၈၈၇ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မ လျှောက်ခဲ့တဲ့အတွေ့အကြုံကို အခြေခံပြီး သိရတာတွေပါ။ (မှတ်ချက်။ ။ ဒီလကုန်နောက်ဆုံးထားပြီး အိမ်လျှောက်ထားခွင့် ဖောင်ရောင်းနေလို့ အခုအချိန်မှာ CHD ဘဏ်မှာ ၃၀ ရာခိုင်နှုန်းပြည့်ပြီး သူတို့ကြော်ငြာထားတဲ့စာရင်းမှာ ပါသူတွေအနေနဲ့ အချိန်မီလျှောက်လို့ရအောင် သတင်းပေးလိုက်ပါတယ်) အားလုံး အိမ်ပိုင်ရာပိုင်ကိုယ်စီနဲ့ ဘဝကို သာသာယာယာလျှောက်နိုင်ကြပါစေ။ အိုးအိမ်က ကြေညာချက်နဲ့ အမှန်တကယ်နေထိုင်သူတွေ ရိုက်ကူးထားတဲ့ပုံတွေကို ယူပါတယ်။
Ref & Photo Credit : Su Pyae Sone
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties