မိုးရာသီ ဆိုတဲ့အတိုင်း နေ့တိုင်းနီးပါးမိုးရွာတတ်တဲ့ ဒီကာလမှာ တိုက်ခန်းအိမ်ရာနေ မိဘပြည်သူများအတွက် စိတ်ရှုပ်စရာ တစ်ခုလည်း ထပ်တိုးလာပါပြီ။ အဲဒါကတော့ အခန်းတွင်း စိုထိုင်းစကနေ အခန်းနံရံတွေမှာ မှိုမည်းမည်းလေးတွေ စွဲလာတာမျိုး၊ အခန်းအနံ့အသက် အောက်သိုးသိုး ဖြစ်လာတာမျိုး ပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင် ကျန်းမာရေးကိုလည်း စိုးစိုးရွားရွား ထိခိုက်စေနိုင်တာကြောင့် သတိထားဖယ်ရှားဖို့ အရေးကြီးပါတယ်။ 

ဒါကြောင့် မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ မှိုတက်ခြင်း၊ မှိုနံ့နံခြင်းတွေကို ဘယ်လိုကာကွယ်ဖြေရှင်းကြမလဲ ဆိုတာ ဗဟုသုတ ရစေဖို့ ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။ 

လေဝင်လေထွက် ကောင်းအောင်လုပ်ပါ။

အိမ်အခန်းက လှောင်ပိတ်နေရင် ပိုပြီးစိုထိုင်းစ များစေလို့ နံရံတွေ မှိုစွဲတာမျိုးလည်း အဖြစ်များပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကို ဖွင့်ပါ။ ပြတင်းပေါက်မရှိတဲ့ အခန်းဆိုရင် ပန်ကာဖွင့်ထားပါ။ အခန်းတံခါးဝကို အမြဲဖွင့်ထားပါ။ လေသန့်စက် တပ်ဆင်ထားပါ။ 

သန့်ရှင်းရေး ပုံမှန်လုပ်ပါ။ 

တိုက်ခန်းတွေဟာ သန့်ရှင်းရေး ပုံမှန်လုပ်နိုင်မှ တော်ကာကျပါတယ်။ မီးဖိုချောင်တွေ မှိုစွဲတာမျိုး၊ အိမ်ခန်းနံရံတွေ မှိုစွဲတာမျိုးဆိုရင် ရေနွေးပူပူနဲ့ လောင်းချဆေးကြောတာမျိုး၊ ပိုးသတ်ဆေးသုံး သုတ်သင်ရှင်းလင်းပစ်တာမျိုး လုပ်ပေးသင့်ပါတယ်။ အိပ်ရာခင်းတွေ လျှော်ဖွတ်သန့်စင်၊ မီးပူတိုက်ထားပါ။ ခေါင်းအုံးစွပ်တွေ အပတ်စဉ်တိုင်းလဲလှယ်ပေးပါ။



ရေယိုစိမ့်ပေါက်တွေကို စစ်ဆေးပါ။ 

ရေယိုပေါက်တွေဟာ အိမ်ခန်းထဲမှာ စိုထိုင်းထိုင်း ဖြစ်စေတဲ့ အဓိက တရားခံတွေပါ။ ဒီအတွက် အိမ်ကြမ်းပြင်နဲ့ အခန်းထောင့်တွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ ရေယိုစိမ့်တာတွေ ရှိ၊ မရှိ မကြာခဏ စစ်ဆေးပြီး ယိုပေါက်တွေ့တာနဲ့ ပြုပြင်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ 

Baking Soda သို့မဟုတ် မီးသွေးခဲ အသုံးပြုပါ။

အခန်းထဲမှာ မှိုနံ့တွေကြောင့် လေထုညစ်ညမ်းနေသလို ခံစားလာရရင် ပန်းကန်လုံးထဲကို Baking Soda သို့မဟုတ် မီးသွေးခဲ ထည့်ပြီး မှိုနံ့ရတဲ့နေရာမှာ ထားပေးနိုင်ပါတယ်။ Baking Soda နဲ့ မီးသွေးခဲက မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူနိုင်စွမ်းရှိတာကြောင့် လေထုကို သန့်စင်စေနိုင်ပါတယ်။

အခန်းထဲ အပင်မထားပါနဲ့။ 

အပင်တွေဟာ အောက်စီဂျင်ကို ထုတ်လွှတ်ပေးတယ် ဆိုပေမယ့် စိုထိုင်းစရှိနေတဲ့ အခန်းထဲမှာ ဆိုရင်တော့ အခန်းစိုထိုင်းဆကို ပိုဆိုးဝါးစေပါတယ်။ ဒါအပြင်အပင်က နွယ်ရှိရင် ခြုံဖြစ်ပြီး အခုလို မိုးတွင်းမှာ ခြင်တွေ ခိုအောင်းနေထိုင်ရာ နေရာလည်း ဖြစ်သွားနိုင်ပါတယ်။ 

အပေါ်က နည်းတွေအတိုင်း စိုထိုင်းထိုင်း အငွေ့အသက်နဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပြီးပြီ ဆိုရင်တော့ သင့်အိမ်ခန်းလေးက ခြောက်ခြောက်သွေ့သွေ့၊ နွေးနွေးထွေးထွေးနဲ့ ကျန်းမာတဲ့ နေအိမ်လေး ဖြစ်လာမှာသေချာပါတယ်နော်။ 

Written By : Lily ( ShweProperty.com )