By Myanmar Times, Shweproperty.com
Updated at 31 December 2015
ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် နိုင်ငံခြားသားများကို ဒေါ်လာနှင့် အဓိကထား ငှားရမ်းသည့် တန်ဖိုးမြင့် လုံးချင်းအိမ် အငှားဈေးကွက် ဈေးနှုန်းများ သိသိသာသာ ကျဆင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
ပြီးခဲ့သည့် နှစ်များအတွင်းပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာမှုကြောင့် တန်ဖိုးမြင့်လုံးချင်း အငှားဈေးကွက်ကောင်းမွန်ခဲ့ သော်လည်း လက်ရှိ အမေရိကန်ဒေါ်လာ ဈေးနှုန်း မြင့်တက် လာမှုကြောင့်လုံးချင်းအိမ် အငှားဈေးကွက် ကျဆင်းလာရခြင်း ဖြစ်သည်။
"ဒေါ်လာဈေးက သိသိသာသာ တက်လာတော့ တစ်လငှားရမ်းခကို မြန်မာငွေနဲ့ တွက်လိုက်ရင် သိသိသာသာ ဈေးကွာသွားတယ်။ ဒေါ်လာဈေးတွေတက်တော့ အိမ်ရှင်တွေ ဘက်က ဈေးလျှော့ပေးလို့ အိမ်ဈေးတွေ ကျသွားပေမယ့် ဈေးကွက်ကိုက ကျနေဆဲပါပဲ။ မြန်မာငွေနဲ့ပဲ ငှားရမ်းရတဲ့ လုံးချင်းအိမ်တွေ လည်း အခုချိန်မှာ အငှားဈေးတွေ ကျနေပါ တယ်"ဟု Estate Myanmar Enterprise အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးထူးမြတ်နိုင်က ပြောသည်။
လက်ရှိတွင် တစ်လငှားရမ်းခ အမေရိကန် ဒေါ်လာ ၅၀၀၀ ကျော်ခန့်ရှိသည့် လုံးချင်းအိမ် အငှားဈေးကွက်အေးနေပြီး ယခင်ထက် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းလာနေသည်ဟုလည်း ၎င်းက ပြောသည်။ "အရင်က ဈေးကွက်ကောင်းခဲ့ပြီး နိုင်ငံ ခြားသားအများစု ငှားရမ်းလေ့ရှိတဲ့ တန်ဖိုးမြင့် လုံးချင်းအိမ်တွေက အပြင်အဆင် ဒီဇိုင်းနဲ့ တည်နေရာကို လိုက်ပြီး အခု ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းလောက်ထိ အငှားဈေး တွေ ကျလာပါတယ်။ ဈေးကွက်လည်း အရင် ကထက် အေးနေပါတယ်"ဟု ဦးထူးမြတ်နိုင် က ပြောသည်။ လုံးချင်းအိမ်တစ်အိမ်၏ အငှားဈေးမှာ မြို့နယ်၊ အိမ်အကျယ်အဝန်းနှင့် အပြင်အဆင်တို့အပေါ် မူတည်ကာ တစ်လလျှင် မြန်မာငွေ သိန်း ၂၀ မှ သိန်း ၁၀၀ ကျော်အထိ ပေါက်ဈေး ရှိပြီး ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ်များ သည် အခြား မြို့နယ်များထက် လုံးချင်းအိမ်ငှားရမ်းမှု ပိုမိုများပြားကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ အိမ်ထောင်ပရိဘောဂ အပြည့်အစုံပါဝင်သော အိမ်များကိုသာ ငှားရမ်းနေထိုင် သူများ ပိုမိုနှစ်သက်ကြသဖြင့် အိမ်အများစုတွင် ပရိဘောဂပစ္စည်းများနှင့် အိမ်အတွင်းအပြင် အဆင်များကို အိမ်ရှင်များဘက်က ပိုမိုပြုလုပ် လာခဲ့ကြသော်လည်း ဈေးကွက်ကျဆင်းနေဆဲ ဖြစ်သည်။ တန်ဖိုးမြင့် လုံးချင်းအိမ် အငှား ဈေးကွက် ကျဆင်းနေသော်လည်း ကွန်ဒိုတိုက် များနှင့် ငှားရမ်းခတူညီသည်ဟု ပြောနိုင်သော တစ်လငှားရမ်းခ သိန်း၂၀ မှ ၃၀ ကြားရှိသော လုံးချင်းအိမ်များ၏ အငှားဈေးကွက်မှာမူ ဈေးကွက်ကောင်းမွန်နေဆဲ ဖြစ်သည်ဟု ဦးထူးမြတ်နိုင်က ပြောသည်။
တန်ဖိုးမြင့် လုံးချင်းအိမ်အငှားဈေးကွက် ကျဆင်းလာသည့်နည်းတူ ယခင်က ဈေးကွက် ကောင်းမွန်ခဲ့သည့် လုံးချင်းအိမ်အရောင်း ဈေးကွက်မှာလည်း အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သည့် ယခုနှစ်တွင် ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းလာလျက်ရှိ သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "တချို့ လုံးချင်းအိမ်တွေရဲ့ ရောင်းဈေးက ဒီနှစ်ထဲမှာ ၃၀ ရာခိုင်နှုန်းလောက်အထိ လျှော့ရောင်းလာကြတယ်။ တချို့အိမ်တွေကတော့ ဈေးအမြင့်ပိုင်းမှာပဲ တင်းခံနေတုန်းပဲ။ ဒီလိုလုံးချင်းအိမ်တွေက ဈေးအရမ်းမြင့်တော့ တော်ရုံ ရင်းနှီးမြှုပ်နှံသူတွေက မဝယ်ကြပါ ဘူး။ အိမ်ဈေးတွေကျသွားပေမယ့် ကျဈေးနဲ့ မရောင်းဘဲ တင်းခံနေသူတွေရှိတယ်။ လုံးချင်း အိမ်အရောင်းဈေးကွက်ကတော့ ဒီနှစ်မှာ တော်တော်အေး တယ်လို့ ပြောရမယ်ထင် တယ်"ဟု သစ္စာအိမ်ခြံမြေ အကျိုးဆောင် ဒေါ်သူဇာမေက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားသား ငှားရမ်းနေထိုင်မှု များပြားခဲ့သည့် ၂၀၁၃ ခုနှစ်တွင် လုံးချင်းအိမ်အငှားနှင့် အရောင်းဈေးကွက်မှာ ဈေးကွက်ကောင်းမွန် ခဲ့သော်လည်း လက်ရှိအချိန်တွင် ရင်းနှီး မြှုပ်နှံမှု နည်းပါးလာခြင်းနှင့် အသစ်ပေါ်ထွက် လာသော အရစ် ကျငွေပေးချေရသည့် အိမ်ရာ သစ်များနှင့် ဘီအိုတီစနစ်ဖြင့် နှစ်ရှည်ငှားရမ်း နေထိုင်နိုင်သော အိမ်ရာသစ်များကြောင့် ဈေးကွက်အေးလာခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
"အရင်က ဈေးကွက်ကောင်းမွန်ပြီး ငှားရမ်းနေချင်သူ များပြားတဲ့ လုံးချင်းအိမ် တွေကို ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့သူ အများအပြား ရှိခဲ့ပေမယ့် အခုချိန်မှာ အရစ်ကျဝယ်လို့ရတဲ့ အိမ်ရာ အသစ်တွေကို ဝယ်ချင်သူ ပိုများလာကြတယ်။ ငွေကိုတစ်ခါတည်း ရင်းနှီးမြှုပ်နှံရမှာထက် အရစ်ကျပေးရတာကိုပဲ၊ ဆောက်လုပ်ဆဲ အိမ်ရာ၊ တိုက်ခန်းအသစ်တွေကိုပဲ ရင်းနှီးမြှုပ်နှံ သူတွေ များလာကြပါတယ်" ဟု ဒေါ်သူဇာမေက ပြောသည်။ လက်ရှိ အကောင်အထည်ဖော် တည် ဆောက်နေသော အဆင့်မြင့်၊ အထပ်မြင့် အိမ်ရာစီမံကိန်းများနှင့် နေထိုင်ရန် အိမ်ရာ အရေအတွက် များပြားလာခြင်းများကြောင့် လည်း လုံးချင်းအိမ်ဈေးကွက်ကျဆင်း လာရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
မြေဈေးများ မြင့်တက်လာခြင်းနှင့်အတူ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် ပိုမိုစိတ်ဝင်စားလာကြပြီး ရင်းနှီးမြှုပ်နှံမှု စရိတ် များပြားသည့်အတွက် အဆင့်မြင့် လုံးချင်းအိမ် ဆောက်လုပ်ခြင်းများလည်း ရှားပါး လာကြောင်း မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။
"အကျိုးအမြတ်ပိုင်းအရ ကွာခြားတော့ အဆောက်အအုံအသစ် ဆောက်မယ်ဆို အထပ်မြင့် အဆောက်အအုံပဲ ဆောက်ကြမှာ ဆိုတော့ လုံးချင်းအိမ်တွေက ရှားလာမှာပါ။ လုံးချင်းအိမ်တွေ ရှားလာပြီး ဈေးကွက်ကျလာ နိုင်ပေမယ့် အရောင်းနဲ့ အငှားဈေးနှုန်းတွေက တော့ တင်းခံ သူတွေများလို့ ကျမယ်ဆိုရင်တောင် ဈေးသိသိသာသာကြီးတော့ ထပ်ကျတော့မယ် မထင်ပါဘူး"ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties