By The Voice Weekly, Shweproperty.com
Updated at 18 July 2017
ဝင်ငွေနည်းပြည်သူများ အိမ်ပိုင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာများကို ဩဂုတ်လ ၁ ရက်မှစပြီး နိုင်ငံသားမည်သူမဆို ဝယ်ယူနိုင်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ အိမ်ရာဌာနခွဲက ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
ထို့ပြင် အိမ်ပိုင်မရှိသူများကို ရောင်းချပေးမည့် အဆိုပါအစီအစဉ်တွင် လိမ်လည်ဝယ်ယူခြင်းဖြစ်ပါက ဝယ်ယူသည့်အိမ်ခန်း တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး လူတစ်ဦးလျှင် အများဆုံး တစ်ခန်းသာဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၊ နိုင်ငံဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ငါးနှစ်ရှိရန်လိုအပ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာထားသည်။
အိမ်ခန်းပေါင်း ၉၀၀ ခန့်ကို ရောင်းချပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းဝယ်ယူရန် စုငွေပြည့်သူများကို အစဉ်အတိုင်းရောင်းချပေးမည်ဟု ဦးဝင်းနိုင်က ဆိုသည်။
အိမ်ခန်းဝယ်ယူရန် ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဗိုလ်ချုပ်လမ်းက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနတွင် လျှောက်လွှာတင်ရမည်ဟု အဆိုပါဌာနက သတင်းထုတ်ပြန်ထားသည်။
“ငွေစုထားတဲ့သူ ၁၅,၀၀၀ ရှိတယ်။ ၃၀ ရာခိုင်နှုန်းပြည့်တာက တစ်ထောင်ကျော်ရှိတယ်။ မဲစနစ်နဲ့မရောင်းဘူး။ ငွေစာရင်းပြည့်တဲ့သူကိုပဲ Serial အတိုင်းပဲ ရောင်းချပေးမှာ”ဟု ၎င်းက ပြောဆိုသည်။
အိမ်ခန်းတန်ဖိုးများကို ကျပ် ၈၉ သိန်းမှ ကျပ် ၁၃၅ သိန်းထိ မြေညီထပ်၊ ပထမ၊ ဒုတိယနှင့် တတိယ စသည်ဖြင့် အထပ်အလိုက် ဈေးနှုန်းခွဲခြားသက်မှတ်ပြီး ရောင်းချပေးမည်ဟု အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ (one stop service) ထံမှ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇန အပိုင်း (၁)၊ (၂) နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာတို့က အိမ်ခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
Ref & Photo Credit : The Voice Weekly
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties