By Aye Sandar, Shweproperty.com
Updated at 28 January 2021
ကန်ထရိုက်တာ တိုက်ခန်းများနှင့် ပတ်သက်၍ ကာယကံရှင်တိုက်ခန်းပိုင်ရှင်များ မကျေနပ်ကြသည့် ဖြစ်ရပ် အရပ်ထဲတွင် မကြာခဏဆိုသလို ကြားနေရသည်။ အိမ်ရှင်နှင့် ကန်ထရိုက်တာ ချုပ်ဆိုသည့် စာချုပ်တွင် တိုက်အဆောက်အဦးတွင် ပါဝင်ရမည့် အရာများ၊ တိုက်ခန်းတွင်း ပါဝင်ရမည့် အခန်းအင်္ဂါ ရပ်များ၊ တိုက်ခန်းအင်္ဂါရပ်များနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ ထည့်သွင်းချုပ်ဆိုထားခြင်း မရှိသည်ကိုတွေ့ရပေမည်။ စာချုပ်တွင် ထည့်သွင်းမချုပ်ဆိုသည့်အချက်ကို သို့မဟုတ် သဘော တူညီမှုပြုထားခြင်း မရှိသည့် အချက်ကို နောက်ပိုင်းတွင်မှ တောင်းဆိုမည်ဆိုလျှင် ရရန်လွန်စွာ ခဲယဉ်းပါလိမ့်မည်။ သို့ဖြစ်ပါ၍ စာချုပ်ချုပ်စဉ်ကတည်းက နောက်ပေါ်ပေါက်လာမည့် အချက်များအတွက်ကို ကြိုတင် တွက်ဆပြီး တောင်းဆိုဖော်ပြချုပ်ဆို ထားဖို့ရာ အရေးကြီးပါသည်။ ဆိုလိုသည်မှာ ကန်ထရိုက်ဆွဲဆောက်လုပ်မှုတစ်ခုထဲကို ရည်ညွှန်းတင်ပြခြင်း မဟုတ်ပါ။ အခြားမည်သည့် အဆောက်အအုံမဆို ဆောက်လုပ်ခြင်းများအတွက်ပါ ဆိုလိုခြင်းဖြစ်သည်။ ဥပမာအနေဖြင့် ကန်ထရိုက်တိုက် ဆောက်လုပ်မည်ဆိုလျှင် ဆောက်လုပ်မည့် တိုက်အဆောက်အဦး၏ အရည်အသွေးကို စာချုပ်တွင် အောက်ပါအတိုင်းလိုအပ်သည်များကို နှစ်ဦးသဘောတူ ထည့်သွင်း ဖော်ပြရန်လိုပါသည်။ ၁။ တိုက်ဆောက်လုပ်ရာတွင် စံချိန်စံနှုန်းနှင့် အညီ အရည်အသွေးပြည့်မှီသော ပုဂ္ဂလိကအုတ် ( ၈ ) ပေါက်အုတ်များ အသုံးပြုရန်။ ၂။ အထပ်တိုင်း၏ ဘေးပြတင်းပေါက်နှင့် နောက်ဖေးပေါက်များ၊ မျက်နှာကြက်များ၊ အမိုးများကို မိုးယိုခြင်း မရှိအောင် ပြုလုပ်ပေးရန်။ ၃။ အပေါ်ဆုံးထပ်အခန်းများ မိုးယိုမှုမရှိစေရန် သေချာပြုလုပ်ပေးရန်။ ၄။ မျက်နှာကြက်ကို အစိုးရထုတ် ( သို့ ) ထိုင်းနိုင်ငံလုပ်များ သုံးစွဲရန်၊ ဘီတင်ပြားပျောက်စနစ်ဖြင့် ညီညာစွာ တပ်ဆင်ပေးရန်။ ၅။ တိုက်၏ဘေးနှစ်ဘက်တွင် စံချိန်မှီ ပလတ်စတစ်အပြင် သုတ်ဆေးသုတ်ပေးရန်၊ ဆေးမသုတ်မီ ပတ်တီးခံ ပေးရန်။ ၆။ တိုက်၏ ရှေ့မျက်နှာစာတွင် တိုက်နှင့် လိုက်လျောညီထွေရှိသော လှပသည့် စံချိန်မှီကြွေပြား စနစ်တကျကပ်ပေးရန်၊ အရောင်နှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန်။ ၇။ လှေခါးထစ်များ အနိမ့်အမြင့်ညီညာစွာနှင့် သေသပ်စွာ၊ အချောကိုင်ပေးရန်။ ၈။ လှေကားလက်ရမ်းကို ကျွန်း သို့မဟုတ် ခိုင်ခံသည့်သစ်များနှင့် တပ်ဆင်ပေးရန်။ ၉။ အခန်းများ၏ အဝင်အထွက်ပေါက်တွင် ကောင်းမွန်သော စိတ်ချရသည့်တံခါးတပ်ဆင်ပေးရန်၊ ကျန်တံခါးများသည် နယ်တံခါးဖြစ်ပါက ပြန်ပြုပြင်၍ ကောင်းမွန်စွာ တပ်ဆင်ပေးရန်။ ၁၀။ အခန်းတိုင်း၏ ကြမ်းခင်းများကို လေခိုခြင်း ၊ ပေါက်ပြဲခြင်း မရှိစေရလေအောင် အချောပြုလုပ်ပေးရန်၊ ၁၁။ သံပန်းကို အခန်းတိုင်း၏ ပင်မ အဝင်အထွက်တံခါးတိုင်းတွင် တပ်ဆင်ပေးရန်၊ မြေညီထပ်အခန်းအထွက် ပြတင်းပေါက်များတွင် သံပန်းများ တပ်ဆင်ပေးရန်။ ၁၂။ လျှပ်စစ်မီးနှင့် ပတ်သက်၍ တစ်ခန်းလျှင် မီး ( ၉ ) ပွင့် တပ်ဆင်ပေးရန် ( မီးသီးနှင့် မီးချောင်းများမပါ ) မီးဖိုချောင်သုံး မီးကြိုးကို လိုင်းမီးတစ်ပွင့် တပ်ဆင်ပေးရန်။ ၁၃။ လျှပ်စစ်မီးကြိုး သွယ်တန်းရာတွင် နံရံကို Underground သုံးရန်၊ ခလုတ်နားနီးလျှင်လည်း မြုပ်ပေးရန်၊ အခန်းတိုင်းတွင် sub meter တစ်ခန်းတစ်လုံး တပ်ဆင်ပေးရန်၊ ကိုယ်ပိုင်မီတာ ရရှိရေးအတွက် အခန်းဝယ်ယူသူမှ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရန်။ ၁၄။ ရေစုပ်စက် တစ်ခန်းလျှင်တစ်လုံး တပ်ဆင်ပေးရန်။ ၁၅။ ရေသုံးရန် အခန်းတစ်ခန်းလျှင် ရေပိုက်ခေါင်း ( ၃ ) လုံး တပ်ဆင်ပေးရန်။ ၁၆။ ရေချိုးခန်းတွင် ဂျီအိုင်တိုင်ကီတစ်လုံး၊ရေလုံသော အုတ်ရေကန် တစ်ခု ပြုလုပ်ပေးရန်။ ၁၇။ အိမ်ခန်းတိုင်းတွင် ရေချိုးခန်းနှင့်အိမ်သာ သီးခြားပြုလုပ်ပေးရန်၊ အိမ်သာအိုးမှာ ရိုးရိုးဖြစ်ပြီး ရေဆွဲအိုး၊ နိုင်ငံခြားဖြစ်သုံးရန်။ ၁၈။ အိမ်သာတွင် ( ၃ ) ပေအမြင့် ကြွေပြားပတ်ပတ်လည်ကပ်ပေးရန်၊ ရေချိုးခန်းတွင် ( ၆ ) ပေအမြင့် ကြွေပြား ပတ်ပတ်လည် ကပ်ပေးရန်။ ၁၉။ နောက်ဖေးမီးဖိုချောင်ကို ခြေခုန်နှင့် အခန်းကန့်ပေးရန်၊ ခြေခုန်တွင် တံခါး တပ်ဆင်ပေးရန်၊ လေဝင်လေထွက် ကောင်းရေးအတွက် ယင်းနံရံတွင် ပြတင်းအပေါက်ဖောက်လိုပါက အခန်းဝယ်ယူသူ၏ ကုန်ကျငွေဖြင့် သီးခြားဆောင်ရွက်ပေးရန်။ ၂၀။ ထို့ပြင် တိုက်ဆောက်ရာတွင် စည်ပင်သာယာရေးဥပဒေနှင့် အညီ ပုံစံပါတိုင်း စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ပေးရန်။ ဖော်ပြပါ လိုအပ်ချက်များကို စာချုပ်ချုပ်စဉ်ကတည်းက တောင်းဆို၍ ယင်းတောင်းဆိုမှုအပေါ် သဘော တူညီမှုရှိက စာချုပ်တွင် တစ်ပါတည်းထည့်သွင်းချုပ်ဆိုရန် လိုအပ်ပါသည်။ စာချုပ်တွင် ထည့်သွင်းဖော်ပြထား ခြင်းမရှိသော ကိစ္စရပ်များကို နောက်ပိုင်းတွင်မှ တောင်းဆိုမည်ဆိုလျှင် အောက်ဖော်ပြပါ အမှုတစ်မှုမှ စီရင်ဆုံးဖြတ်ချက်ကို အထူးသတိပြုသင့်ပါကြောင်း တင်ပြအပ်ပါသည်။ “ ပဋိညာဉ်စည်းကမ်းချက်များကို စာချုပ်စာတမ်းပြု၍ ရေးသားထားလျှင် ထိုစာချုပ်စာတမ်းမှတစ်ပါး အခြား သက်သေခံချက် တင်သွင်း၍ ထို ပဋိညာဉ်စည်းကမ်းချက်များကို ထင်ရှားအောင် ပြုနိုင်ခွင့်မရှိ။ ထိုကဲ့သို့ ပဋိညာဉ်စည်းကမ်းချက်များကို စာချုပ်စာတမ်းပြုလုပ် မှတ်တမ်းတင်ထားသည်ဖြစ်၍ ထိုစာချုပ်ပါစည်းကမ်းကို တင်သွင်းကာ ပဋိညာဉ် စည်း ကမ်းချက်များ ထင်ရှားအောင် ပြသပြီးဖြစ်လျှင် ထိုစာချုပ်ချုပ်ဆိုသူတို့သည် ပဋိညာဉ်စည်းကမ်းချက်များ ဆန့်ကျင်စေရန်အလို့ငှာလည်းကောင်း ပြင်ဆင်ရန် အလို့ငှာလည်း ကောင်း၊ ဖြည့်စွက်ရန်အလို့ငှာလည်းကောင်း၊ နုတ်ပယ်ရန်အလို့ငှာလည်း ကောင်း၊ နှုတ်ကတိ သို့မဟုတ် ပြော ဆိုချက် တစ်စုံတစ်ရာကို သက်သေခံအဖြစ် တင်သွင်းလက်ခံခြင်း မပြုရ၊ စာချုပ်စာတမ်းတွင် ပါရှိသော စကားရပ်များ သည် ချို့တဲ့မှုရှိခြင်း၊ သို့မ ဟုတ် အဓိပ္ပါယ် နှစ်ခွထွက်ခြင်း ရှိစေကာမူ ထိုစကားရပ်များ၏ အဓိပ္ပာယ် ပြဆိုသည့် အနေနှင့် အကြောင်းခြင်းရာနှင့်ပတ်သတ်၍ သက်သေခံချက် မတင်သွင်းနိုင်။ “ (ဒေါ်ကျင်ဥနှင့် ဦးညွန့်မောင်၊ ၁၉၇၂ ခု မြန်မာနိုင်ငံစီရင်ထုံး စာ - ၁ ) (အထက်ပါ အကြောင်းအရာများကို “ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၂၄၁” မှ ကောက်နုတ်ကာ ဖော်ပြထားခြင်းဖြစ်ပါသည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ပွဲစားမလို အိမ်အမြန်ရောင်းထွက်နည်း စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်းရောင်းထွက်လိုပါသလား Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties