By Irrawaddy, Shweproperty.com
Updated at 19 September 2016
နိုင်ငံတော် ဦးဆောင်မှုဖြင့် ဆောက်လုပ်ပေးမည့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အလုံး ၈၀၀၀ ကို နေရေး အခက်အခဲရှိသော ဝင်ငွေနည်း ပြည်သူများအတွက် ၂ နှစ်အတွင်း ရန်ကုန်တိုင်းတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
“ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဝင်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ယာများ ထောက်ပံ့ပေးဖို့ကို ဦးတည် ဆောင်ရွက်နေပါတယ်။ ၂ နှစ်အတွင်းမှာ တန်ဖိုးနည်းအိမ်ယာ ၈၀၀၀ ကို ဆောက်လုပ်ပြီး၊ တန်ဖိုးသိန်း ၁၀၀ အောက်နဲ့ နေရေး အခက်အခဲရှိသော ဝင်ငွေနည်း ပြည်သူများ ကို ဖြည့်ဆည်းပေးသွားပါမယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ် ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးကွက်အရ အမှန်တကယ် ကုန်ကျစရိတ်သည် သိန်း ၁၀၀ အထက်တွင် ရှိသော်လည်း မြေကို အခမဲ့ ထည့်သွင်းပေးခြင်း၊ အခြေခံ အဆောက်အအုံဖြစ်သော ရေ၊ လျှပ်စစ်၊ လမ်းနှင့် အခြားသော လူမှုရေး အဆောက်အအုံများကို အခမဲ့ ဆောင်ရွက် စီမံပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။
သို့သော် ရေအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ နိုင်ငံတော်၏ ဓနအင်အားနှင့် တခြားသော အကန့်အသတ်များ ရှိနေခြင်းကြောင့် သင့်တော်ကောင်း မွန်သော အိမ်ရာများကို အလုံအလောက် ဖြည့်ပေးနိုင်ရန်မှာ အခက်အခဲများ ရှိကြောင်း ၎င်းက ပြောသည်။
ဝင်ငွေနည်း ပြည်သူများအနေဖြင့် ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာကို တလုံးတခဲတည်း ဝယ်ယူနိုင်ခြင်း မရှိသော ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ရှိသော ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည် အရစ်ကျစနစ်ဖြင့် အိမ်ရာချေးငွေများကို ထောက်ပံ့သွားမည်ဟု သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဇော်က “ဝင်ငွေနည်း လူတန်းစားတွေရဲ့ မိသားစု တစုဟာ သူတို့မိသားစုဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်း စုဆောင်းနိုင်ဖို့တောင် ရုန်းကန်နေရတာကို တွေ့ရတယ်။ ဒါကြောင့် အိမ်ရာ ပိုင်ဆိုင်မှုအပြင် အငှားချ အိမ်ရာ ချထားပေးတာတွေလည်း လိုအပ်ပါတယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် အိမ်ရာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် အခိုင်အမာ အိမ်များဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းသည် ခိုင်ခံမှုမရှိသော တဲအိမ်များဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ အိမ်ရာပိုင်ဆိုင်မှု အနေဖြင့်လည်း ၆၅ ရာခိုင်နှုန်းသည် အိမ်ပိုင်များဖြစ်ပြီး ၃၅ ရာခိုင်နှုန်း သည် အိမ်ငှားများဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့ပြစီမံကိန်းရေးဆွဲရေး ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင်က “ကျတော်တို့ဆီက လစာတွေက တခြား ကမ္ဘာဘဏ်ရဲ့ စံနဲ့ သတ်မှတ်မယ်ဆိုရင်တော့ အလယ်အလတ် အဆင့်ရှိတဲ့ သူတွေက တန်ဖိုးသင့်တဲ့ အိမ်ယာတွေကို ဝယ်နိုင်မယ်။ သူတို့ သတ်မှတ်တဲ့ အလယ်အလတ် အဆင့်ဆိုတာက ဒီမှာက ကုန်ဈေးနှုန်းတွေနဲ့က မကိုက်ပါဘူး။ အဲဒီအတွက် အိမ်ရာဝယ်ဖို့ အခက်အခဲရှိတယ်။ ဒါကြောင့် အိမ်ရာ ဝယ်တာထက် အငှားအိမ်ရာ စနစ်နဲ့လည်း သွားသင့်တယ်” ဟု ပြောသည်။
ပုဂ္ဂလိက ကဏ္ဍမှ တန်ဖိုးမြင့်အိမ်ရာများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရဘက်က ဝင်ငွေနည်း ပြည်သူများနှင့် မြို့ပြဆင်းရဲနွမ်းပါးသူများ အတွက် ယာယီကွန်းခို အိမ်ရာများ စီမံပေးသည့်အချိန်တွင် ဝင်ငွေ အလယ်အလတ်ရှိ သူများအတွက် အိမ်ယာဈေးကွက်သည် ကွက်လပ်တခု ဖြစ်နေကြောင်း ဆောက်လုပ်ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
ရန်ကုန်မြို့တွင် အစိုးရမြေ၊ ပုဂ္ဂလိကမြေပေါ်တွင် ကျူးကျော်နေသည့် နေရေးအခက်အခဲ ရှိနေသူ အရေအတွက်မှာ ခန့်မှန်းခြေ ၄ သိန်းနှင့် ၆ သိန်းကြားတွင် ရှိနေကြောင်း သိရသည်။
Ref : Irrawaddy
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties