By ကျော်ထင်, Shweproperty.com
Updated at 4 June 2014
ရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်၌ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အသစ်များ တည်ထောင်ရန် ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီငါးခုရှိနေရာ လုပ်ကိုင်ခွင့်ရကုမ္ပဏီကို မကြာမီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်၌ စက်မှုဇုန်အသစ်များ တည်ထောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ခေါ်ယူခဲ့ပြီး တင်ဒါပိတ်ချိန်တွင် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီငါးခုရှိနေကြောင်း သိရသည်။
အဆိုပါကုမ္ပဏီငါးခုစာရင်းကို ဖွင့်လှစ်ခြင်းမပြုသေးဘဲ ယင်းတို့ကို စိစစ်ရန်အဖွဲ့ဖွဲ့စည်း၍ မကြာမီဖွင့်ဖောက်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကုမ္ပဏီကို ရွေးချယ်မည်ဖြစ်ကြောင်း၊ ယင်းအထဲတွင် ပြည်ပရင်းနှီးမြှူပ်နှံလိုသည့် ကုမ္ပဏီအချို့လည်း ပါဝင်နိုင်ဖွယ်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
တည်ထောင်မည့်စက်မှုဇုန်များမှာ လျှပ်စစ်ဓာတ်အားအသုံးပြုမှုနည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသလောက် နည်းပါးသော၊ လုပ်သားစူးစိုက်၍ အသုံးပြုရသည့် စက်ရုံများအား ဦးစားပေးတည်ထောင်မည် ဖြစ်သောကြောင်း အလုပ်အကိုင်များစွာရရှိနိုင်မည်ဟု သိရသည်။
"စက်မှုဇုန်အသစ်တွေမှာ စက်ရုံအလုပ်ရုံတွေ အများကြီးရှိလာမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အများကြီး ရရှိစေနိုင်မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါစက်မှုဇုန်များအား အကောင်အထည်ဖော်ရန်အတွက် တည်ဆောက်၊ ပိုင်ဆိုင်၊ လည်ပတ် (Build,Own and Operate- BOO) စနစ်ဖြင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (သို့မဟုတ်) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နံှမှုဥပဒေအရ ဆောင်ရွက်ခွင့်ပြုဖြစ်ပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းစတင်ရန် စီစဉ်သွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံစက်မှုဇုန်များအပါအဝင် စက်မှုဇုန် ၃၀ ခုခန့်ရှိပြီး စက်ရုံအရေအတွက် ၃၇၀၀ ကျော်ရှိကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက်အထိ စက်မှုကဏ္ဍတွင် အလုပ်သမား ၆၁၁၉ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties