By EMG, Shweproperty.com
Updated at 4 August 2013
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုမြေကွက်များ လေလံတင် ငှားရမ်းရေးအဖွဲ့မှ မြေဧရိယာ ၆၁ ဒသမ ၅၉၂ ဧကရှိ စက်မှုဇုန်မြေကွက် ၂၉ ကွက်ကို လေလံတင် ငှားရမ်းမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စက်မှုဇုန် အပိုင်း (၁) အင်းဝလမ်းနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးရှိ စက်မှုမြေကွက် ၂၉ ကွက် လေလံစနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့် ပြုခြင်းဖြစ်သည်။
အဆိုပါ စက်မှုဇုန် မြေကွက်များထဲမှ အကွက်အမှတ် ၁၈၅ မှ ၁၉၇ အထိ မြေကွက် ၁၃ ကွက် (မြေဧရိယာ-၂၇ ဒသမ ၅၁၈ ဧက) ကို ပေါင်းစည်းပြီး တစ်ကွက်တည်းအဖြစ် လေလံတင် ငှားရမ်းမည်ဖြစ်ပြီး ကျန်မြေဧရိယာ ၃၄ ဒသမ ၀၇၄ ဧကကို မြေကွက် ၁၆ ကွက်အဖြစ် သတ်မှတ်၍ တစ်ကွက်ချင်း လေလံတင် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေကွက်များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ မည်သူမဆို လေလံတင် ငှားရမ်းခွင့်ရှိပြီး စိတ်ဝင်စားကြေးအဖြစ် ငှားရမ်းဆောင်ရွက်မည့် တစ်ဧကအတွက် ကျပ်သိန်း ၁၀၀ နှုန်းပေးသွင်းရမည် ဖြစ်သည်။ လေလံအောင်မြင်ပြီးသော နိုင်ငံခြားသား လုပ်ငန်းရှင်များသည် လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြအတည်ပြုချက် ရရှိမှသာ လုပ်ငန်းဆောင်ရွက်ခွင့် ရှိမည်ဖြစ်သည်။
လေလံအောင်မြင်သူများသည် စာချုပ်ချုပ်ဆိုသည့် အချိန်မှ သုံးလအတွင်း စက်မှုလုပ်ငန်း စတင်ဆောင်ရွက် ရမည်ဖြစ်ပြီး အဆိုပါ မြေကွက်များကို ငါးနှစ်အတွင်း အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမှ အမည်ပြောင်းလဲခွင့် မရှိဘဲ နိုင်ငံခြားများ အနေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဥပဒေနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်သည်။
အဆိုပါ မြေကွက်များကို စက်တင်ဘာ ၄ ရက်တွင် လေလံပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ပြီး လေလံစည်းကမ်းချက်များကို သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ ခရိုင်လေးခု ခွဲခြားထားသော စက်မှုဇုန်များ ရှိနေပြီး အဆိုပါ စက်မှုဇုန်များအနက် အချို့မှာ သီလဝါ၊ မင်္ဂလာဒုံ စက်မှုဥယျာဉ်၊ ရွှေလင်ပန်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ပိုင်း၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပနှင့် သာကေတ စက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties