By Myanmar Times, Shweproperty.com
Updated at 23 September 2015
၁၀၉ နှစ်သက်တမ်းရှိသော လောကနတ်အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်၏ ရှစ်ခုမြောက်အဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့က စက်တင်ဘာလ ၁၈ ရက် တွင် အပြာရောင် ကမ္ပည်းမော်ကွန်း တပ်ဆင်ကာ အသိအမှတ်ပြုခဲ့သည်။
၁၉၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ယင်းအဆောက်အအုံကို ဒုတိယကမ္ဘာစစ်အပြီးတွင် အစိုးရက လွှဲပြောင်း ရယူခဲ့ပြီး အပေါ်ဆုံးထပ်တွင် သစ်တောရေးရာဝန်ကြီးဌာနနှင့် မြေညီထပ်တွင် ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အစိုးရကုန်စုံဆိုင် အပါအဝင် ဝန်ကြီးဌာနများမှ ရုံးခန်းများ အသီးသီး ဖွင့်လှစ်ထားခဲ့ကြသည်။ "အောက်ထပ်မှာ အစိုးရကုန်စုံဆိုင်၊ ပထမထပ်မှာ လောကနတ်ပန်းချီပြခန်း ဖွင့်ထားတယ်။ ဘဏ္ဍာအခွန်ကနေပြီး ကာလ တန်ဖိုးသတ်မှတ်ရေး အဖွဲ့ရုံးလည်း ဖွင့်ထား တယ်။ လောကနတ်ပန်းချီပြခန်းဖွင့်ထားလို့ လောကနတ်အဆောက်အအုံလို့ လူသိများတဲ့ အဆောက်အအုံဖြစ်ပါတယ်။ အခုလို ကမ္ပည်းမော်ကွန်းတွေ လိုက်တပ်တာက အရေးပါတဲ့ အဆောက်အအုံတွေ လူပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်ပြုဖို့နဲ့ ပြည်သူတွေ ကလည်း အဆောက်အအုံတွေရဲ့သမိုင်း ကြောင်းကို သိရှိတန်ဖိုးထားနိုင်ဖို့ပါ" ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အကြီးတန်းစီမံကိန်းအရာရှိ ဦးကြံတိုင်းအောင်က ပြောသည်။
ထိုအဆောက်အအုံကို ယခင်က ဆိုဖဲရ် အဆောက်အအုံဟု လူသိများပြီး ဘဂ္ဂဒက် မြို့မှပြောင်းရွှေ့လာသည့် ဂျူးလူမျိုးကုန်သည် Issace Sofaer က ပုံစံရေးဆွဲ၍ နာမည်ကျော် ဗိသုကာပညာရှင် Thomas Swales က တည်ဆောက်ခဲ့သည်။ Bank of Burma နှင့် China Mutual Life Insurance Company အပါအဝင် ငွေကြေးနှင့် အာမခံရုံးများကို ယင်း အဆောက်အအုံတွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် အိန္ဒိယ စူရတီကုန်သည်မိသားစုက ဝယ်ယူခဲ့ပြီး ရန်ဒါရီးယား အဆောက်အအုံ အဖြစ် အမည်ပြောင်းခဲ့ကာ အီဂျစ်ဆေးပြင်း လိပ်များ၊ မြူးနစ်ဘီယာနှင့် အင်္ဂလန်မှ ဇိမ်ခံ ပစ္စည်းများကိုလည်း ယင်းအဆောက်အအုံတွင် ကုမ္ပဏီများက ခေတ်အဆက်ဆက်တွင် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့ကြ သည့် ရန်ကုန်မြို့၏ ထင်ရှားသော အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီးမှစတင်ကာ နိုင်ငံတော်မှ ယင်းအဆောက်အအုံကို လွှဲပြောင်းရယူခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် အပြင် ၁၉၇၁ ခုနှစ်မှ စတင်ကာ ပထမထပ် တွင် လောကနတ်ပန်းချီပြခန်းကို စတင် ဖွင့်လှစ်ခဲ့သည့်အတွက် ရန်ကုန်မြို့နေ ပြည်သူများက ယင်းအဆောက်အအုံကို လောကနတ်အဆောက်အအုံအဖြစ် အသုံးပြု ခဲ့ပြီး ယင်းအမည်ဖြင့်သာ သတ်မှတ်ခေါ်ဝေါ် လာခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အစောဆုံး ခေတ်ပြိုင်အနုပညာလက်ရာများကိုပြသရာ ထင်ရှားသည့်ပြခန်းတစ်ခုအဖြစ် ထင်ရှားခဲ့သည့် အပြင် နာမည်ကျော်ပန်းချီပညာရှင်များ ကိုလည်း မွေးထုတ်ပေးခဲ့သည့် သမိုင်းဝင်အဆောက်အအုံ တစ်ခု ဖြစ်သည်။ လွန်ခဲ့ သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က အင်္ဂလန် နိုင်ငံ၊ မန်ချက်စတာမြို့မှ တင်သွင်းဆောက် လုပ်ထားသည့် မူလကြမ်းခင်းပြားများကို လည်း ထိုအဆောက်အအုံတွင် ယခုထက်တိုင် တွေ့မြင်နိုင်သည်။
အပြာရောင်ကမ္ပည်း မော်ကွန်းများ တပ်ဆင်ကာ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဆောက် အအုံအဖြစ် သတ်မှတ်ပြီးပါက အများပြည်သူအတွက် အသုံးပြုရမည်ဖြစ် သကဲ့သို့ အကြောင်းမဲ့ဖြိုဖျက်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ ပြန်လည်တည်ဆောက် ခြင်း ပြုလုပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆယ်စုနှစ်နှစ်စုကျော်ကာလအတွင်း ရန်ကုန် မြို့တော်တွင် သမိုင်းဝင်အဆောက်အအုံ အများအပြား ဆုံးရှုံးခဲ့ရသည့်အတွက် ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ကာ သမိုင်းဝင်အဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့်အပြင် လူနေထိုင်ဆဲဖြစ်သည့် အဆောက်အအုံများ၊ ရုံးခန်းကုမ္ပဏီများ ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် သမိုင်းဝင်အဆောက်အအုံများ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်း ပြင်ဆင်မှုများ ဆောင်ရွက်လိုပါကလည်း မူလလက်ရာမပျက် ထိန်းသိမ်းလျက်ရှိကြောင်း ဦးကြံတိုင်းအောင်က ပြောသည်။
"ရန်ကုန်မှာ ရှိတဲ့သမိုင်းဝင်အဆောက် အအုံတွေကို ဝန်ကြီးဌာနအလိုက်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံဖြစ်နေရင်လည်း သူ့အစီအစဉ်နဲ့သူ ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ အခု နောက်ဆုံးထွက်ရှိလာတဲ့ ရှေးဟောင်းအဆောက်အအုံ ကာကွယ်ထိန်းသိမ်းခြင်းဥပဒေအရကော၊ စည်ပင်ကပြဋ္ဌာန်းထားတဲ့ အဆောက်အအုံပြဋ္ဌာန်းချက်တွေအရပါ ပြင်ဆင်မှုလုပ်မယ်ဆိုရင် ခွင့်ပြုချက်အဆင့်ဆင့် ယူရမှာပါ။ သမိုင်းအမွေအနှစ်အဆောက်အအုံတွေ ပျောက်ကွယ်သွားမှု မရှိအောင် အစီအစဉ်တကျနဲ့ လုပ်သွားမှာပါ " ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးခင်မောင်တင့်က ပြောသည်။ မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အသိအမှတ်ပြု အဆောက်အအုံအဖြစ် မြို့တော်ခန်းမ၊ ဧရာဝတီဘဏ်ရုံးချုပ်၊ အာမေးနီးယန်း ခရစ်ယာန်ဘုရားကျောင်း၊ ဗဟိုမီးသတ်ရုံး၊ ရန်ကုန်စာတိုက်ကြီး၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံများတွင်လည်း ကမ္ပည်းပြား များကိုတပ်ဆင်ခဲ့ပြီး ဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties