By ဧရာဝတီ, Shweproperty.com
Updated at 15 May 2013
ရန်ကုန်မြို့မှာ နေထိုင်ဖို့နေရာ အခက်အခဲ ရှိသူတွေအတွက် တန်ဖိုးသင့်တင့်မျှတတဲ့ အိမ်ယာတွေကို ၂၀၁၅ ခုနှစ်အတွင်းမှာ ရောင်းချပေးသွားမယ်လို့ ဒဂုံအင်တာနေရှင်နယ်လီမိတက်က ဒါရိုက်တာ ကိုသူရိန်အောင် (ခရစ်စတိုဖာ) က ပြောပါတယ်။
“ကျွန်တော်တို့လဲ ဂျာနယ် တွေမှာ မကြာခဏ ဖတ်ရပါတယ် ။ တန်ဖိုးနည်း အိမ်ယာတွေလုပ်မယ် တန်ဖိုးက သိန်းတစ်ရာကျော်လောက် ဆိုတော့ လူတွေက ဘယ်လိုလုပ် ဝယ်နိုင်ပါ့မလဲ ဆိုပြီး ပြောကြတယ်။ အဲဒီမှာ တစ်ခု မပါသွားတာက တန်ဖိုးနည်း အိမ်ယာကို နှစ်ရှည် အရစ်ကျ ရောင်းပေးသွားမယ် ဆိုတာတော့ မပါဘူး။ ၂၅ နှစ် ၃၅ နှစ် ဆိုတော့ ပေးရတဲ့သူအတွက်ကတော့ တစ်လချင်းကို ပေးရတဲ့အခါ လူတိုင်း ပေးနိုင်တဲ့ ဈေး ဖြစ်မှာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။
တန်ဖိုးမျှတ အိမ်ယာတွေကို ဒဂုံဆိပ်ကမ်းမြို့နယ်က ဧက ၂၂၀ ထဲမှာ ဧရာဝဏ်စီမံကိန်းနဲ့ ရတနာ စီမံကိန်းဆိုပြီး ဒီလထဲမှာ စတင် လုပ်ဆောင်နေပါပြီ။
“နိုင်ငံတော် စီမံကိန်းပါ။ မြေက အလကားပေးပြီး ကန်ထရိုက်တာတွေကို ဆောက်လုပ်ခိုင်းတာပါ။ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်း ၂၄ ခု ဆောက် လုပ်ခွင့်ရပါတယ်။ အဲဒီ၂၄ ခုက ဆောက်လုပ်ရေးဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ ဘိလပ်မြေတို့ ၊ သံချောင်းတို့နဲ့ အသုံးပြုရမှာပါ။ အရည် အသွေးပိုင်းကို မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းက စီစစ်သွားမှာပါ” လို့ ကိုသူရိန်အောင် က ပြောပါတယ်။
တန်ဖိုးသင့် အိမ်ယာမှာ ၁၈ ထပ် ရှိတဲ့ အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၂ဝ,ဝဝဝ ကျော် ပါဝင်မယ်၊ ဒီဝင်းထဲမှာပဲ အပန်းဖြေနားနေစရာနေရာတွေ၊ စာသင်ကျောင်း၊ ဈေး၊ ဘဏ်စတဲ့ နေရာတွေအပြင် လိုင်းကားစီးလို့ရအောင် ကားဂိတ်တွေပါ တည်ဆောက်ပေးပါမယ် တဲ့။
အစိုးရ သတ်မှတ်ပေးတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားရမှာ ဖြစ်ပါတယ်။ ခန့်မှန်းချေ သိန်း ၁၈ဝ ဝန်းကျင် ဖြစ်မယ်၊ လစဉ် အရစ်ကျ ငွေသွင်းရမယ့် ကာလကတော့ ဆိုခဲ့သလိုပဲ ၂၅နှစ် သို့မဟုတ် ၃၅နှစ်အတွင်း ဖြစ်ပါမယ် တဲ့။
ဒီအတိုင်းဆိုရင် ပထမဆုံး လုံးခနဲ ပေးရမယ့်ငွေက သိန်းဂဏန်း ဖြစ်မယ်၊ လစဉ်ပေးသွင်းရမယ့်ငွေပမာဏက ကျပ် နှစ်သောင်း သုံးသောင်း ဖြစ်မယ်လို့ ယူဆရပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေက တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ် ဆောင်ဖို့ ဆာဗေးဆင်းတာ၊ မြေညှိတာတွေ စတင်လုပ်ဆောင်နေပြီး နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ရမှာဖြစ် တဲ့အတွက် ၂၀၁၅ဆိုရင် လူနေထိုင်လို့ ရမှာပါ တဲ့။
“ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ တော်တော် များများကတော့ ၁၈ ထပ်အထိ မဆောက်လုပ်ဖူးကြပေမယ့် ဒီလုပ်ငန်းအတွက် ဆောက်လုပ်ခွင့်ရတယ်ဆိုရင် သူတို့ အတွေ့အကြုံတွေလည်း ရမယ်” လို့ ကိုသူရိန်ကျော်က ပြောပါတယ်။
“လုံခြုံ စိတ်ချရအောင် ဘယ်လိုကာကွယ်ရမလဲ ၊ ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတဲ့ အချက်တွေကိုလည်း ဆောက်လုပ်ရေး (ဝန်ကြီးဌာန) က စိစစ်ထိန်းသိမ်းသွားမှာပါ” လို့ ကိုသူရိန်ကျော်က ဆက်ပြောပါတယ်။
ရန်ကုန်မြို့မှာ ရှိတဲ့ လူဦးရေက အခုဆိုရင် ငါးသန်းကျော ်ရှိပြီးတော့ ၂၀၄၀ ခုနှစ်မှာ လူဦးရေ ၁၀သန်း ကျော်လောက် တိုးလာမယ်လို့ သုံးသပ်ထားကြပါတယ်။
တိုးလာမယ့် လူဦးရေ အတွက် တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတွေ အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။
Ref : ဧရာဝတီ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties