By 7daydaily, Shweproperty.com
Updated at 11 February 2015
အစိုးရ၏ မြို့သစ်စီမံကိန်းအချို့ရပ်ဆိုင်းမှုများကြောင့် မြေကစားသူများ ယုံကြည်မှုပျောက်ဆုံးလာပြီး ဈေးကွက်တွင် အရောင်းအဝယ်နည်းလာကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ ၂၀၁၃ တွင် ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်းနှင့် ၂၀၁၄ စက်တင်ဘာ၌ ရန်ကုန်မြို့ အနောက်ပိုင်းမြို့စီမံကိန်းများ ရပ်ဆိုင်းပြီးနောက် အိမ်ခြံမြေဈေး ကစားသူများ အရှုံးပေါ်ခဲ့သည်မှာ သာဓကတစ်ခုဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ လက်ရှိတွင် ရန်ကုန်-ဒလ တံတားစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မည်ဟု သတင်းများ ထွက်ပေါ် လာသော်လည်း လုပ်ငန်းရှင်များသိရှိမှုနှင့် စိတ်ဝင်စားမှု နည်းပါးကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ ‘‘ဒလဘက်ကမ်းမှာ အရောင်းအဝယ်အေးနေတာကတော့ အခုအချိန်ထိပဲ။ တကယ်လို့ တံတားစီမံကိန်းပြန်ပေါ်လာရင်တောင် သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီးလှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ်မထင်ဘူး’’ဟု Perfect World အိမ်ခြံမြေနှင့် စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ ကိုနိုင်ကပြောသည်။ ပန်းဆိုးတန်း-ဒလတံတား တည်ဆောက်မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဒလဘက်ကမ်းရှိ အိမ်ခြံမြေဈေးနှုန်းများ တစ်ရှိန်ထိုးတက်လာပြီး စီမံကိန်း အကောင်အထည် မပေါ်လာ၍ မြေကြိုဝယ်ထားသူများ ဒုက္ခရောက်ရကြောင်း ၎င်းကပြောသည်။ ‘‘အိမ်ခြံမြေ အကျိုးဆောင်တွေက ကြီးကြီးမားမားမထိခိုက် နိုင်ပေမယ့် ကြားထဲကနေ ပိုက်ဆံကိုင်ပြီး ဈေးဝင်ကစားတဲ့ လူတွေကတော့ စီမံကိန်းတွေပျက်တိုင်း အထိနာပါတယ်’’ဟု မာစတာအိမ်ခြံမြေလုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောသည်။ ခြံ၊ မြေအချို့မှာ အရောင်းအဝယ်မပြုလုပ်သေးဘဲ စီမံကိန်းအတည်ပြုသတင်းကို ဆက်လက်နားစွင့်နေကြကြောင်း ဒလမြို့နယ် အိမ်ခြံမြေအကျိုးဆောင်များ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ စီမံကိန်းလျာထားသည့် မြေနေရာအနီးရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် လွန်ခဲ့သည့် လပိုင်းခန့်က ပေ၄၀ × ပေ၆၀ မြေကွက်ကို သိန်းတစ်ထောင့်နှစ်ရာ၊ သိန်းတစ်ထောင်ဝန်းကျင်ဖြင့် ရောင်းမည်ဟု ဆိုထားသော်လည်း ယခုတွင် တေ့တေ့ဆိုင်ဆိုင်ရောင်းမည့်သူမရှိသေးကြောင်း၊ ဝယ်လက်များ လာရောက်စုံစမ်းသော်လည်း နည်းပါးနေသေးကြောင်း ဒလမြို့နယ်၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုကဆိုသည်။ ယခင်က ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်းကြောင့် ကားလမ်းမဘေးရှိ ပေ၄၀× ပေ၆၀ မြေတစ်ကွက်၏ တန်ဖိုးမှာ ကျပ်သိန်းလေးထောင်မှ ငါးထောင်အထိ ဈေးရှိခဲ့သည်။ လက်ရှိတွင် ယင်းမြေကွက်များမှာ ထက်ဝက်ခန့် ဈေးကျဆင်း လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရသည်။ ယခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်နေပြီး ရွေးကောက်ပွဲနောက်ပိုင်း၌ ဈေးနှုန်း ထပ်မံကျဆင်း သွားနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties