By Ra Wai, Shweproperty.com
Updated at 11 June 2020
ဒလမြို့နယ် ရန်ကုန်မြစ်နံဘေး ကျပ်သိန်း ၇၅၀၀၀ တန်ဖိုးရှိ မြေအပါအအဝင် စီးပွားရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် မြေဝယ်ယူခွင့်ရရှိသူများစာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ စီးပွားရေး၊ စက်မှုလုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန်တိုင်းအစိုးရက ထပ်မံဝယ်ယူခွင့်ချပေးခဲ့သည့် မြေနေရာများသည် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် ၁၂ ခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ၁၀ ခု၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ၂၃ ခု၊ ဒလမြို့နယ်တွင် နှစ်ခု၊ ရွှေပြည်သာမြို့နယ်တွင် ခုနစ်ခု၊ မြောက်ဥက္ကလာပမြို့နယ်တွင်နှစ်ခုနှင့် လှိုင်သာယာမြို့နယ်တို့တွင် တစ်ခုတို့အား ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ စီမံခန့်ခွဲမှု ကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် လည်းကောင်း၊ လူနေထိုင်ရန်အတွက် လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ်ပေးသွင်းပြီး အသုံးပြုခွင့်ပေးမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို သတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်း မိမိအစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ မတ် ၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နီးစပ်ရာမြို့နယ် စည်ပင်သာယာရေး ရုံးအဖွဲ့များတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝက်ဘ်ဆိုက်တွင် အသိပေးကြေညာခဲ့ကြောင်း၊ ပြန်လည်တင်သွင်းလာသည့် လျှောက်လွှာများကို စည်းကမ်းချက်များ စုံ၊ မစုံ စိစစ်ဆောင်ရွက်ခဲ့ရာ ဝယ်ယူခွင့်ရရှိသူများစာရင်းတွင် ပါရှိသည့် ဝယ်ယူခွင့်ရရှိသူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဇွန် ၉ ရက်မှ စတင်ဆက်သွယ်ပြီး နှစ်လအတွင်း ငွေပေးသွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ထပ်မံရောင်းချမည့် မြေစာရင်းများကိုလည်း ထုတ်ပြန်ထားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော် လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ် ပေးသွင်းပြီး သတ်မှတ်ထားသည့် မြေအသုံးပြုခွင့်လျှောက်လွှာ ပုံစံအတိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝယ်ယူလိုသည့် မြေကွက်တည်ရှိရာမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးများတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ပြီး လျှောက်လွှာများကို ဇွန် ၃၀ ရက် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံရောင်းချမည့် မြေနေရာများမှာ ဒဂုံအရှေ့မြို့နယ်တွင် ခုနစ်ခု၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ကိုးခု၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ခုနစ်ခု၊ ရွှေပြည်သာ မြို့နယ်တွင် ရှစ်ခုနှင့် မြောက်ဥက္ကလာမြို့နယ်တွင် တစ်ခုတို့ဖြစ်ကြောင်း သိရသည်။
မြေအသုံးပြုခွင့်လျှောက်ထားသူများသည် မြေပေါ်တွင် ဆောင်ရွက်လိုသည့် လုပ်ငန်းဖော်ပြရန်၊ လျှောက်လွှာတစ်စောင်လျှင် မြေတစ်ကွက်သာ လျှောက်ထားရန်၊ သတ်မှတ်လျှောက်လွှာပုံစံအတိုင်းသာ တင်ပြရန်၊ ငွေကြေးအထောက်အထား တင်ပြရန်၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မည့် အချက်အလက်များကို ပူးတွဲတင်ပြရန်၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများစီမံခန့်ခွဲမှု ကော်မတီမှ မြေဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားသည့်နေ့မှ နှစ်လအတွင်း ငွေအကြေပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြေဝယ်ယူခွင့်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဝယ်ယူခွင့်ရရှိထားသော မြေကွက်အား သုံးနှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရန်၊ ဝယ်ယူခွင့်ရရှိထားသော မြေကွက်အပေါ်ဆောက်လုပ်မည့် အဆောက်အဦးများသည် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များ အတိုင်းဆောက်လုပ်ရန်၊ ဝယ်ယူခွင့်ရရှိသော မြေကွက်ကို လျှောက်ထားသူနာမည် ဖြင့်သာရောင်းချရန် (၃နှစ်အတွင်း အမည်ပြောင်းခွင့်မပြု)၊ မြေကွက်တစ်ကွက်ပေါ်တွင် အပြိုင်အဆိုင်လျှောက်ထားမှုရှိခဲ့လျှင် စီမံခန့်ခွဲမှုကော်မတီသည် လျှောက်ထားသူများ၏ အဆိုပြုတင်ပြချက်များကို စိစစ်ပြီး အသင့်လျော်ဆုံး လျှောက်ထားတင်ပြသူ တစ်ဦးအား ရွေးချယ်ခွင့်ပြုသွားရန်၊ မြေအသုံးပြုခွင့်ရရှိသူသည် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်၊ ပျက်ကွက်ပါက ခွင့်ပြုထားသောမြေကိုလည်းကောင်း၊ မြေပေါ်ရှိ အဆောက်အဦးများကို လည်းကောင်း ပြန်လည်သိမ်းယူမည်ဖြစ်ပြီး ပေးသွင်းငွေများကို ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။
Ref By: Eleven Media
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties