By EMG, Shweproperty.com
Updated at 23 December 2012
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောက်လုပ်သွားမည့်အိမ်ရာစီမံကိန်းနှစ်ခုတွင် တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုနိုင်မည့် ကျပ်သိန်း၁ဝဝ ဝန်းကျင် အိမ်ရာ ၃ဝ ရာခိုင်နှုန်းခန့်သာ ပါဝင်ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦး စီးဌာနမှ သတင်းရရှိသည်။
အဆိုပါအိမ်ရာစီမံကိန်းနှစ်ခုမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်အိမ်ရာစီမံကိန်းနှင့် ရတနာအိမ်ရာစီမံကိန်းတို့ဖြစ်ပြီး စီမံကိန်းအိမ်ရာဖော်ဆောင်မည့်မြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဧရာဝဏ်စီမံကိန်းမှာ ဧက ၁ဝ၂ ဒသမ ၄ ဧကရှိပြီး အဆိုပါ မြေကွက်ပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက်အလုံးရေ ၄၃ လုံး၊ ခြောက်ခန်းတွဲကိုးထပ်တိုက်အလုံးရေ ၂၁ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက်အလုံးရေ ၁ဝ လုံးတည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာစတုရန်းပေအကျယ်အဝန်း မတူညီသည့် တိုက်ခန်းပေါင်း ၄၇၁ဝ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။
အလားတူ ရတနာအိမ်ရာစီမံကိန်းတွင် ဧက ၁ဝ၇ ဒသမ ၇ ဧကပါဝင်ပြီး အဆိုပါ မြေကွက်ပေါ်တွင်ရှစ်ခန်းတွဲ ကိုးထပ်တိုက်အလုံးရေ၄၆ လုံး၊ ခြောက်ခန်းတွဲကိုးထပ်တိုက်အလုံးရေ ၃၃ လုံးနှင့်လေးခန်းတွဲ ၁၂ ထပ်တိုက်အလုံးရေ ၁၃ လုံးတည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာစတုရန်းပေအကျယ်အဝန်းမတူညီ သည့် တိုက်ခန်းပေါင်း ၅၇၁၈ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ လူနေအိမ်ရာနှစ်ခုအားအဆင့်မီဖွဲ့စည်းနိုင်ရန်အတွက် လူနေအိမ်ရာ ၄ဝ ရာခိုင်နှုန်း၊ စိမ်းလန်းမြေ၊ ပန်းခြံ၊ အားကစားကွင်းနှင့် အပန်းဖြေစခန်းသုံးရာခိုင်နှုန်း၊လမ်း၊ ရေမြောင်းနှင့် Utility ဧရိယာ၂ဝ ရာခိုင်နှုန်း၊ ဟိုတယ်၊ စူပါမား ကတ်စသည့် စီးပွားရေးဇုန် ၁ဝ ရာခိုင်နှုန်း၊ ကျောင်း၊ ဆေးခန်း၊ ဓမ္မာရုံ၊ရပ်ကွက်ရုံးများအတွက် ခုနစ်ရာခိုင်နှုန်းအသုံးပြုသွားမည် ဖြစ်သည်။
အဆိုပါ အိမ်ရာစီမံကိန်းများအနက် ဧရာဝဏ်အိမ်ရာမှာ မြေကွက်နှင့် လူမှုဆိုင်ရာအဆောက်အအုံများနှင့် အခြားအဆောက်အအုံများ အပါအဝင်ကျပ်သိန်းပေါင်း ၁၈၂၅၃၅၉ ဒသမ ၅၂ သိန်းကုန်ကျမည်ဖြစ်ပြီး အလားတူ ရတနာအိမ်ရာစီမံကိန်း မှာလည်းကျပ်သိန်းပေါင်း ၂၂၅၇၇၅၅ ဒသမ ၈၄ သိန်းကုန်ကျမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ကုန်ကျငွေများအပေါ် အခြေပြု၍ တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့်တန်ဖိုးမြင့်တိုက်ခန်းဈေးနှုန်းအားအခြေပြုတွက်ချက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
''လက်ရှိဆောက်လုပ်မယ့် ဧရာဝဏ်အိမ်ရာစီမံကိန်းနဲ့ရတနာအိမ်ရာစီမံကိန်းမှာ တန်ဖိုးနည်းတိုက်ခန်းက၃ဝ ရာခိုင်နှုန်းဝန်းကျင်ပါဝင်မှာ ဖြစ်ပြီး တန်ဖိုးလတ်နဲ့တန်ဖိုးမြင့် တိုက်ခန်းက ၇ဝ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ဆောက်လုပ်မှာပါ''ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။
အဆိုပါအိမ်ရာများအတွက် စီမံကိန်းကာလနှင့်တည်ဆောက်ခြင်းကာလသုံးနှစ်သတ်မှတ်ထားပြီး ၁ဝနှစ်မှ နှစ် ၃ဝ အထိ အရစ်ကျငွေချေစနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ လစဉ်ဝင်ငွေ ၈၈ဝဝဝ ရရှိနေသူ၏ လစာဝင်ငွေ ၃ဝ ရာခိုင်နှုန်းအပေါ် အခြေပြုတွက်ချက်ထားကြောင်း လည်း သိရသည်။
လက်ရှိ အကောင်အထည်ဖော်ဆောင်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှာ ကာလရှည်အရစ်ကျပေးသွင်းနိုင်သော်လည်း ကျပ်သိန်း၁ဝဝ ဝန်းကျင်အထိဈေးနှုန်းသတ် မှတ်ရောင်းချမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုနိုင်သည့် ယုဇနဥယျာဉ်မြို့တော်မှာရေရရှိမှုနှင့် သွားလာရခက်ခဲသည့် နေရာတွင် ရှိနေသော်လည်း မြေညီထပ် တိုက်ခန်းများကိုပင် ကျပ်သိန်း၆ဝ ဝန်းကျင်နှင့် အထက်ဈေးနှုန်းရှိနေကြောင်း သိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုတွင် တန်ဖိုးနည်းတိုက်ခန်း ၃ဝ ရာခိုင်နှုန်းနှင့် တန်ဖိုးလတ်နှင့်တန်ဖိုးမြင့် တိုက်ခန်း ၇ဝ ရာခိုင်နှုန်းပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
''ကျွန်တော်တို့ဌာနကနေ တန်ဖိုးနည်း အိမ်ရာတွေဆောက်မယ်ဆိုတော့လူတွေကမေးမြန်းကြပါတယ်။ဘယ်မှာဆောက်မှာလဲ။ ဘယ်လောက်ဆောက်မှာလဲ၊ ဘယ်သူတွေကိုဦးစားပေးရောင်းမှာလဲဆိုတာ မျိုးတွေမေးကြပါတယ်။ ဒါတွေက ဖြေဖို့လည်းခက်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့မူဝါဒချမှတ်ပြီး ရောင်းချမှာ ဖြစ်သလို ဈေးကစားမဲ့သူ လက်ထဲ မရောက်အောင် စနစ်တကျထိန်း ကွပ်ရောင်းချသွားမှာပါ''ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးဦးဝင်းဇော်က ပြောကြားသည်။
အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့်ယခုဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့်စံချိန်၊စံညွှန်းနှင့်အဆောက်အအုံပုံစံအတိုင်းစံချိန်မီဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties