By Myanmar Times, Shweproperty.com
Updated at 1 October 2015
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ လမ်းခွကျေးရွာ အုပ်စု၊ ဈေးကုန်းကျေးရွာတွင် လယ်မြေများကို မြေကွက်များရိုက်၍ ရောင်းချလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက တားမြစ်ထားသော်လည်း ဆက်လက်ပြီး အရောင်းအဝယ်များ ပြုလုပ်နေကြောင်း ဒေသခံလယ်စိုက်တောင်သူများက ယခုလလယ်ပိုင်းက ပြောသည်။
လယ်မြေများကို မြေကွက်များရိုက်၍ ရောင်းချလာသဖြင့် အရောင်းအဝယ်မပြုလုပ်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်များ စိုက်ထူ သော်လည်း၊ အရောင်းအဝယ်များ ပြုလုပ်နေကြောင်း လမ်းခွကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်စိုးကပြောသည်။ "လယ်မြေတွေကို အရောင်းအဝယ် မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အခု မြို့နယ်ကလည်း တားမြစ်မိန့်တွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ အခုထိတော့ အရောင်းအဝယ်လုပ်နေကြတယ်။ တားမြစ်ဆိုင်းဘုတ် တွေလည်း စိုက်ထူထားပါတယ်။ ပြီးတော့ လယ်၊ ယာမြေ ဥပဒေတွေလည်း ရှိတဲ့အတွက် တားမြစ် ထားတာပါ" ဟု ၎င်းက ပြော သည်။
လယ်မြေများကို အကွက်များရိုက်၍ လယ်ပိုင်ရှင်များက ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ရောင်းချလာခဲ့ရာ ယခုအခါတွင် အကွက်ပေါင်း ၄၂ ကွက်အထိ ရှိလာကြောင်း၊ လယ်မြေများကို တခြားနည်းဖြင့် အသုံးချပြုလုပ်လိုလျှင် လယ်ယာမြေဥပဒေအရ တားမြစ်နိုင်ကြောင်း ဦးတင်စိုးကပြောသည်။ "ဥပဒေနဲ့မညီညွတ်တဲ့အတွက် အရောင်း အဝယ်မပြုလုပ်ဖို့ တားမြစ်ပေမယ့် အရောင်း အဝယ်ကတော့ လုပ်နေကြတာပဲ။ ရောင်းတဲ့ လယ်ပိုင်ရှင်တွေကိုလည်း တားမြစ်ထားတာပဲ။ လာဝယ်တဲ့သူတွေကမြို့ခံတွေမဟုတ် ပါဘူး။ အခုလိုအကွက်ရိုက်ပြီးရောင်းချလို့ တခြားတောင်သူတွေကလည်း တိုင်တဲ့စာတွေ ထွက်ထားပါတယ်" ဟု ၎င်းကပြောသည်။ အဆိုပါ လယ်မြေများပေါ်တွင် အဓိက အားဖြင့် စပါးစိုက်ပျိုးကြကြောင်း၊ မြေကွက်များရိုက်၍ ရောင်းချလာသည်မှာ ယခုအခါတွင် ဧက ပေါင်း ၁၀ ဧကကျော်ရှိလာကြောင်း၊ ပေ ၄၀ x ၆၀ ရှိသော မြေကွက်တစ်ကွက်ကို ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၄၀ အတွင်းဈေးရှိကြောင်း၊ မြေကွက်များရိုက်၍ရောင်းချလာသဖြင့် လယ်စိုက်တောင်သူများ ရေသွယ်ယူရာတွင် အခက်အခဲများဖြင့်ကြုံတွေ့လာကြောင်း ဒေသခံလယ်စိုက်တောင်သူတစ်ဦး ကပြောသည်။
"လယ်မြေက လယ်မြေအတိုင်းပဲ ရှိသင့် ပါတယ်။ အခုလိုခြံတွေခတ်တော့ လယ်စိုက်ရင် ရေသွယ်တန်းဖို့ အခက်အခဲတော်တော် လေးရောက်ပါတယ်။ အောက်က လယ်တွေ လည်း ရေရဖို့ခက်ခဲကုန်တယ်။ ရေမြောင်း တွေကို ပိတ်ပစ်တော့ ပိုဆိုးတာပေါ့။ အဆောက် အအုံတွေ ဆောက်လုပ်လာရင် လယ်စိုက်တောင်သူတွေ ပိုပြီးဒုက္ခရောက် နိုင်ပါတယ်" ဟု ၎င်းကပြောသည်။
လမ်းခွကျေးရွာကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေ ဧက ၂,၆၀၀ ခန့်ရှိကာ ပလပ်မြေဧက ပေါင်း ၅၈ ဧက ရှိကြောင်း သိရသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties