By Eleven Media Group, Shweproperty.com
Updated at 22 June 2015
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ကျဆင်းလျက်ရှိပြီး အငှားဈေးကွက် အနေဖြင့်မူ ရုံးခန်းအချို့သာ ငှားရမ်းမှုရှိပြီး ဇွန်လပိုင်းမှစ၍ အိမ်ငှားရမ်းမှု မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
“လက်ရှိအိမ်ခြံမြေဈေးကွက်ကို ပြောရရင် ကောင်းကိုမကောင်းဘူးလို့ပဲ ဖြေရမှာပဲ။ အရောင်းသိပ်မဖြစ်ဘူး။ အငှားလည်း မရှိဘူး။ မဖြစ်မနေ ငှားတာတောင် ရုံးခန်းတွေလောက်ပဲ အငှားဈေးကွက် ရှိတယ်။ အငှားကတော့ အေးတယ်။ အပြောင်းအရွှေ့လည်း သိပ်မရှိဘူး။ အငှားဈေးကတော့ မြို့နယ်အလိုက် သူ့ဈေးနဲ့သူပေါ့။ ရုံးခန်းတွေဆိုရင် တချို့ရုံးခန်းတွေက ၁၅ သိန်း၊ သိန်း ၂၀ ပေါ့။ ကားပါကင်တွေဘာတွေပါပြီး နေရာအကွက်အကင်း ကောင်းရင်တော့ သိန်း ၃၀ လောက် ရှိတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၄ စက်တင်ဘာလ နောက်ပိုင်းမှစ၍ အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် သိသိသာသာ ကျဆင်းလာခဲ့ပြီး ရန်ကုန်မြို့တွင်း ဧရိယာများသာမက မြို့စွန်ဒေသများတွင်ပါ အရောင်းအဝယ် ကျဲပါးလာခဲ့ကြောင်း သိရသည်။
ယခုနှစ်ဆန်းပိုင်း၌လည်း အိမ်ခြံမြေ အရောင်းအဝယ် ဆက်လက်အေးစက်နေခဲ့ကာ အရောင်းဈေးကွက်ရော အငှားဈေးကွက်ပါ ကျဆင်းနေပြီး အထူးသဖြင့် အရောင်းအဝယ် မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။
“အိမ်ငှားကတော့ ရပ်ကွက်တွေထဲ နည်းနည်းပါးပါးပဲ အငှားဖြစ်ပါတယ်။ တောင်ဥက္ကလာဘက်တောင် သိပ်ဈေးမရှိတော့ဘူး။ ငှားဖို့အပ်ထားတဲ့ဟာတွေလည်း အငှားသိပ်မလိုက်တော့ဘူး။ အငှားနည်းသွားတာက ငှားတဲ့လူပဲ နည်းသွားတာလား၊ ရှိတဲ့လူတွေကပဲ အဆင်ပြေသလို နေနေကြသလား မေးစရာ ရှိလာတယ်။ တချို့လည်း တစ်အိမ်တည်း လေးငါးယောက်စုနေကြတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ဧပြီ၊ မေလပိုင်းလောက်က အငှားဖြစ်ပါသေးတယ်။ ခြောက်လပိုင်းစကတည်းက အငှားမဖြစ်တော့တာပါ” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
ထို့ပြင် အိမ်ငှားရမ်းမှုများမှာ သင်္ကြန်ကာလ နောက်ပိုင်းမှ စတင်ကာ အငှားဈေးကွက်အေးလာခဲ့ပြီး လက်ရှိအချိန်၌မူ ဈေးချငှားရမ်းမှုများပင် ရှိလာကြောင်း၊ ယခင် ကျပ် ၁၅၀၀၀၀ ခွဲတန် တိုက်ခန်းများမှာ ယခု ကျပ် ၁၄၀၀၀၀၊ ကျပ် ၁၃၀၀၀၀ ဖြင့် ဈေးချငှားရမ်းလာကြကြောင်း သိရသည်။
“အငှားဈေးကွက်က သင်္ကြန်ကျော်ကတည်းက အေးတာ။ အခုဆို ဈေးချငှားနေရတယ်။ တချို့နေရာတွေဆို ၂၀ ရာခိုင်နှုန်းလောက် ဈေးချငှားကြတယ်။ ဒါပေမဲ့ လိုအပ်ချက်သိပ်များတဲ့ နေရာတွေကျတော့လည်း ဈေးတင်ခံထားကြတာလည်း ရှိတယ်။ ခြုံပြီးကြည့်ရင်တော့ အငှားဈေးကွက်အေးတော့ ဈေးကျလာတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။
၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ကာလဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည့်အတွက် BOT စနစ်ဖြင့် ရောင်းချသည့် ကွန်ဒို၊ တိုက်ခန်းများကိုပါ ကြိုပွိုင့်ဖြင့်ဝယ်ယူမှုများ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် ထို BOT တိုက်ခန်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်သေးသည့်အတွက် ဝယ်ယူမှု နည်းသွားကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties