မိုးရာသီ စိုစိုစွတ်စွတ် အခြေအနေဆိုရင် အထူးသဖြင့် တိုက်ခန်းတွေမှာ ညညဆိုကြွက်တွေနဲ့ တိုက်ပွဲဝင်ရတဲ့ ကာလပါပဲ။ 

တိုက်ခန်းနောက်ဖေး ဝရံတာတွေဆိုရင် အများအားဖြင့် အမှိုက်တောင်း ထားကြတဲ့ နေရာ ဖြစ်တဲ့အတွက် အဲ့ဒီစားကြွင်းစားကျန်တွေနဲ့ အမှိုက်တွေကို ရှာဖွေမွှေနှောက် အစာရှာဖို့ ကြွက်အုပ်စုတွေ တိုက်ပေါ်ထိ နယ်မြေကြူးကျော် တက်လာတတ်ကြပါတယ်။ တခါတလေ သူတို့က နောက်ဖေးဝရံတာတင် အားမရသေးပဲ နောက်ဖေးတံခါးအောက်ခြေ အပေါက်ကလေး နည်းနည်းဟရင်တောင် အဲဒီကနေ အိမ်ရဲ့မီးဖိုချောင်ထဲ ဝင်ရောက်မွှေနှောက်သွားတတ်ကြပါသေးတယ်။

နောက်ပြီးကြွက်တွေဟာ နောက်ဖေးလမ်းကြား ရေမြောင်းတွေထဲမှာ နေထိုင်ကြတာ ဖြစ်တဲ့အတွက် သူတို့ခန္ဓာကိုယ်မှာ ကာလဝမ်းရောဂါလို ပိုးမွှားတွေကလည်း အပြွတ်အသိပ် ကပ်ငြိနေကြပါတယ်။ ဒီလိုကြွက်တွေက ကိုယ့်ရဲ့မီးဖိုချောင်ထဲဝင်ရောက်လာရင်တော့ အိမ်သားတွေရဲ့ ကျန်းမာရေးကိုပါ ထိလာစေလို့ ကြွက်တွေ မလာနိုင်အောင် ကြိုတင်ကာကွယ်ထားမှ တော်ကာကျပါမယ်။ ဒါကြောင့် ညညဆို တိုက်ခန်းရှင်တွေရဲ့ ဘဝက နောက်ဖေးတံခါးကို အပေါက်သေးသေးတောင် မကျန်အောင် ပိတ်စို့ပြီးမှအိပ်ရာဝင်ရတဲ့အထိပါပဲ။   

ဒါပေမယ့် ကြွက်ထောင်ချောက်ထောင်မယ်၊ ကြွက်ကပ်ကော်ပြား ထားမယ်ဆိုရင်လည်း သူတစ်ပါးရဲ့ အသက်ကို ညှင်းပမ်းသတ်ဖြတ်သလိုဖြစ်နေလို့ မလုပ်ချင်ကြတဲ့ အိမ်ရှင်မတွေအတွက် အကုသိုလ်လည်းကင်း၊ ကြွက်လည်းပြေးတဲ့ နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။ 

- ကရဝေးရွက် 

အနံ့ပြင်း၊ အနံ့စူးတဲ့ ကရဝေးရွက်ကိုလည်း ကြွက်တွေ ကြောက်ကြပါတယ်။ ကရဝေးရွက်ကို ခပ်သေးသေးလေးတွေ ဖဲ့၊ ကြွက်တွေ လာတတ်တဲ့ လမ်းတွေမှာ ကြဲချထားမယ်ဆိုရင် ကြွက်တွေမလာနိုင်ပါဘူး။ ဒါပေမယ့် ကရဝေးရွက်လေးတွေ ခြောက်သွားရင်တော့ အသစ်လဲပေးရမှာ ဖြစ်ပါတယ်။  



- အနံ့ပြင်းတဲ့ လက်ဖက်ခြောက်

ရေနွေးပွက်ပွက်ဆူထဲမှာ အနံ့ပြင်းတဲ့ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပြုတ်ပြီး အဲဒီ လက်ဖက်ခြောက်အိတ်ကို ကြွက်တွေလာတတ်တဲ့ လမ်းမှာ ချထားရင် ကြွက်တွေပြေးပါတယ်။

- မုန့်ဖုတ်ဆော်ဒါ 

 ကြွက်ပြေးစေတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ မုန့်ဖုတ်ဆော်ဒါပါပဲ။ ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ၂ ရက်၊၃ ရက်လောက် ဖြူးထားလိုက်မယ်ဆိုရင် ကြွက်အန္တရာယ် ကင်းဝေးစေပါတယ်။ 

- ပူရှိန်းသွားတိုက်ဆေး 

ပရုတ်ပါတဲ့ ပူရှိန်း သွားတိုက်ဆေးတွေဟာလည်း ကြွက်ပြေးစေတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ ပူရှိန်းသွားတိုက်ဆေးကို ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သုတ်လိမ်းထားမယ်၊ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သုတ်ပေးမယ်ဆိုရင် ကြွက်တွေ မလာနိုင်ပါဘူး။ ဒါပေမယ့် အနံ့ပြယ်သွားရင်တော့ အာနိသင် မရှိတော့လို့ အသစ်ပြန်သုတ်ပေးရပါမယ်။ ဒီနည်းလမ်းက ကိုယ့်အိမ်ပရိဘောဂတွေကိုပါ ညစ်ပတ်စေတာကြောင့် သိပ်တော့ recommend မပေးလိုပါဘူး။

ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ သူတစ်ပါးအသက် သတ်စရာမလို အကုသိုလ်ကင်းကင်းနဲ့ ကြွက်တွေကို သင့်အိမ်ကနေ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကဲ... မိတ်ဆွေများအားလုံးလည်း ကြွက်တို့ အန္တရာယ် ကင်းစင်ဝေး ငြိမ်းအေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်။

Written By : Lily ( ShweProperty.com)