By The Voice, Shweproperty.com
Updated at 15 May 2017
နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစား ယူသွားသည့်ဝန်ထမ်းများ နေထိုင်နိုင်ရန် နေအိမ်၊ တိုက်ခန်းများ အရစ်ကျ ရောင်းချမည့် အစီအစဉ် ဇွန်လ ပထမပတ်မှ စတင်ကာ သုံးလအတွင်း တိုင်းနှင့် ပြည်နယ် အားလုံးတွင် တစ်ပြေးညီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
အငြိမ်းစားများအတွက် နေအိမ်၊ တိုက်ခန်းများ ရောင်းချပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ မေလ ၁၂ ရက်နေ့က လပွတ္တာမြို့ရှိ ရွေးနဒီခန်းမ၌ ကျင်းပခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံ့တာဝန် ထမ်းဆောင်ပြီးတဲ့ ဝန်ထမ်းတွေ သူတို့ဘဝ လုံခြုံစွာ နေထိုင်နိုင်ဖို့ နေအိမ်တစ်ခု ရှိရမယ်။ တိုက်ခန်း တစ်ခု ရှိစေရမယ်။ ဒီလုပ်ငန်းက အင်မတန် ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရမှာ သိပါတယ်။ ဒီလုပ်ငန်းက အင်မတန် မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဖြစ်အောင် လုပ်မယ်”ဟု ၎င်းက ပြောဆိုသည်။
အငြိမ်းစား ယူပြီးသည့် နိုင်ငံဝန်ထမ်းများအတွက် နေအိမ်၊ တိုက်ခန်း အရစ်ကျ ရောင်းချပေးမည့် အစီအစဉ်ကို လက်ရှိ အစိုးရ သက်တမ်းတင် မကဘဲ အစိုးရ အဆက်ဆက် နိုင်ငံဝန်ထမ်းများ ရှိနေသမျှ ကာလပတ်လုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် နှစ်စဉ် အငြိမ်းစားယူသည့် ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင် ရှိနေရာ အဆိုပါ ဝန်ထမ်းများ နေထိုင်နိုင်ရန် နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်း တစ်သောင်းခွဲခန့် ပုံမှန် ဆောက်လုပ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။
“အခုလက်ရှိတော့ ကျောင်းမှာ အငြိမ်းစားယူမယ့် ဝန်ထမ်းတွေကို လျှောက်လွှာ စာရွက်တွေ ပေးထားပါတယ်။ အငြိမ်းစားယူတဲ့ ဝန်ထမ်းတွေက သိန်း ၁၀ဝ ကနေ သိန်း ၂၀ဝ ဝန်းကျင်ရှိတဲ့ နေအိမ်၊ တိုက်ခန်းအတွက် ၁၀ ရာခိုင်နှုန်း အရင် ပေးသွင်းရမယ်။ ကျန်ငွေအတွက် ၁၅ နှစ် အရစ်ကျ ပေးသွင်းရမယ်လို့ သိရပါတယ်။ အငြိမ်းစားရယူပြီးတဲ့ ဝန်ထမ်းအတွက် နေထိုင်စရာ နေရာတစ်ခုရှိဖို့ အခုလို စီစဉ်ပေးတာ အရမ်း ကောင်းတယ်”ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် အလယ်တန်းပြဆရာမ ဒေါ်ဥမ္မာအောင်က ဆိုသည်။
ယင်းအပြင် နိုင်ငံတာဝန်ထမ်း ဆောင်နေဆဲ အစိုးရဝန်ထမ်းများ နေထိုင်နိုင်ရန် နေအိမ်၊ တိုက်ခန်းများ ငှားရမ်း ပေးမည့် အငှားအိမ်ရာ စနစ်ကိုလည်း ဇွန်လမှစတင်ကာ တိုင်းနှင့်ပြည်နယ် အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ထပ်လောင်း ပြောကြားသည်။
နိုင်ငံတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ နေရေးအတွက် ပူစရာမလိုဘဲ ဈေးနှုန်း ချိုသာစွာဖြင့် ငှားရမ်းနေထိုင်ရန် အဆောတလျင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းနှင့်ပြည်နယ်တွေ အားလုံးတွင် မြေနေရာ ရှာဖွေထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“တာဝန် ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေအတွက် အိမ်ငှားခ စရိတ်ကြီးတယ်။ တစ်လလစာ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်သာရတဲ့ ဝန်ထမ်းတစ်ယောက်က အနည်းဆုံး ခြောက်သောင်းကနေ ခုနစ်သောင်းလောက် အိမ်ငှားခအတွက် သုံးနေရတယ်”ဟုလည်း ဝန်ကြီးက ထပ်မံပြောကြားသည်။
အငှားအိမ်ရာစနစ်ကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။
“ယခုလက်ရှိ ရန်ကုန်မြို့မှာ အိမ်ငှားခက ဈေးများတယ်။ ရတဲ့လစာနဲ့ ခြောက်လစာချုပ် ချုပ်မယ်ဆိုရင် စားဝတ် နေရေး ပူပင်နေရတယ်။ တစ်နေရာကနေ တစ်နေရာ ပြောင်းမယ်ဆိုရင်လည်း ပွဲစားခ တစ်လစာ ပေးရတယ်။ အစိုးရက ဝန်ထမ်းတွေ နေထိုင်ဖို့ မဟာဗန္ဓုလ အငှားအိမ်ရာလို တစ်လ ကျပ်သုံးသောင်းနဲ့ ငှားပေးမယ်ဆိုရင် အရမ်း ကောင်းပါတယ်”ဟု အစိုးရဝန်ထမ်း တစ်ဦးဖြစ်သည့် ဦးတင်အောင်က ပြောဆိုသည်။
Ref & Photo Credit : The Voice
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties