By ထူးသန့်, Shweproperty.com
Updated at 26 August 2014
လယ်သမားများ မိမိပိုင်လယ်မြေကို ပေါင်နှံ ခွင့်၊ ရောင်းချခွင့်၊ ပေးကမ်းအမွေဆက်ခံခွင့် စသည့်အခွင့်အလမ်းများ ရရှိစေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လယ်ယာမြေမှတ်ပုံတင် များပြုလုပ်ပေးပြီး ပိုင်ဆိုင်ခွင့်လက်မှတ် များထုတ်ပေးလျက်ရှိရာ ယခုလ ၁၄ ရက် နေ့အထိ ၉၆ ဒသမ ၂၁ ရာခိုင်နှုန်း ထုတ်ပေးပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေ စာရင်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးလွှမ်းမိုး က ပြောသည်။
ထိုသို့ လယ်ယာမြေမှတ်ပုံတင်ခြင်းဆောင်ရွက်ပေးရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေပေါ်မူတည်ကာ အဆင့်နှစ်ဆင့်ခွဲဆောင်ရွက် ပေးလျက်ရှိရာ ပထမအဆင့်တွင် ၉၉ဒသမ ၈၃ ရာနှုန်းနှင့် ဒုတိယအဆင့်တွင် ၂၄ ဒသမ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။
"မနေ့ကအထိ စုစုပေါင်း ၉၆ ဒသမ ၂၁ ရာခိုင်နှုန်း ပြီးစီးခဲ့ပါပြီ" ဟု ဦးလွှမ်းမိုးက ပြောသည်။ဆောင်ရွက်ပြီးစီးခဲ့သော အချက်အလက် များအရ ပထမအဆင့်တွင် တောင်သူပေါင်း ၅ ဒသမ ၂ သန်းကျော်နှင့် ဦးပိုင် လုပ်ကွက် ပေါင် း ၈ ဒသမ ၆ သန်းကျော်၊ ဒုတိယ အဆင့်တွင် တောင်သူပေါင်း သုံးသိန်းကျော် နှင့် ဦးပိုင်လုပ်ကွက်ပေါင်း လေးသိန်းကျော် စုစုပေါင်း တောင်သူ ၅ ဒသမ ၅သန်းကျော် နှင့် ဦးပိုင်လုပ်ကွက်ပေါင်း ကိုးသန်း ကျော်တို့ကို မှတ်ပုံတင်ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းများသည် လွယ်ကူ စွာရရှိခဲ့ခြင်းမဟုတ်သကဲ့သို့ တောင်သူများ ကလည်း၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေပါ အခွင့်အရေးများ ရရှိလိုလျှင် မှတ်ပုံတင် ပြုလုပ်သင့်ကြောင်း၎င်းကပြောသည်။
သို့သော် လယ်သမားများသည် ဥပဒေကိုနားလည်ယုံကြည်အားကိုးမှု နည်းပါးနေသေးကြောင်း ဦးလွှမ်းမိုးက ပြောသည်။ လယ်ယာမြေများကို မှတ်ပုံတင်ပြုလုပ် ပြီး တရားဝင်အရောင်းအဝယ်ပြုလုပ်နိုင် သော်လည်း လယ်သမားအများစုသည် အန္တရာယ်ရှိသည့် တရားမဝင်အရောင်း အဝယ်ကိုသာ ပြုလုပ်နေကြခြင်းဖြစ်သည်။ "တရားဝင်ရောင်းကြ ဝယ်ကြပါ ဆို ပေမယ့် အခွန်ကဘယ်လိုဆောင်ရမှာလဲ၊ ဈေးနှုန်းကို ဘယ်လိုသတ်မှတ်ပေးမှာလဲ၊ နောက်ပြီး ဘယ်မှာမှတ်ပုံတင်ရမှာလဲ၊ကြားလူကိုခေါ်ပြီး ငွေပိုကုန်ရင်လည်း အလုပ်မဖြစ်ဘူး" ဟု နေပြည်တော် ပျဉ်းမနား မြို့မှတောင်သူကိုမျိုးလင်းအောင်က ပြောသည်။
ထို့ပြင် လယ်မြေများကို တန်ဖိုးကြီးကြီး ပေးကာဈေးဖျက်ခြင်းသည်လည်း လုပ်ပိုင်ခွင့်ရှိသူများနှင့်ဆက်စပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်ကြောင်း တောင်သူများက ပြောသည်။
"တစ်နေရာရာမှာ မြေဈေးကောင်းနေပြီ ဆိုရင် အဲဒီမြေက မူလလယ်သမားရဲ့ လက်ထဲမှာမရှိတော့ဘဲ သူတို့ရဲ့လက်ထဲမှာရောက်နှင့်နေပြီ။ သူတို့က ဘယ်နေရာ မှာဘာလုပ်တော့မယ်ဆိုတာကို သာမန် ပြည်သူတွေထက် ဦးအောင်သိနေကြ တယ်" ဟု နေပြည်တော် ဒေသခံတောင်သူလယ်သမားများကို နည်းပညာပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးလျက်ရှိသူ စိုက်ပျိုးရေးပညာရှင်ဦးနေစိုးက ပြောသည်။
ထို့ပြင် အဆိုပါပိုင်ဆိုင်ခွင့်လက်မှတ်ရရှိပါက ယင်းလက်မှတ်ဖြင့် ဘဏ်တွင်လယ်ယာမြေအပေါင်ထားကာ စိုက်ပျိုး စရိတ်ရယူနိုင်ကြောင်း သက်ဆိုင်ရာတာဝန် ရှိသူများက ပြောဆိုနေကြသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ အမှန်တကယ်ပြုလုပ်နိုင်ရန် တာဝန်ရှိသူများက ပြုလုပ်ပေးသင့်ကြောင်း တောင်သူများက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကမူ ရေးဆွဲလျက်ရှိသော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးနည်းဥပဒေ ပြဋ္ဌာန်းပြီးမှသာ ထိုကဲ့သို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်မှ လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties