သံပုရာခွံရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြတာကြောင့် သံပုရာသီးကို အသုံးပြုပြီးတဲ့အခါမှာ ကျန်တဲ့ သံပုရာခွံတွေကို လွှင့်ပစ်တတ်ကြပါတယ်။
 
သံပုရာခွံက အလှအပနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အပြင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သန့်ရှင်းရေး လုပ်ငန်းစဉ်တွေမှာလဲ အသုံးဝင်ပါတယ်။
 
ဒီနေ့မှာတော့ သံပုရာခွံကို အိမ်မှာ အလွယ်နည်းနဲ့ ဘယ်လို အသုံးပြုမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
 
(၁) ကြမ်းပိုးတွေကို နှင်ထုတ်မယ်
 
သံပုရာခွံကို ရေနွေးနဲ့ ပြုတ်ပြီး ကြမ်းပိုးရှိတတ်တဲ့ အိပ်ရာအောက်၊ ပြတင်းပေါက်၊ ပက်ကြားအက်တွေနဲ့ မီးဖိုချောင်ထဲကို ဖျန်းပေးမယ်ဆိုရင် ကြမ်းပိုးတွေ သာမက ပုရွက်ဆိတ်၊ ယင်ကောင်၊ ပိုးဟပ်နဲ့ အခြား ကပ်ပါးကောင်တွေကိုပါ နှင်ထုတ်နိုင်စွမ်းရှိပါတယ်။
 
(၂) မိုက်ခရိုဝေ့ကို သန့်ရှင်းမယ်
 
သံပုရာခွံနဲ့ ရေကို ခွက်တစ်ခွက်ထဲ ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ အပူချိန်အမြင့်ဆုံးထားပြီး (၅)မိနစ်ခန့် ပြုတ်ပေးပါ။(၅)မိနစ်ကြာပြီးနောက် ခွက်ကို ဖယ်ပြီး မိုက်ခရိုဝေ့ အတွင်းဘက်ကို အဝတ်နဲ့ သုတ်ပေးပါက အထဲက အညစ်အကြေးတွေ ပြောင်စင်သွားမှာပါ။
 


(၃) တောက်ပြောင်တဲ့ ဘေစင်
 
မီးဖိုချောင်ထဲက ရေညှိတွေနဲ့ ညစ်ပတ်ပြီး အနံ့အသက်မကောင်းတဲ့ ဘေစင်ကို သံပုရာခွံက တောက်ပြောင် သန့်ရှင်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။သံပုရာခွံနဲ့ ဘေစင်ကို ပွတ်တိုက်ပေးပါက အနံအသက်ကင်းစင်ပြီး သန့်ရှင်းလာမှာပါ။ဒါ့အပြင် ပန်းကန်ဆေးတဲ့ ဆပ်ပြာထဲကို သံပုရာခွံထည့်ပြီး ဆေးမယ်ဆိုရင် ပန်းကန်တွေလည်း  တောက်ပြောင်လာနိုင်ပါတယ်။
 
(၄) စဉ်းနှီးတုံးကို ပိုးမွှားကင်းစင်အောင်
 
မီးဖိုချောင်ထဲက အသား၊ငါး နဲ့ အသီးအရွက်တွေ တင်ပြီးလှီးဖြတ်တဲ့ စဉ်းနှီးတုံးက ပိုးမွှား အများဆုံးကပ်နိုင်တဲ့ အရာတစ်ခုပါ။အသုံးပြုပြီးတဲ့ အခါတိုင်း ပြောင်စင်အောင် မဆေးကြောဘူးဆိုရင် စဉ်းနှီးတုံးက မကောင်းတဲ့ အနံ့အသက်တွေနဲ့ ညစ်ပတ်နေမှာပါ။ဒါပေမဲ့ စဉ်းနှီးတုံးကို အသုံးပြုပြီးတိုင်း သံပုရာသီးအခွံတွေနဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် ပိုးမွှားတွေ သန့်စင်ပြီးသား ဖြစ်မှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်ကို လာဘ်ပိတ်စေတဲ့ ပစ္စည်းများ 

အညံ့တွေ ကင်းပြီး အကောင်းတွေ ဝင်လာအောင် သင့်အိမ်မှာ ဒီလို ပစ္စည်းတွေကို ဖယ်ရှားပါ 

နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း 

အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ
 
Posted By: Ra Wai (ShweProperty.com)