By -, Shweproperty.com
Updated at 27 January 2016
ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ဧရိယာမြေကွက်များအား ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူမှုကြောင့် လယ်ယာမြေဈေးနှုန်းများ မြင့်တက်နေကြောင်း မြေကွက်အရောင်းအဝယ် အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
စီမံကိန်းဧရိယာအတွင်းရှိ လယ်မြေပေါက်ဈေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်း တစ်ဧကလျှင် နေရာဒေသ အလိုက် ပျမ်းမျှအားဖြင့် ကျပ်သိန်း(၂၀)မှ ကျပ်သိန်း(၅၀)ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း ဇန်နဝါရီလအတွင်း ပြည်တွင်းလုပ်ငန်းရှင်အချို့လာရောက်ဝယ်ယူမှုကြောင့် လက်ရှိ ကျပ်သိန်း(၄၀)မှ ကျပ်သိန်း(၈၀) ဝန်းကျင်ထိ မြင့်တက်သွားကြောင်း စက်မှုဇုန်ဧရိယာအတွင်း မြေကွက် အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ကျောက်ဖြူမြို့ခံ ဦးမောင်ကြီးက ပြောသည်။
“စီမံကိန်းတည်ဆောက်ဖို့ လွတ်တော်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့မှာ အတည်ပြုတယ်။ ဒီနောက် ရန်ကုန်က လုပ်ငန်းရှင်တွေနဲ့ ဒေသတွင်း လုပ်ငန်းရှင်တွေက စီမံကိန်းတည်ဆောက်မယ့် နေရာတွေမှာ ဆက်တိုက်ဆိုသလို ဝယ်ယူမှုများနေပါတယ်။”ဟု ဦးမောင်ကြီးက ပြောသည်။
ဇန်နဝါရီ(၁၅)ရက်နေ့ထိ စာရင်းများအရ စက်မှုဇုန်စီမံကိန်းတည်ဆောက်မည့် မင်းပြင်၊ ချောင်းဝ၊ ရေနံတောင် ကျေးရွာအနီးဝန်းကျင် နေရာများတွင် မြေဧက(၆၁)ဧက၊ အိမ်ရာဖွံ့ဖြိုးမှုတည်ဆောက်မည့် မင်းတက်တောင်၊ ကန္ဒီးနှင့် ကပ်သပြေကျေးရွာပိုင် နေရာတွင် (၂၂)ဧကနှင့် ဆိပ်ကမ်းတည်ဆောက်မည့် သစ်ပုတ်တောင်နှင့် အနီးဝန်းကျင်တွင်(၁၅)ဧကခန့် ဝယ်ယူထားပြီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြေကွက်အကျိုး ဆောင်များ၏ စာရင်းများအရ သိရသည်။
ထိုသို့ ဝယ်ယူထားသည့် မြေကွက်များမှာ လယ်ယာမြေ(၃၃)ဧကနှင့် ကျန်မြေများမှာ မြေလွတ်မြေရိုင်းနှင့် ဥယာဉ်ခြံမြေ အများစုတို့ဖြစ်ပြီး တစ်ဧကကို ပျမ်းမျှအားဖြင့် ကျပ်သိန်း(၁၀)မှ ကျပ်သိန်း(၂၀)ဝန်းကျင့်ခန့်ဖြင့် ဝယ်ယူမှုများရှိကြောင်း သိရသည်။
“လက်ရှိတော့ မြေစာရင်းနဲ့ သစ်တော ဦးစီးဌာနက အမည်ပေါက်မရသေးတဲ့ မြေကွက်တွေ ဖြစ်နေတဲ့အတွက် စီမံကိန်း တည်ဆောက်ဖြစ်ရင် လျော်ကြေးကိစ္စ ပြဿနာ ဖြစ်လာနိုင်တာကြောင့် သက်ဆိုင်ရာ ဦးစီးဌာနတွေမှာ အမည်ပေါက်ရရှိဖို့ ဆောင်ရွက်မှာပါ။” ဟု ကျောက်ဖြူမြို့ခံ လယ်ယာမြေ(၈)ဧက ရင်းနှီးမြုပ်နှံထားသူ ဦးရွှေအောင်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုံတည်ဆောက်ရန် ပြည်ထောင်စုလွတ်တော်မှ ထောက်ခံမဲ (၄၂၄)မဲ၊ ကန့်ကွက်မဲ (၂၃)မဲ၊ ကြားနေ(၂) မဲဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စတင်တည် ဆောက်မှုလုပ်ငန်းအား ၂၀၁၆ ခုနှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစက်မှုဇုန် စီမံကိန်း စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။
Ref :
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties