By Yangon Life, Shweproperty.com
Updated at 19 December 2016
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်းရှစ်ထောင်ကို လာမည့် နှစ်နှစ်အတွင်း ဆောက်လုပ်ပေး သွားမည်ဖြစ်ပြီး အိမ်ခန်းပေါင်း တစ်သန်းကို ၂၀၃၀ အတွင်း ဖော် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်သည်။ ဒီဇင်ဘာ ၁၈ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် တတိယအကြိမ်နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာအခန်းများကို ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က "နောင်နှစ်နှစ် အတွင်းမှာ အိမ်ခန်း ၈၀၀၀၊ ငါးနှစ်အတွင်းမှာ အိမ်ခန်းနှစ် သိန်းနဲ့ ၂၀၃၀ မှာ အိမ်ခန်းတစ်သန်းထိ ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေပါတယ်။ အိမ်ခန်း တန်ဖိုးတွေကိုလည်း ကျပ်သိန်း ၁၀၀ ခန့်ဖြစ်စေဖို့ ဆောင်ရွက်သွားမှာပါ"ဟု ပြောသည်။ လက်ရှိအစိုးရ၏ ပထမ ရက် ၁၀၀ အတွင်း တိုက်ခန်းပေါင်း ၂၂၀၀ ကျော်ကို ရောင်းချရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဝင်ငွေနည်းပြည်သူများ ဝယ်ယူနိုင်ရန် ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ငွေစုစာ ရင်းဖွင့်ကာ ၁၀ နှစ် အရစ်ကျဖြင့် ပေးသွင်းသည့်စနစ်ကို စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ "ဘဏ်အနေနဲ့ ငွေကြေးပံ့ပိုးမှု Financing ကိုဆောင်ရွက်ရန် လိုအပ်ငွေကို ပြည်တွင်း၊ ပြည်ပမှ ရှာဖွေရန် လိုအပ်ပါတယ်။ ပြည်တွင်းမှာ သာမက ပြည်ပအဖွဲ့အစည်းတွေကလည်း ချေးငွေကူညီမှုများ အထိုက် အလျောက်ရရှိနေပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ယင်းအပြင် ရန်ကုန်မြို့အနေ ဖြင့် ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ၁၂ သန်းခန့်အထိ ရှိလာနိုင်သဖြင့် မြို့သစ်များတိုးချဲ့ရန် လိုအပ်နေပြီး ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်သည် ပြည်သူများလိုအပ်နေသည့် အိမ်ရာများကို ဝယ်ယူနိုင်ရေးအတွက် နှစ်ရှည်အတိုးနည်းနည်း ဖြင့် ချေးပေးနိုင်ရေး ဆောင်ရွက် ပေးသွားရန် လိုအပ်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာကျွမ်းကျင်သူ ဦးသိန်းနိုင်က "တန်ဖိုးနည်းအိမ်ရာဆိုတာ အခြေခံပြည်သူတွေ တကယ်တတ်နိုင်တဲ့ တန်ဖိုးမျိုးဖြစ်ဖို့ လိုပါတယ်။ အတိုးနှုန်းကိုလည်း အသက် သာဆုံးနှုန်း ထားမျိုးနဲ့ ကာလရှည် ဖြစ်အောင် ဆောင်ရွက်ပေးရမှာပါ။ မတတ်နိုင်တဲ့သူတွေအတွက် အငှားအိမ်ရာ စီမံကိန်းလိုဟာတွေလည်း အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ အိမ်ရာတွေကို တန်ဖိုးနည်း ရုံတစ်ခုတည်း မဟုတ်ဘဲ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးအတွက် သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေလည်း ထည့်သွင်းဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်"ဟု ဒီမိုကရေ စီတူဒေးသို့ ပြော ကြားသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties