By The Fifth Wave News, Shweproperty.com
Updated at 5 August 2019
ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးပေးရန် ကျပ် ၁၆၀ ဘီလီယံခန့် လိုနေခြင်းကို မြေများရောင်းပြီး ရှာဖွေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ယခင်က မြေသိမ်းခံရသည်များကို ပြန်လည်စိစစ်ခဲ့ရာ ယခုတွင် အားလုံးပြီးစီး၍ မြေပြန်လည်ပေးရမည့် သူများနှင့် လျော်ကြေးပေးရမည့်သူများ၏ စာရင်းများရရှိလာပြီဖြစ်ပြီး မြေယာလျော်ကြေး ပေးလျော်ရမည့် ပမာဏမှာ ကျပ် ဘီလီယံ ၂၀ဝ ခန့်ဖြစ်သည်ဟုဆိုသည်။
"စိစစ်ပြီး အမှုတွေထဲက ပြန်လည် ပေးလျော်ရမှာတွေ ရှိပါတယ်။ မြေပြန်ပေးရမဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဒီနေရာမှာ ဘီလီယံ (၂၀၀) ခန့် လျော်ကြေးပေးဖို့ဆိုတာ ဘက်ဂျက်ပမာဏ အားဖြင့် ကြီးမားတဲ့ အခြေအနေ တခုမှာ ရှိပါတယ်။ လျော်ကြေးပေးနိုင်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် (၂၀၀) ဘီလီယံခန့်လောက် ရှိနေတဲ့နေရာမှာ (၄၀) ဘီလီယံပဲ ဘက်ဂျက်မှာ ပါဝင်နေတာ ဖြစ်တဲ့အတွက် နောက်ထပ်ဝင်ငွေကို တိုးရရှာဖွေနိုင်ပြီးတော့ ၂၀၁၉ -၂၀ ဖြည့်စွက်ဘဏ္ဍာ ငွေမှာ တောင်းခံနိုင်ဖို့အတွက် ကျွန်တော်တို့ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့ပြအဖြစ် ပုံဖော်ခဲ့ပြီး ကွက်လပ်အဖြစ် ကျန်နေတဲ့ နေရာတွေကို ရောင်းချသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
တိုင်းအစိုးရက ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် လျော်ကြေးပေးရန်အတွက် ၇ ဘီလီယံလျာထား သတ်မှတ်ထားပြီး စည်ပင်သာယာ ဘတ်ဂျက်ထဲမှ လျော်သွားမည်ဖြစ်ကြောင်းသိရသည်။
လာမည့်၂၀၁၉-၂၀၂၀ ဘတ်ဂျက် တွင် ၃၃ ဘီလီယံ လျော်ပေးရန် လျာထားကာ ၇ ဘီလီယံကို စက်တင်ဘာလ မကုန်ခင် လျော်ကြေးပေးရန် စတင်မည်ဖြစ်ပြီး ၃၃ ဘီလီယံကို လာမည့် အောက်တိုဘာလအတွင်း၌ ဆက်လက် လျော်ကြေးပေးသွားရန်အတွက် ဆောင်ရွက်သွားမည်ဟုဆိုသည်။
"၁၆၀ ဘီလီယံကျော်အောင် ဝယ်မယ့်သူတွေက ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆို ဝယ်ချင်တယ်ဆိုပြီး စာရင်းပို့တဲ့ ပမာဏက များပါတယ်။ရောင်းဖို့အကွက်တွေကို စနစ်တကျ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ရောင်းချလို့ရလာတဲ့ ဖြည့့်စွက်ဘဏ္ဍာငွေမှာ အစိုးရရဲ့ ရငွေကို တိုးမြင့်အောင် ဆောင်ရွက်ပြီးတော့ ဖြည့်စွက်ဘဏ္ဍာငွေမှာ တောင်းခံမှု ပြန်ပြုပြီး ကျွန်တော်တို့ အစိုးရသက်တမ်း အတွင်းမှာ ပြီးစီးအောင်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်ကပြောသည်။
ယင်းသို့ မြေရောင်းချရာတွင် မြေများအသုံးချမှုကို ပုံစံ ၄ မျိုးဖြင့် စီစဉ်ထားပြီး နေရေးခက်ခဲနေသည့် ကျူးကျော်နေထိုင်သူများကို နေရာများ ပြန်လည် ချထားပေးခြင်း၊တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရောင်းချပေးခြင်း ၊မြေမရှိသည့် အမှန်တကယ်နေထိုင်မည့် အစိုးရဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်းများ မြေလိုချင်ပါက ရောင်းချပေးခြင်းနှင့် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံလိုသူများကို ရောင်းချပေးခြင်များဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ မြေရောင်းချရာတွင်လည်း သတင်းစာများ၌ ထည့်သွင်းကြေညာပြီး ပွင့်လင်း မြင်သာမှုရှိစွာ ရောင်းပေးသွားမည်ဖြစ်ကာ ဖြည့်စွက်ဘဏ္ဍာငွေတွင် ထည့်နိုင်ရန်အတွက် ယခုအချိန်မှ စတင်၍ ပြင်ဆင်မှုများ ဆောင်ရွက်ရခြင်းဖြစ်သည်ဟုဆိုသည်။
"လုပ်ငန်းလုပ်ချင်လို့ မြေလိုချင်တဲ့သူတွေ ၊ ပင်စင်သွားတော့မှာမို့ မြေရောင်းပေးပါဆိုတဲ့ အခြေအနေမျိုးမျိုး တင်ပြလာတဲ့ စာရွက်စာတမ်း အထပ်လိုက်ရှိပါတယ် ။ဒါကြောင့်မြေကို ဈေးကစားမှု မဖြစ်စေနိုင်တဲ့ နည်းလမ်းရှာဖွေနေပါတယ်။ ရပြီဆိုရင် ချက်ခြင်းတည်ဆောက်ရေး လုပ်ငန်းလုပ်ရပါမယ် ။ မလုပ်သေးရင် နောက်တစ်ယောက်ကို ရောင်းမယ်။ သူ့ငွေကို ပြန်အမ်းမယ်။မြေကိုင်ထားလို့ မရဘူး။ တည်ဆောက်ရေးလုပ်မယ့် သူကိုပဲ ရောင်းမယ်။ လက်တွေ့နေဖို့ ဆိုရင် အဆင်ပြေအောင် စီမံပေးပါမယ်" ဟု ဦးဖြိုးမင်းသိန်းကပြောသည်။
ထို့ပြင် မြေရောင်းမည့် အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ပေးမည်ဖြစ်ကာ ကော်မတီ ဖွဲ့စည်းထားပြီး ဩဂုတ်လကုန်တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
ယင်းရောင်းချမည့် မြေများမှာ ဒဂုံမြို့သစ် ၄ မြို့နယ် ၊ လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ်တို့တွင် ရှိပြီး ရောင်းချမည့် မြေဧက မှာ ၄၀ဝ၀ ခန့်ဖြစ်ကြောင်း သိရသည်။
မြေယာ အမှုတွဲပေါင်း ၆ထောင်ကျော် စိစစ်အပြီးတွင် လျော်ကြေးပေးရမည့် မြေ ဧက၂၄၀ဝ၂ ဒသမ ၇၉၁ ဧက ရှိကာ လယ်ယာမြေများကို (၉၈၂) ဧကခန့် ပြန်ပေးရန် ပြင်ဆင်နေပြီး ငွေလျော်ကြေးပေးရမည့် ပမာဏမှာ ကျပ်ငွေ ဘီလီယံ (၂၀၀) ခန့် ဖြစ်သည်။
Ref : The Fifth Wave News
Photo Credit : Charltonsmyanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties