By Eleven Media Group, Shweproperty.com
Updated at 31 August 2015
သဘာဝဓာတ်ငွေ့ ထွက်ရှိနေသော မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီများမှ ကြိုးပမ်းလျက်ရှိသည်။
အဆိုပါကျောက်မီးသွေးစက်ရုံ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်နိုင်မှု အခြေအနေများကို ပညာရှင်များက သုံသပ်မှုများ ရှိခဲ့သည်။ ထို့ပြင် ဒေသခံများမှလည်း အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။ သို့သော်လည်း အချို့သော ကုမ္ပဏီများမှာ ရပ်တန့်မသွားဘဲ အစိုးရနှင့်ပေါင်းကာ ရှေ့တိုးဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်လုပ်ကိုင်ခဲ့သည့် ကျောက်မီးသွေး စက်ရုံသုံးခုရှိခဲ့ရာ တီကျစ်ကျောက်မီးသွေး စက်ရုံမှ မဂ္ဂါဝပ် ၁၂၀၊ ကော့သောင်း ကျောက်မီးသွေးစက်ရုံမှ ရှစ်မဂ္ဂါဝပ်နှင့် နောင်ချိုရှိ ကျောက်မီးသွေးစက်ရုံမှ ၁၅ မဂ္ဂါဝပ် ထုတ်လုပ်ခဲ့သည်။ သို့သော် တီကျစ်နှင့် ကော့သောင်း ကျောက်မီးသွေးစက်ရုံများမှာ လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောကြားခဲ့သည်။
ယခင်တည်ဆောက်ခဲ့သည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများ၏ အကျိုးအပြစ်ကို သိကြလျက်နှင့် နောက်ထပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ၁၁ ရုံကို Clean Coal ခေါင်းစဉ်တပ်ကာ တည်ဆောက်ရန် ကြိုးပမ်းနေကြ ခြင်းလည်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း နှစ်ခု၊ ရေးမြို့နယ်တွင် တစ်ရုံ၊ ဘုတ်ပြင်းတွင် တစ်ရုံ၊ ရန်ကုန်တိုင်းဒေသ ကြီး ကွမ်းခြံကုန်း၊ ထန်းတပင်၊ သီလ ဝါနှင့် ကျောက်တန်းတို့တွင် တစ်ရုံစီ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းတွင် တစ်ရုံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံတွင် တစ်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တစ်ရုံ စုစုပေါင်း ၁၁ ရုံအထိ တည်ဆောက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော်မည့် ပြည်တွင်း ကုမ္ပဏီများထဲတွင် အဓိကအားဖြင့် ခေတ်အဆက်ဆက် စီမံကိန်းပေါင်းများစွာ လုပ်ပိုင်ခွင့်ရခဲ့သည့် အေးရှားဝေါလ် (Virtue Land)၊ အေဝမ်း၊ Diamond Palace ကဲ့သို့သော အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီအများအပြား ပါဝင်လျက်ရှိသည်။
ပညာရှင်များနှင့် ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဥပမာ-ဧရာဝတီတိုင်း ဒေသကြီးတွင် အေဝမ်းကုမ္ပဏီက တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို ယခုအစိုးရလက်ထက်၌ပင် စတင်မည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုပြီး ရှေ့တိုးလုပ်ကိုင်ရန်စီစဉ် နေကြခြင်းဖြစ်ပြီး အချို့ကုမ္ပဏီများမှလည်း မဖြစ်မနေ တည်ဆောက်ရန် ရှေ့ဆက် လုပ်ဆောင်မှုများ ရှိလာသည်။
ရန်ကုန်မြို့တော်၏ လေထုညစ်ညမ်းမှုကို ကြီးမားစွာ ဆိုးရွားစေမည့် ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်နံဘေးတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအား အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ခြောက်လအတွင်း စီမံကိန်းစတင် အကောင်ထည်ဖော်ရန် စီစဉ်နေပြန်သည်။
အမေရိကန်နိုင်ငံတွင် ကျောက်မီးသွေးသုံးစွဲမှု အနေဖြင့် ၂၀၀၂ ခုနှစ် မတိုင်မီက ကျောက်မီးသွေး စက်ရုံပေါင်း ၇၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်အရောက်တွင် ကျောက်မီးသွေးစက်ရုံ ၅၅၇ ရုံအထိ လျှော့ချခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင်လည်း ကျောက်မီးသွေးမှ လောင်စာထုတ်ယူ သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည့်နည်းတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ကြုံတွေ့လာရသဖြင့် ကျောက်မီးသွေး သုံးစွဲမှုကို စီမံချက်ဖြင့် လျှော့ချနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့်မူ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တိုးမြှင့်တည်ဆောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဇွတ်တိုး၍ တည်ဆောက်ခဲ့မည်ဆိုပါက တည်ဆောက်မည့် လုပ်ငန်းရှင်များ မြှုပ်နှံထားသည့် ကုန်ကျစရိတ်များအားလုံး ဆုံးရှုံးသွားနိုင်သည့် အကြောင်းအချက် များစွာရှိနေပြီး ဆုံးရှုံးသွားမည့် အဓိကအချက် သုံးချက်ရှိနေသည်။
ပထမအချက်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြား လုပ်ငန်းရှင်ဖြစ်စေ မြှုပ်နှံမှုပြုမည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိပါက မည်သည့်စီမံကိန်းကိုမှ မြှုပ်နှံခွင့်မရှိကြောင်း၊ တတ်နိုင်သမျှ ထိခိုက်မှုအနည်းဆုံး ဖြစ်သည့် စီမံကိန်းကိုသာ မြှုပ်နှံခွင့်ပြုရန် မူချမှတ်ထားပြီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တာဝန်ရှိသူများကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ အဓိကစစ်ဆေး ပြီးမှသာ မြှုပ်နှံခွင့်ပြုမည်ဟု တရားဝင် ထုတ်ဖော်ပြောကြား ထားပြီးဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးမှာ ရလမ်းပြနိုင်သော၊ အခွန်ပေးဆောင်ပြီး ငွေများဖြင့်သာ မြှုပ်နှံခွင့်ရရှိမည်ဖြစ်ပြီး ရလမ်းပြနိုင်သည့် ငွေများအဖြစ် စစ်ဆေးခံပြီးမှသာ မြှုပ်နှံရမည်ဖြစ်သည်။
တတိယအချက် အနေဖြင့် ဒေသခံများလက်မခံဘဲ ကန့်ကွက်ပါက စီမံကိန်းကို အကောင်အထည်ဖော်မည် မဟုတ်ဟု အစိုးရတာဝန်ရှိ သူများကိုယ်တိုင် အတည်ပြုပြောကြား ထားပြီးဖြစ်သည်။
ယခု ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း ၁၁ ခုစလုံးသည် အဆိုပါအချက် သုံးချက်ဖြင့် ကင်းလွတ်သည့်စီမံကိန်း တစ်ခုမှ မပါရှိသည့်အတွက် ယခုဇွတ်အတင်း တည်ဆောက်ခဲ့လျှင်လည်း တစ်ချိန်တွင် ရပ်ဆိုင်းရမည်သာ ဖြစ်သည့်ရာ ဇွတ်အတင်း တည်ဆောက်မည့် လုပ်ငန်းရှင်များသာ ဆုံးရှုံးသွားမည်ဖြစ်သည်။
ကျောက်မီးသွေးဓာတ်အားပေး စက်ရုံမှန်သမျှ မည်မျှ Clean Coal ဖြစ်သည်ဟုဆိုစေ သဘာ၀ ပတ်ဝန်းကျင်ကို အနည်းအများ ထိခိုက်သည့် စီမံကိန်းများသာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် မြှုပ်နှံမှုပြုရာတွင် လိုက်နာရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရ ဆိုသောအချက်ဖြင့် တိတိကျကျ ငြိစွန်းလျက်ရှိသည်။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဆိုသော အမျိုးအစားတွင် ပါဝင်ခြင်း မရှိသည့် အမျိုးအစားလည်း ဖြစ်သည့်အတွက် ယင်းအချက် တစ်ချက်တည်းဖြင့်ပင် ရပ်ဆိုင်းခံရနိုင်သည်။
ရလမ်းပြနိုင်သော ငွေများဖြင့်သာ မြှုပ်နှံရမည်ဖြစ်သည့်အတွက် ယခုကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများထဲမှ အချို့သာလျှင် ထိပ်တန်းအခွန်ထမ်းစာရင်းတွင် ယခုနှစ်အပိုင်းအခြား ရောက်ရှိမှသာ ပါဝင်လာသည်။ ကျန်ရှိသည့်ကုမ္ပဏီ အများစုမှာ ကျပ်သိန်းရာဂဏန်းမျှသာ ပေးဆောင်ရုံဖြင့် ထိပ်တန်းအခွန်ထမ်းစာရင်းတွင် ပါဝင်နိုင်ပါလျက် ထိပ်တန်းအခွန်ထမ်း စာရင်းမှာပင် မပါဝင်ခြင်းမှာ အခွန်ငွေ ကျပ်သိန်းရာဂဏန်းမျှပင် ပေးဆောင်ထားသည့် ကုမ္ပဏီများ မဟုတ်သည့် အနေအထား ဖြစ်နေသည်။
ယခု ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း ၁၁ ခု၏ မြှုပ်နှံရမည့် ငွေပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနှင့် အထက် မြှုပ်နှံကြရမည်ဖြစ်သည်။ အဆိုပါ ငွေပမာဏအတွက် ဆိုပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ ဘီလျံ (ကျပ်ဘီလျံပေါင်း ၃၀၀၀ )နှင့်အထက် အခွန်ပေးသွင်း ထားရမည်ဖြစ်ပြီး ပေးသွင်းထားပြီး ငွေများဖြင့်သာ မြှုပ်နှံရမည်ဖြစ်သည်။
သို့သော် ကျပ်သိန်း ၁၅၀ ဝန်းကျင် ပေးသွင်းရုံဖြင့် ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းတွင် ပါဝင်နိုင်သည့် စာရင်းမှာပင် ပါဝင်လာခြင်း မရှိသည့် ကုမ္ပဏီအချို့မှာ ဒေါ်လာသန်းပေါင်းများစွာ မြှုပ်နှံရမည့် ကျောက်မီးသွေး စီမံကိန်းများတွင် ပါဝင်နေသည့်အတွက် ရလမ်းပြနိုင်သည့်ငွေဖြင့် မြှုပ်နှံရမည်ဆိုသော အချက်နှင့် တိုင်းတာမည် ဆိုပါကလည်း သေချာပေါက် ကျရှုံးမည်သာဖြစ်၍ ဇွတ်အတင်းမြှုပ်နှံပါက မြှုပ်နှံငွေများသာ ဆုံးရှုံးမည်ဖြစ်သည်။
ဒေသခံများ၊ ပညာရှင်များ ကန့်ကွက်မှုရှိလျှင် တည်ဆောက်ခြင်းမပြုဟု ဆိုထားရာ စီမံကိန်းများနေရာမှ ဒေသခံများ၊ အဖွဲ့အစည်းများအားကလည်း ယနေ့အထိ အပြင်းအထန် ကန့်ကွက်လျက်ရှိရာ အဆိုပါပေတံဖြင့် တိုင်းတာလျှင်လည်း ဇွတ်တိုး၍ တည်ဆောက်သူများသာ စီမံကိန်း ရပ်ဆိုင်းခံရခြင်းနှင့် ကြုံတွေ့ကြရမည် ဖြစ်သည်။ ဒေသခံများနှင့် ပညာရှင်များ ကန့်ကွက်မှု ရှိမရှိ ၎င်းတို့၏ ထုတ်ဖော်ပြောကြားမှုများက သက်သေခံလျက်ရှိရာ ဇွတ်တိုးတည်ဆောက်ခဲ့လျှင် တည်ဆောက်သူသာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရနိုင်သည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တုံးဗောကျေးရွာအုပ်စု မွှေးရှောင်ကျေးရွာ အနီးတွင် ထိုင်းနိုင်ငံ မှ မဂ္ဂါဝပ် ၂၆၄၀ အထိ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီမံကိန်း လျာထားသော်လည်း အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများက လုံးဝသဘောမတူသကဲ့သို့ အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်ကလည်း ဝိုင်းဝန်းကန့်ကွက်ထားသည်။
ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ ဒေသခံများ လက်မခံလျှင် စီမံကိန်းကို ဆောင်ရွက်မည် မဟုတ်ဟု ပြောဆိုစည်းရုံးခဲ့သည့် တိုင်းအစိုးရနှင့် ကုမ္ပဏီတို့က ရှေ့တိုးလုပ်ဆောင်မှုများ ရှိလာသည့်အတွက် ငရုပ်ကောင်း ကမ်းခြေဒေသခံ ဖွဲ့စည်းထားသည့် လှပသောကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် BBDN မှတစ်လအတွင်း လက်ခံရရှိခဲ့သည့် ဒေသခံ ၈၆၄၈ ဦးလက်မှတ်ဖြင့် စီမံကိန်းလျာထားမှုကို ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုထားသည်။
“ကျွန်တော်တို့ဆီမှာ ဓာတ်ငွေ့တွေ ရှိနေတာပဲ။ ဓာတ်ငွေ့တွေ ရောင်းပြီး ကျောက်မီးသွေးကို ဝယ်ရတယ်ဆိုတာ မကောင်းပါဘူး။ ကမ္ဘာမှာ လျှပ်စစ်ဓာတ်အားကို အလွန်အမင်း ငတ်ပြတ်နေတဲ့ တရုတ်က သူ့ရဲ့ဓာတ်အားပေးစက်ရုံ ၅၀၀၀ ကို ပိတ်ပစ်လိုက်တယ်။ ဘေဂျင်းမှာ စက်ရုံအကြီးကြီး လေးခုရှိတယ်။ အဲဒါ ရေနွေးငွေ့ ပေးတဲ့စက်ရုံ၊ အဲဒါက ကျောက်မီးသွေးနဲ့ အပူပေးတဲ့ စက်ရုံ၊ ဒီလေးခုကိုလည်းပိတ်တယ်။ အဲဒါတွေက ကျောက်မီးသွေး အန္တရာယ်ရှိလို့ဆိုပြီး သူတို့ပိတ်တာပဲ။ နောက်တစ်ခုက သူတို့က မြန်မာပြည်က ဓာတ်ငွေ့တော်တော်များများလည်း ရသွားတယ်။ အဲဒီတော့ သူတို့ ကျောက်မီးသွေးစက်ရုံကို ပိတ်ပစ်လိုက်လည်း တခြားနည်းနဲ့ သူတို့ လုပ်လို့ရတယ်ဆိုပြီး ပိတ်တာ။ ထိုင်းနိုင်ငံက မဲလ်မော့မှာ လူ ၃၀၀ ကျော်သေတယ်။ ရောဂါတွေရတယ်။ ဒါကြောင့် အဲဒီစက်ရုံကို ပိတ်ခဲ့တယ်” ဟု ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
“ကျောက်မီးသွေးကို Clean Coal ဆိုတာက ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ကျောက်မီးသွေးက အမြဲတမ်း Dirty ဖြစ်တယ်။ ညစ်ပတ်တယ်။ Clean Coal Technology ဆိုတာ နာမည်ပဲ။ Coal ဆိုတာ Clean မဖြစ်ဘူး။ သူ့ကို Clean ဖြစ်အောင် လုပ်လို့မရဘူး။ ဒါပေမဲ့ Technology အရ လူတွေအန္တရာယ် မဖြစ်အောင် လုပ်လို့ရတယ်။ သို့သော် ကုန်ကျစရိတ် အရမ်းကြီးတယ်။ အဲဒီတော့ တွက်ခြေမကိုက်ဘူး။ မြန်မာပြည်မှာ Energy မရှိရင် မတိုးတက်ဘူးဆိုတာ မှန်ပါတယ်။ အဲဒီ Energy ကလူတွေ သုံးဖို့မဟုတ်ပါဘူး။ လူတွေသုံးဖို့ အတွက်က တခြားနည်းတွေ အများကြီး လုပ်လို့ရပါတယ်။ အခုက စက်ရုံတွေသုံးဖို့၊ စက်ရုံတွေသုံးဖို့ဆိုတာ သူဌေးတွေ ပိုက်ဆံရဖို့ ကိစ္စပဲလေ။ သူဌေးတွေရရင် တိုင်းပြည်က ရချင်မှရမယ်ပေါ့။ တိုင်းပြည်တို့ သူဌေးတို့ ရတယ်ထားဦးတော့။ အဲဒီဒဏ်ကို ပြည်သူက ခံရမယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ” ဟု ဒေါက်တာခင်မောင်ညိုက ဆက်လက်ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုလုပ်ရင် MIC တို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ အသီးသီးတို့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကြရတာပေါ့။ အရင်တုန်းတော့ သူ့အတွက်လည်း စီးပွားရေး တွက်ခြေကိုက်တယ်။ နိုင်ငံအတွက် စီးပွားရေး တိုးတက်မှုကိုလည်း အထောက်အကူပြုတယ်၊ အလုပ်အကိုင်ရတယ် စသဖြင့် စီးပွားရေးကိုပဲ ဇောင်းပေးပြီးတော့ ကြည့်ခဲ့ကြတယ်။ အခုကျတော့ စီးပွားရေးသာမကဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုစီးပွားရေးလည်း ကြည့်ရမယ်။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ရမယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ စိတ်ကျေနပ်မှု သဘောထားရ ယူရမယ်။ အားလုံးသဘောတူတာတော့ ဘယ်ရှိပါ့မလဲ။ ကျောက်မီးသွေးစက်ရုံတွေနဲ့ ပတ်သက်ရင် ကန့်ကွက်တဲ့ အသံတွေလည်း ကျွန်တော်တို့ ကြားနေရပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူလူထုရဲ့ ဆန္ဒကို ယူပါလို့ ပြောတာ။ ကျွန်တော်တို့က ဆုံးဖြတ်တဲ့အဖွဲ့တွေ မဟုတ်ပါဘူး” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးကို သုံးသင့်တယ်လို့ ကျွန်တော်မထင်ဘူး။ လိုလည်းမလိုဘူး။ မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားဆိုတာ အမှန်အကန် လိုပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ကျောက်မီးသွေးသုံးပြီး ထုတ်ရလောက်အောင်တော့ မလိုဘူး” ဟု ဦးစောမိုးမြင့်က ပြောကြားခဲ့သည်။
အလားတူ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုကလည်း “ကျောက်မီးသွေးစက်ရုံ ဆိုတာက မြန်မာပြည်က ကျောက်မီးသွေးက သုံးလို့မရဘူး။ ထွက်တာလည်းနည်းတယ်။ နိုင်ငံခြားက ကျောက်မီးသွေး ဝယ်ရမယ်။ အဲဒီတော့ သုံးလစာ ပုံထားမှ ရမယ်။ ကျောက်မီးသွေးဆိုတာ ဘယ်လိုပဲပုံပုံ အမိုးအကာအောက်မှာ ထားရဖို့က အဲဒါ မလွယ်ဘူး။ လေတိုက်ရင် အမှုန်တွေလွင့်တယ်။ အမှုန်တွေ မလွင့်အောင် လုပ်ဖို့ဆိုရင် ကာရမယ်။ ကာမယ်ဆိုရင် ပိုက်ဆံအများကြီး ကုန်မယ်။ အပြင်မှာ လေတိုက်ရင်တောင် သူ့အလိုအလျောက် မီးထတောက်တယ်ဆိုတော့ မီးလောင်တဲ့ ပြဿနာလည်း ရှိတယ်။ မီးလောင်တော့ရှိသမျှ ကိုယ်ဝယ်ထားတာလည်း ဆုံးရှုံးတယ်။ အငွေ့တွေ ကျောက်မီးသွေး အမှုန်တွေက မမြင်ရတဲ့ အမှုန်လေးတွေ ဖြစ်တဲ့အတွက် လူတွေကို အန္တရာယ်ပြုတယ်။ ကင်ဆာရောဂါ ဖြစ်စေတယ်။ ဒါကိုကမ္ဘာက အကုန်လုံးလည်း အသိအမှတ် ပြုထားပြီးသားပါ” ဟု ပြောကြားသည်။
“အဲဒီစီမံကိန်း ၁၁ ခုမှာ တစ်ခုမှ EIA,SIA ဘာမှမလုပ်ရသေးဘူး။ လုပ်မယ်ဆိုရင် အနည်းဆုံး ခြောက်လ၊ တစ်နှစ်လောက် အချိန်ယူရတယ်။ တကယ်တမ်း လုပ်မယ်ဆိုရင်လည်း အမှန်အကန်လုပ်ဖို့ လိုတာတော့။ ငရုတ်ကောင်းဒေသမှာက ပင်လယ်ကမ်းခြေက တော်တော်ကြီးလှတယ်။ လက်ရှိရှိနေတဲ့ ငွေဆောင်တို့နဲ့ တခြားစီပဲ။ ပြီးတော့ မြန်မာပြည်ရဲ့ အစွန်ဆုံးနေရာမှာကိုး။ အဲဒီမှာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူက ၄၀၀၀၀ လောက်ရှိတယ်။ အဲဒီလူတွေရဲ့ ဘဝနေမှုစားမှု သောက်မှု ပျက်သွားနိုင်တာပေါ့။ ဒီစက်ရုံတွေက စွန့်ပစ်ရေတွေက ပင်လယ်စွန့်ပစ်ရင်လည်း ငါးတွေက ဒုက္ခရောက်နိုင်တယ်” ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောကြားသည်။
“ကျောက်မီးသွေးနဲ့ ပတ်သက်ရင် MIC တင်တာ မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“Clean Coal လုပ်မယ်ဆိုတဲ့ အပိုင်းမှာ ဘယ်လိုလုပ်မှာလဲဆိုတာ ရှိပါတယ်။ တရုတ်လို လုပ်မှာလား၊ အိန္ဒိယလို လုပ်မှာလား၊ ဂျပန်လို လုပ်မှာလား၊ ဂျာမနီလိုလုပ်မှာလား ဆိုတာရှိပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေ ရှိလာမယ်။ တစ်ဖက်က ကုမ္ပဏီက ဘယ်လောက် အတိုင်းအတာအထိ သန့်စင်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး” ဟု Parami Energy Group of Companies CEO ဖြစ်သူ ဦးပြည့်ဝထွန်းက ပြောကြားသည်။
ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ လေလွင့်ပြာချော်များ ထုတ်လွှတ်ခြင်း၊ အက်ဆစ်မိုးရွာသွန်းခြင်း၊ ရေအမြောက်အမြား သုံးစွဲရခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များခြင်း၊ စွန့်ပစ်ရေအပူကြောင့် ရေသယံဇာတများ ပျက်စီးခြင်း၊ အလိုအလျောက် မီးလောင်မှုများ ဖြစ်ပွားခြင်း၊ ကာဗွန်မိုနောက်ဆိုဒ် တန်ချိန် ၇၂၀ ထွက်ရှိပါက ခေါင်းကိုက် ဝေဒနာနှင့်အတူ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်း၊ အာဆင်းနစ်၊ ခဲ၊ ကတ်မီယန်ဒြပ်ပါးတို့သည် နှလုံး၊ ဆီးလမ်းကြောင်း၊ အာရုံကြော ရောဂါ၊ ဦးနှောက်ရောင်ရောဂါ၊ ကျောက်ကပ်၊ အဆုတ်ကင်ဆာ၊ သွေးတိုး၊ အမြင်နှင့် အာရုံကြော ပျက်စီးမှုများကို ပျက်စီးစေနိုင်ကြောင်းလည်း သိရသည်။
ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမည်ဆိုပါက မြန်မာနိုင်ငံမှ ကျောက်မီးသွေးများသည် အရည်အသွေး နိမ့်သည့်အတွက် သြစတြေးလျ၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှ ကျောက်မီးသွေးများကို တင်သွင်းရမည်ဖြစ်ရာ အများပြည်သူ အနေဖြင့်လည်း သက်သာသည့်ဈေးဖြင့် သုံးစွဲခွင့်ရရန် မသေချာပဲ တည်ဆောက်ခွင့်ရသူသာ အကျိုးအမြတ် များမည်ဖြစ်ကြောင်းနှင့် နိုင်ငံအနေဖြင့်မူ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကို ခံစားရမည့်အခြေအနေသာ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲ မှုကဏ္ဍတွင် လက်ရှိအချိန်၌ ရေအားလျှပ်စစ်မှရရှိမှု ၇၄ ရာခိုင်နှုန်း ရှိပြီး သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မှု ၂၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် ကျောက်မီးသွေးဖြင့် လည်ပတ်မှု ၃ ရာခိုင်နှုန်း ရှိနေသည်။ အဆိုပါ ကိန်းဂဏာန်းများအရ ရေအားလျှပ်စစ် သုံးစွဲမှုပမာဏမှာ ၂၉၁၉ မဂ္ဂါဝပ်ရှိပြီး Gas Turbine များဖြင့်လည်ပတ်မှု ၉၃၁ မဂ္ဂါဝပ်ရှိကြောင်းနှင့် ကျောက်မီးသွေးဖြင့် လည်ပတ်မှု ၁၂၀ မဂ္ဂါဝပ်အသီးသီးရှိပြီး ၂၀၁၄ ခုနှစ်၏ အမြင့်ဆုံးသုံးစွဲသည့် ပမာဏသည် ၃၉၇၀ မဂ္ဂါဝပ်ရှိနေကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ်မြင့်တက် လာကြောင်း သိရသည်။
ပညာရှင်အများစုမှ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိသည်မှာ မှန်သော်လည်း ကျောက်မီးသွေးသုံးစွဲပြီး ထုတ်သည်အထိ မလိုအပ်ဘဲ မြန်မာနိုင်ငံအနေဖြင့် ဓာတ်ငွေ့ထွက်သည့် နိုင်ငံပီပီ သဘာဝဓာတ်ငွေ့ကိုသာ ဦးစားပေး လုပ်ဆောင်သင့်ကြောင်းကို အဓိကထား ထောက်ပြထားကြသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုအစိုးရသစ် လက်ထက်၌ပင် သုံးနှစ်အတွင်း သစ်တန်ချိန်ပေါင်း သိန်း ၅၀ ကျော်အထိကို ထုတ်ယူခဲ့မှု အပါအဝင် ယခင်အစိုးရ လက်ထက်က သစ်အလွန်အကျွံ ထုတ်ယူခဲ့မှုများကြောင့် ယခုအခါ ရေကြီး၊ မြေပြို၊ ရွှံ့နွံဖုံးလွှမ်းစသည်ဖြင့် သဘာဝဘေးဒဏ်ကို အပြင်းအထန် ခံစားနေကြရပြီဖြစ်သည်။
ထပ်မံ၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများကိုပါ တည်ဆောက်ခဲ့မည်ဆိုလျှင် ပြည်သူ ၅၁ သန်းကျော်သည် ယခုထက်ဆိုးရွားသော သဘာဝဘေးဒဏ်များကို ဆိုးဆိုးရွားရွား ခံစားရမည်မှာ မလွဲပေ။ ထို့အတွက်လည်း ဒေသခံများ၊ ပညာရှင်များက အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်ပြီး အကယ်၍ ဇွတ်တိုး တည်ဆောက်ခဲ့လျှင် ယခုထက်ပြင်းထန်သည့် ကန့်ကွက်မှုများနှင့်အတူ စီမံကိန်း ရပ်ဆိုင်းလိုက်ရပြီး မြုပ်နှံသူများသာ ဆုံးရှုံးမည့် အခြေအနေသည်လည်း မဖြစ်မနေ ကြုံရမည်သာ ဖြစ်သည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties