By The Trade Times, Shweproperty.com
Updated at 9 July 2015
မြို့စွန် မြိ့ုနယ်များရှိ လယ်မြေများကို လယ်ပိုင်ရှင်ဟု ဆိုသူများက အကျယ်အဝန်းတစ်ခု သတ်မှတ်ပြီး အရပ်စာချုပ်များ ချုပ်ဆိုကာ အကွက်ရိုက် ရောင်းချလာနေခြင်းသည် ဝယ်ယူသူများအနေဖြင့် ရေရှည်တွင် နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့လာနိုင်ကြောင်း ဥပဒေပညာရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
"မြို့ကွက်အသစ်တွေ ဖော်ထုတ်တုန်းက လယ်မြေတွေသိမ်းပြီး လုပ်ခဲ့ကြတယ်။ အခုနှစ်တွေကြာတော့ မြို့ကွက်အသစ်တွေထဲမှာ အထူးသဖြင့် မြို့စွန်တွေမှာ ဘာမှ မလုပ်ဖြစ်တဲ့ အကွက်တွေလည်း ရှိနေသေးတယ်။ ဒါ့အပြင် ဒီမြေနဲ့ ဆက်စပ်နေတဲ့ လယ်ကွက်တွေမှာလည်း ပိုင်ရှင်တွေက အကွက်ရိုက်ပြီး ရောင်းတာက ပိုပြီးတော့ သူတို့အတွက် ပိုမြတ်နိုင်တာကို မြင်လာကြလို့ အကွက်ရိုက်ပြီး ရောင်းတာတွေ ဖြစ်လာတယ်။ လယ်သမားမှာ ရှိတာက လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ်ပုံစံ-၇ ပဲ ရှိမယ်။ အရပ်စာချုပ်နဲ့ ရောင်းတာ ဥပဒေနဲ့လည်း မညီပါဘူး။ ပြသနာဖြစ်လာရင် ဝယ်သူတွေ နစ်နာနိုင်တယ်" လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်က ပြောသည်။
(၂၀၁၂) ခုနှစ်၊ မတ်လ (၃၀) ရက်တွင် ပြည်ထောင်စု လွှတ်တော် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ နိုင်ငံတစ်ဝန်းရှိ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို စီမံခန့်ခွဲမှု ကော်မတီတစ်ခုတည်းမှသာ မီမံခန့်ခွဲနိုင်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့် အပ်နှင်းထားသည့်အတွက် လယ်သမားများအနေဖြင့် လယ်ယာမြေများပေါ်တွင် အကွက်ရိုက်ရောင်းချခြင်းသည် ဥပဒေကိုချိုးဖောက်ရာ ရောက်သည့်အပြင် ယင်းဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုပါ ချမှတ်နိုင်သည်။
အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာနေသည့်အတွက် အိမ်ငှားခနှုန်းထားများပါ မြင့်မားလာနေသည့်အချိန်တွင် လယ်သမားများက ယခုကဲ့သို့ လယ်ယာမြေများလူနေမြေကွက် ပုံစံဖြင့် အကွက်ရိုက်ကာ ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးနေသည့်အတွက် ဝယ်ယူသူများပြားလျက်ရှိနေပြီး ဝယ်ယူသူများအနေဖြင့်လည်း ယင်းမြေကွက်များ ဝယ်ယူသည့် နှုန်းထားများနှင့် လက်တလော အိမ်ငှားရမ်းနေထိုင်သည့် နှုန်းထားများကို ချိန်ထိုးကာ ဝယ်ယူလေ့ရှိကြောင်း သိရသည်။
"တောင်ဒဂုံ ကျည်စုမှာ (၂၀×၆၀) မြေကွက်ကို ငါးသိန်းနဲ့ ရောင်းတယ်ဆိုတာ သတင်းကြားလို့ သွားဝယ်တာ ရခဲ့တယ်။ တရားဝင်မဝင် မသိပေမယ့် နှစ်နှစ်လောက် နေရရင်တောင် အိမ်ငှားခပေးရမယ့် ငွေနဲ့ တွက်ရင် တန်ပါတယ်"ဟု မြေကွက်ဝယ်ထားသူ ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ကိုမင်းမင်းက ပြောသည်။
ဈေးကွက်တစ်ခုလုံးနှင့် ယှဉ်လျှင် အိမ်ခြံမြေဈေးကွက် အေးစက်နေသည့် လက်ရှိအချိန်တွင် အကွက်အကွင်း ကောင်းမွန်ခြင်းမရှိသည့် အတွင်းဘက်ကျသည့် မြေကွက်များ၊ လက်ကွက်များကို ရောင်းချလိုသည့် ပိုင်ရှင်များအနေဖြင့် ယခုကဲ့သို့ လယ်ကွက်များကို လူနေမြေကွက်များအဖြစ် အကွက်ရိုက်ကာ အရပ်စာချုပ်များဖြင့် ရောင်းသည့် ဖြစ်စဉ်များမှာ နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိသည်။
"လယ်ကို အကွက်ရိုက်ပြီး ရောင်းတာတွေ တော်တော်များများမှာ တွေ့လာရတယ်။ လယ်ပိုင်ရှင် အတွက်လည်း ငွေပေါ်ပြီး အမြတ်အစွန်းပိုထွက်လာသလို ဝယ်တဲ့သူတွေကလည်း ဈေးစချိုတော့အိမ်ငှားခနဲ့တွက်ပြီး ဝယ်တာများတယ်။ ခိုင်မာမှုတော့မရှိဘူး၊ ဝယ်တဲ့သူလည်းများတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်က ပြောသည်။
ယင်းဥပဒေပါ အဓိပ္ပာယ်ဖွင့် ဆိုချက်အရ မြေလွတ်မြေလပ်ဆိုသည်မှာ ယခင်က သီးစားလုပ်ကိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစားယူလုပ်ကိုင်သူ မရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပါ လုပ်ကိုင်နိုင်သည့် မြေများနှင့် နိုင်ငံတော်မှ သီးသန့်လျာထား သတ်မှတ်ထားသည့် မြေများကို ဆိုလိုခြင်း ဖြစ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties