By Myanmar Times, Shweproperty.com
Updated at 6 December 2016
တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်ထံမှ ဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချခြင်း၊ အိမ်ရာစည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရပါက Black list (အမည်ပျက်) စာရင်းသွင်းကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
အမှန်တကယ် အိမ်ရာလိုအပ်သူများ အတွက်သာ ရောင်းချရန် ရည်ရွယ်ထားသည့်အတွက် ယခုကဲ့သို့ စည်းကမ်းထားရှိရခြင်းဖြစ်ပြီး အမှန်တ ကယ် နေထိုင်ခြင်း ရှိ၊မရှိကိုလည်း မကြာခဏ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်မြင့်မြင့်မူက - "ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် သူ့ကို Black list ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီစာရင်းဝင်သွားရင်တော့ နောက်ပိုင်းမှာ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်လျှောက်လို့ မရတော့ပါဘူး။ ပုဂ္ဂလိကတွေ ဆောက်တဲ့ အပြင်အခန်းပဲ ဝယ်ရတော့မယ်။ ဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့ အခန်းတွေ ဆိုရင် အခန်းတွေမှာ အမှတ်အသားတွေ သွားကပ်ထားမှာ ဖြစ်သလို မကြာခဏလည်း ဘဏ်က အိုးအိမ်နဲ့ပေါင်းပြီး မြေပြင်မှာ သွားရောက် စစ်ဆေးမှာ ဖြစ်ပါတယ်။ မနေဘဲနဲ့ ငှားတာ၊ ပြန်ရောင်းတာ လုပ်ထားလို့မရဘူး။ တကယ် အိမ်ရာလိုအပ်တဲ့သူတွေကိုပဲ ဦးတည်တာဖြစ် တဲ့အတွက် မနေနိုင်သေးဘူး၊ လောလောဆယ် အဆင်မပြေနိုင်သေးဘူး ဆိုရင်တောင် ပိတ်ထားရမှာ ဖြစ်ပါတယ်။ ငှားတာတောင် ငှားခွင့်ပေး မထားပါဘူး" ဟု ၎င်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အိမ်ရာစည်းကမ်းချက်များအရ တိုက်ခန်းလျှောက်ထားသူများ အနေဖြင့် အိမ်ပိုင် မရှိကြောင်း ကတိခံဝန်ချက်ပါ တစ်ပါတည်း တင်ပြရမည်ဖြစ်သည်။ အိမ်ပိုင်ရှိသူများ၊ နိုင်ငံတော်ထံမှ တိုက်ခန်းရရှိထားပြီးသူများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက်မည့်အပြင် ပေးသွင်းထားသည့် တိုက်ခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်ကာ တိုက်ခန်းကို ပြန်လည်သိမ်းယူမည်ဖြစ်သည်။ ထို့ပြင် တိုက်ခန်း လျှောက်ထားသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုက်ခန်းတစ်ခန်းကိုသာ ရွေးချယ်လျှောက်ထားရန် ကန့်သတ်ထားသည်။
တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းဝယ်ယူခွင့် ရရှိထားသူများသည် ၅ နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသလို ၅ နှစ်ပြည့်မြောက်သည့် အချိန်တွင် ပြန်လည်ရောင်းချလိုပါကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် သာ ရောင်းချရန် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။
"တကယ် နေစရာအခက်အခဲရှိတဲ့သူတွေ ရစေချင်တဲ့အတွက် အိမ်ရာစည်ကမ်းစည်းမျဉ်းတွေနဲ့အညီ မကြာခဏ စိစစ်မှာပါ။ စည်းမျဉ်းစည်း ကမ်းတွေကိုလည်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကိန်များရှိ တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက် ပထမအရစ် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီအောင် ငွေပေးသွင်းထားပြီးသူများကို ဦးစားပေး ရောင်းချမည် ဖြစ်သည်။
ဩဂုတ်လကုန်မှ အောက်တိုဘာလ ၃၁ ရက်အထိ ပထမ အရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူပေါင်း ၁,၃၁၁ ယောက်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင် အများပြည်သူတို့ကို ကြေညာခဲ့ပြီး ဖြစ်သည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်များတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း တိုက်ခန်းပေါင်း ၈,၀၀၀ ကို ဆောက်လုပ်မည်ဖြစ်သည်။
Ref : Myanmar Times
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties