By Eleven Media Group, Shweproperty.com
Updated at 24 September 2015
ကုက္ကိုင်း ခုံးကျော်တံတား တည်ဆောက်နေမှုကြောင့် ကမ္ဘာအေး စေတီလမ်းအား အနုပညာ အထက်တန်း ကျောင်းရှေ့မှ ကုက္ကိုင်းမီးပွိုင့်အထိ ၁၂ ရက်ခန့် ပိတ်ထားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်မှ မ.ထ.သ (ဗဟို)က သိရသည်။
“ကုက္ကိုင်း ခုံးကျော်တံတား တည်ဆောက်တဲ့ နေရာမှာ သက်ဆိုင်ရာ ကုမ္ပဏီက တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ အနုပညာကျောင်း ရှေ့ကနေ ကုက္ကိုင်းမီးပွိုင့် အထိကို လမ်းကို ခေတ္တပိတ်မှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ အဖွဲ့တွေကိုလည်း တင်ပြပြီး ဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ဆိုသည်။
ထိုသို့ ကမ္ဘာအေး ဘုရားလမ်းအား စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၇ ရက် အထိ ခေတ္တ ပိတ်ထားရန်အတွက် ကုက္ကိုင်း ခုံးကျော် တံတား တည်ဆောက်သည့် ကုမ္ပဏီမှ လုပ်ငန်းများ တည်ဆောက်နေသည့် ကာလတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ခွင့်ပြုပေးခဲ့ကြောင်း မ.ထ. သ ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက် အရ သိရသည်။ ယင်းကဲ့သို့ အနုပညာ ကျောင်းရှေ့မှ ကုက္ကိုင်းမီးပွိုင့်အထိ လမ်း ခေတ္တ ပိတ်ထားသည့်အတွက် အဆိုပါ လမ်းပိုင်းအား အသုံးပြုနေသည့် မ. ထ.သ(ဗဟို) လက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများဖြစ်သည့် ၄၃ (အထူး) ခရေပင်ရိပ်မွန်၊ ပုလဲမြို့သစ်၊ တပ်ရင်း ၉၊ ကွန်ပျူတာ တက္ကသိုလ်၊ ရွှေပေါက္ကံ စသည့်နေရာများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းငါးလိုင်း၊ ၄၃ အဖြူ၊ ၁၉၂ ဘီအမ်၊ ၂၄၆ ဘီအမ်၊ ၇၆(သန်မြန်သူ)၊ အမြဲစိမ်း (၁)၊ ၃၇ (ဘီအမ်) စသည့် ခရီးသည်တင် ယာဉ်လိုင်း ၁၄ လိုင်းအနေဖြင့် လမ်းလွဲ အား အသုံးပြုရ မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာအေး လမ်းအတိုင်း မြို့ထဲဘက်ကို ပြေးဆွဲမည့် ယာဉ်များအနေဖြင့် လမ်းနီလေး မီးပွိုင့်မှ စက်မှု(၁) လမ်းအတိုင်း ဆရာစံလမ်းကို ဖြတ်ကာ ကမ္ဘာအေးဘုရားလမ်းသို့ မောင်းနှင်ရမည် ဖြစ်ကြောင်း သိရသည်။ အလားတူ မြောက်ဥက္ကလာသို့ သွားမည့် ယာဉ်များအနေဖြင့် ကမ္ဘာအေး စေတီလမ်းမှ ဆရာစံလမ်း အတိုင်း၊ စက်မှု(၁)လမ်းမှ တဆင့် လမ်းနီလေးမီးပွိုင့်သို့ သွားရမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ယာဉ်များအား လမ်းကြောင်း ပြောင်းလဲခဲ့သည့်အတွက် ခရီးသည်များ အနေဖြင့် ကြုံတွေ့ရမည့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်မှုနှင့် ပတ်သက်၍ မ.ထ.သ (ဗဟို) ဥက္ကဋ္ဌအား The Daily Eleven သတင်းစာက မေးမြန်းရာတွင် ၎င်းက” ခရီးသည်တွေအနေနဲ့ အထိုက်အလျောက်တော့ အခက်အခဲဖြစ် နိုင်တယ်။ လမ်းနီလေး မီးပွိုင့်နဲ့ ကုက္ကိုင်း မီးပွိုင့်ကြားက အကွာအဝေး ကလည်း သွားနေတဲ့ လူတိုင်းသိပါတယ်။ ဒါကြောင့် အလွန်အမင်းတော့ ဒီအခက်အခဲ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အခက်အခဲ အနည်းအကျဉ်း လောက်တော့ ရှိနိုင်တယ်။ ဘတ်စ်ကား သွားနိုင်တဲ့ လမ်းကြောင်းအရပဲ ကျွန်တော်တို့က စီစဉ်ပေးရတာပါ”ဟုဆိုသည်။
“သွားနေကျ လမ်းကို ခဏပိတ်ပြီး ဆရာစံ မီးပွိုင့်ကနေ သွားမယ်ဆိုတော့ အရင်က ထက်တော့ အချိန်နည်းနည်း ပိုကြာသွားမှာပေါ့” ဟု မြောက်ဥက္ကလာမှ ဆူးလေသို့ သွား၍ အလုပ်လုပ်ရသည့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ထိုသို့ လမ်းလွဲအား အသုံးပြုကာ မောင်းနှင်ရန်အတွက် သတ်မှတ်ထားသည့် ခရီးသည်တင် ယာဉ်များအနေဖြင့် လမ်းလွှဲမှ အသုံးပြုရမည် ဖြစ်ကြောင်းကို ကြိုတင် အသိပေးထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း စသည့် ခုံးကျော် တံတားလေးစင်း တည်ဆောက်ထားပြီး ရှစ်မိုင်၊ ကုက္ကိုင်း၊ တာမွေ တို့တွင် တည်ဆောက်မည့် ခုံးကျော်တံတား သုံးစင်းအား ၂၀၁၆ ခုနှစ် မတ်လကုန်တွင် အပြီးသတ် တည်ဆောက်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ထိုသို့ ခုံးကျော်တံတားများ တည်ဆောက်နေသော ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ ပြေလည်သွားခြင်းမရှိဘဲ လှည်းတန်းနှင့် မြေနီကုန်းမှာ ယာဉ်ကြော ပိတ်ဆို့မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း သိရှိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties