By 7day News, Shweproperty.com
Updated at 6 June 2013
တန်ဖိုးနည်းအိမ်ရာ မဝယ်နိုုင်သူများအတွက် တန်ဖိုးနည်း အဌားအိမ်ရာ စီမံကိန်းများကို ရန်ကုန်မြို့၏ မြို့စွန်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ရန်ကုန်မြို့မှ အခြေခံလူတန်းစားများအနေဖြင့် အစိုးရမှ မကြာမီ ရောင်းချဖွယ်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဝယ်ယူနိုင်ရန် လက်လှမ်းမမီသဖြင့် ယခုလိုတန်ဖိုးနည်း အဌားအိမ်ရာစနစ်ကို အကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အထူးသဖြင့် ၂၀၁၂-၂၀၁၄ ဘဏ္ဍနှစ်တွင် မြေဈေးသက်သာသည့် မြို့စွန်ဧရိယာများတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ အစိုးရအနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိကဖြင့်ပူးတွဲဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“မြို့စွန်တွေမှာ ခုချိန်ထိလည်း အိမ်ဌားခက အရမ်းသက်သာတယ်။ ဒါပေမဲ့ လူနေမှုစနစ်က အရမ်းယိုယွင်းနေပြီ။ ဈေးပေါလေ စုတ်လေပဲ။ ဒီအဌားချအိမ်ရာစနစ်က အရင်အစိုးရတွေတုန်းက လုပ်ပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ အစိုးရဝန်ထမ်းတွေအတွက်ပဲ အခုက အခြေခံလူတန်းစားတွေ အတွက်ဆိုတော့ ကြိုဆိုပါတယ်”ဟုရွှေကံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်က ပြောကြားသည်။
လက်ရှိတွင် အစိုးရမှ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခန်းပေါင်း ၄၀၀၀၀ ကျော်ပါဝင်သည့် သရဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ ၂၄ ခုဖြင့် စတင်တည်ဆောက်လုပ်ကိုင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေဈေးကြီးမြင့်မှုများကြောင့် အထူးသဖြင့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ဆောင်ရွက်ရန် အလွန်စရိတ်စကကြီးမားနေပြီး ဝယ်လိုအားနည်းပါးမှုဒဏ်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ခံစားနေရပြီး အရှုံးပေါ်လျက်ရှိသည်။
လက်ရှိရန်ကုန်မြို့စွန်များရှိ အိမ်ခန်းအဌားဈေးနှုန်းမှာ အိမ်တစ်လုံးချင်းစီ ဌားရမ်းပါက မြေအကျယ်ပေါ်မူတည်ပြီး အနည်းဆုံး ငွေကျပ်တစ်သိန်းမှ ၁၀ သိန်း ကျော်အထိ နေရာနှင့် မြို့နယ်အပေါ်မူတည်ပြီး ဌားရမ်းမှုများရှိကြောင်း သိရသည်။ သို့သော် အခြေခံလူတန်းစားအများစုနေထိုင်ရာ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင်မူ ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းအထိသာရှိပြီး ဈေးပေါသော်လည်း ရေ၊ လျှပ်စစ်၊ မိလ္လာအစရှိသည့် အခြေခံအဆောက်အအုံတို့မှာပြည့်စုံလုံလောက်မှုမရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။
Ref : 7days News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties