By The Voice, Shweproperty.com
Updated at 22 July 2017
ငွေကျပ် သန်းပေါင်းခြောက်ထောင်အထိ ရင်းနှီးမြှပ်နှံမှုများကို ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ (RIC) ကို ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သည့် ယင်းကော်မတီတွင် အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ကျပ်ငွေသန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးလုပ်ကိုင်မည့် လုပ်ငန်းများ လာလျှောက်နိုင်မည် ဖြစ်သည်။
ယခင်က ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုမိန့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) တွင် လျှောက်ထားရပြီး ယခုအခါတွင် အဆိုပါ တိုင်းဒေသကြီးကော်မတီတွင် လျှောက်ထားနိုင်မည် ဖြစ်သည်။
လျှောက်ထားမှု အချက်အလက် ပြည့်စုံပါက ရက်ပေါင်း ၆၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပြီး လက်ရှိအချိန်တွင် စုံစမ်းမေးမြန်းသူ၊ လျှောက်ထားရန် ပြင်ဆင်သူများ ရှိနေပြီဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။
“မြိတ်၊ ကော့သောင်းမှာ ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေလည်း ဒီမှာ လာလျှောက်နိုင်တယ်” ဟု တိုင်းဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။တိုင်းအတွင်း လုပ်ကိုင်နေကြသည့် အသေးစား၊ အလတ်စား လုပ်ငန်းများလည်း လုပ်ကိုင်ခွင့် အတည်ပြုမိန့် လျှောက်ထားနိုင်ပြီး RIC တွင် ရင်းနှီးမြှပ်နှံခွင့် အတည်ပြုမိန့်ဖြင့် လုပ်ငန်းလုပ်ကိုင်ပါက စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်ချိန်မှ ၃ နှစ်မှ ၅ နှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ လုပ်ငန်းတွင် နိုင်ငံခြားသားများ ရှယ်ယာဝင်ခွင့် အစရှိသည့် အကျိုးများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
တိုင်းဒေသကြီးအဆင့် ကော်မတီတွင် ယင်းကဲ့သို့ ရင်းနှီးမြှပ်နှံခွင့် လျှောက်နိုင်သည့်အတွက် ပိုမိုမြန်ဆန်လာမည် ဖြစ်သော်လည်း အချက်အလက်ပြည့်စုံစေရန် မြေယာနှင့် ပတ်သက်သည့် ဖြေလျော့မှုများလည်း လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ဆိုသည်။
“ဘာလုပ်ငန်းပဲလုပ်လုပ် မြေကြီးပေါ်မှာ လုပ်ရတာဆိုတော့ အချက်အလက်ပြည်ဖို့ဆိုရင် ပုံစံ ၇ လို ဟာမျိုး မြန်မြန်ထွက်အောင် ဖြေလျော့ဖို့လိုတယ်” ဟု တိုင်းကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုကို ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံသား ၄၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၆၀ ရာခိုင်နှုန်း၊ ပို့ဆောင်ရေး လုပ်ငန်းများတွင် နိုင်ငံသား ၅၁ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း စသဖြင့် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည်။
တနင်္သာရီတိုင်းအတွင်း ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်း ၄၂ ခုမှ ရင်းနှီးမြှပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၁၉၉၀၄၆ ဒသမ ၄၄၀ ရှိသည်။
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်းအရေအတွက် ၃၈ ခုမှ ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၈၆ ဒသမ ၃၁၀ ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Ref & Photo Credit : The Voice
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties