By Yangon Life, Shweproperty.com
Updated at 25 August 2015
နေ့သစ်များနဲ့တောက်ပနေတဲ့ ရန်ကုန်မြို့တော်ကြီးဟာ စိမ်းလန်းစိုပြေတဲ့ ပန်းဥယျာဉ်လေးတွေနဲ့ သာယာချမ်းမြေ့လှပါတယ်။မြို့တစ်မြို့ရဲ့ ကျက်သရေဆောင်တွေထဲမှာ ပန်းဥယျာဉ်လေးတွေဟာ လည်းတန်ဖိုးကြီးမားတဲ့ ပြယုဒ်တစ်ခုအနေနဲ့ဂုဏ်ယူစရာကောင်းစွာပါဝင်နေပါတယ် ။မြို့တော်သူ၊မြို့တော်သားတို့ရဲ့ စိတ်အပန်းဖြေ နားနေရာလေးတစ်ခုအဖြစ်၊ ကလေးသူငယ်တို့ရဲ ့ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနိုင် ရာနေမြေလေးတစ်ခုအဖြစ်၊ လာရောက်လည်ပတ်သူဧည့်သည်များရဲ့ အပန်းဖြေလေ့လာရာနယ်မြေလေးတစ်ခုအဖြစ် ပန်းဥယျာဉ်လေးတွေဟာ တန်ဖိုးရှိလွန်းလှပါတယ်။
ပန်းဥယျာဉ်လေးထဲမှာရှိနေတဲ့ စိမ်းစိမ်းစိုစို သစ်ပင်ပန်းမာန်လေးတွေ၊ ရောင်စုံဖူးပွင့်နေတဲ့ပန်းပွင့်ကလေးတွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုလေးတွေ၊ ကျေးငှက်တို့ရဲ့ တေးသံသာတွေ၊ မြူးတူးပျော်ပါးသံတွေဟာ လည်း လာရောက်အပန်းဖြေနေကြတဲ့မြို့တော်သူမြို့တော်သားတို့ အပေါ်သာယာ ချမ်းမြေ့မှုတွေပေးစွမ်းလွန်းပါတယ်။ ရန်ကုန်မြို့လယ်ရှိမဟာဗန္ဓုလပန်းခြံဆိုရင် လာရောက်လည်ပတ်သူတွေများလှတဲ့ ပန်းဥယျာဉ်လေးတစ်ခုဖြစ်ပါတယ်။လုပ်ငန်းခွင်အတွင်းတစ်နေကုန်ပင်ပန်းမှုကို ဖြေလျော့စေဖို့ လာရောက်အပန်းဖြေသူတွေ၊ မိသားစုလိုက် လာရောက်အပန်းဖြေသူတွေ၊ တစ်ကိုယ်ရည်တစ်ကာယ အေးအေးလူလူ လာရောက်နားနေသူတွေ၊ လာရောက်လေ့လာသူတွေဧည့်သည်တွေနဲ့ ပန်းဥယျာဉ်လေးဟာ စည်ကားသာယာလှပါတယ်။
မြက်ခင်းပြင်စိမ်းစိမ်းလေးဝယ်လဲလျောင်းအနားယူသူတွေ၊ ကြည်လင်နေတဲ့မိုးသားပြာပြာအလှကို ငေးမောခံစားနေတဲ့လူငယ်တွေ၊ စိမ်းစိုနေတဲ့ပတ်ဝန်းကျင်အလှကို ရယူပြီး ဓာတ်ပုံရိုက်သူတွေ၊ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်တွေ၊ မြင်ခင်းပြင်ပေါ် အေးချမ်းစွာ အုပ်စုလိုက် ထိုင်နေကြတဲ့ လူငယ်လေးတွေ၊အေးအေးလူလူ လာရောက်အပန်းဖြေနေကြတဲ့ ချစ်သူစုံတွဲနဲ့ မဟာဗန္ဓုလပန်းခြံလေးဝယ် စည်ကားသာယာလှရာ ဒါဟာ ပတ်ဝန်းကျင် စိမ်းစိုလန်းဆန်းမှုကြောင့် လူသားတွေရရှိခံစားရတဲ့ ရလာဒ်တစ်ခုအဖြစ်နားလည်ခံစားမိပါတယ်။
ပန်းဥယျာဉ်လေးဝယ်ကလေးတို့အတွက် ကစားကွင်းလေးလည်း ရှိနေရာ ဒန်းစီးနေတဲ့ကလေးတွေ၊ လျှောစီးနေတဲ့ကလေးတွေ နဲ့ ကြည်နူးဖွယ်ကောင်းလှပြီး မိမိတို့ရင်သွေးငယ်တွေရဲ့ မြူတူးနေမှုကို တစ်စိမ့်စိမ့် ထိုင်ကြည့်နေကြတဲ့ မိဘတွေရဲ့ ပြုံးအလှဟာလည်း ပန်းဥယျာဉ်လေးအတွင်း ဖူးပွင့်နေတဲ့ ပန်းလေးတွေနဲ့အပြိုင်အဆိုင်ပါဘဲ။ ဒီလိုသာယာလှပတဲ့ပန်းခြံလေး၊ ပန်းဥယျာဉ်လေးကိုဘယ်သူတွေက ပြုလုပ်ဖန်တီးသလဲဆိုရင် လူသားတွေက ဘဲ ပြုလုပ်ဖန်တီးထားတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ စိမ်းစိမ်းစိုစို နဲ့ သာသာယာယာ ပန်းဥယျာဉ်လေးတစ်ခုကို တည်ဆောက်မွမ်းမံထားကြတဲ့အခါ လူတွေအနေနဲ့လည်း မိမိတို့ပြုလုပ်ဖန်တီးမှုအတိုင်း သာယာအေးချမ်းမှုရဲ့အနှစ်သာရကိုခံစားရခြင်းတစ်မျိုးဖြစ်ပါတယ်။
ပန်းဥယျာဉ်အတွင်း စိမ်းစိုနေတဲ့သစ်ပင်တွေက မျက်စိပသာဒဖြစ်လှရာ စိတ်လက်မကြည်သာဖြစ်နေသူတွေအနေနဲ့ စိတ်လက်ကြည်လင်မှုကိုရရှိခံစားနိုင်ကြပါတယ်။တိုက်ခန်းထဲမှာ နေကြရတဲ့ကလေးငယ်တို့ဟာလည်း ကျယ်ပြန့်တဲ့ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုပေါ်မှာ ပြေးလွှားဆော့ကစားခွင့်ရပြီး အကျိုးကျေးဇူးအနေနဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းမှု၊ဖွံ့ဖြိုးမှုကိုရရှိခြင်းဘဲဖြစ်ပါတယ်။ပန်းဥယျာဉ်လေးအတွင်း စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေ၊ ပန်းမာန်လေးတွေကို ခူးယူခြင်း၊ ဆွဲနုတ်ခြင်း၊ ပိုင်းဖြတ်ခြင်းမပြုလုပ်ဖို့တားမြစ်ထားပါတယ်။ ဒါဟာ ပန်းဥယျာဉ်ရဲ့စိမ်းစိုလှပသာယာမှုကို ပြည်သူတွေအနေနဲ့ အဓွန့်ရှည်စွာ ခံစားရရှိနိုင်ကြစေဖို့ ထိမ်းသိန်းစောင့်ရှောက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ လူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင် စိမ်းစိုလန်းဆန်းမှုကို ထိမ်းသိန်းစောင့်ရှောက်ခြင်းဖြင့် သဘာပတ်ဝန်းကျင်ရဲ့အကျိုးကျေးဇူးကို ခံစားရရှိနိုင်တယ်ဆိုတာ ခံစားနားလည်နိုင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။
“အသက်ကလေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ကိုခို” ဆိုတဲ့စကားလေး ကို ဒီနေရာမှာ စာရေးသူက ပုံစံတစ်မျိုးနဲ့ ခံစားတင်ပြလိုပါတယ်။လူတွေအနေနဲ့ အသက်ရှည်ရှည်ကျန်းကျန်းမာမာနေလိုကြတယ်ဆိုရင် စိမ်းလန်းစိုပြေတဲ့ သစ်ပင်၊ပန်းမာန်တို့ရှိရာ အရပ်ကိုခိုနားကြပါလို့ဆိုလိုတယ်လို့ ဖောြ်ပချင်ပါတယ်။ သစ်ပင်ပန်းမာန်တို့ရဲ့အရိပ်အာဝါသဟာ အေးမြလွန်းရာ လူတွေအတွက် ကျန်းမာရေးကောင်းကျိုးများစွာ ပြုပါတယ်။ လတ်ဆတ်တဲ့အောက်ဆီဂျင်ကိုရှုရှိုက်ခွင့်ရရှိခြင်း၊ မိမိတို့ထုတ်လွှတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ လူတွေဆီကို မရောက်တော့ဘဲ မိမိအနီးဝန်းကျင်ရှိ သစ်ပင်တွေက စုပ်ယူသွားခြင်းဖြင့်လူတွေကို ကျန်းမာရွှင်လန်းစေခြင်းဘဲဖြစ်ပါတယ်။ လူတွေမှာ မိမိတို့ဆီက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ အဆိပ်အတောက်တစ်မျိုးအနေနဲ့ ပြန်လည်ထွက်သွားခြင်းမျိုးဖြစ်တာကြောင့်ဒီကာဗွန်ဒိုင်အောက်ဆိုဒ်ကို လူတွေက ပြန်လည်ရှုရှိုက်မိရင် လူကို များစွာ အဆိပ်သင့်စေခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့် မိမိတို့ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမာန် တို့ရှိနေခြင်းဖြင့် လူတွေအနေနဲ့ပိုမိုလန်းဆန်းမှုကို ခံစားရစေတယ်ဆိုတာ သတိချပ်စရာဘဲဖြစ်ပါတယ်။
လူတွေအနေနဲ့ မိမိတို့အိမ်ထဲမှာ နေထိုင်စဉ်ခံစားရမှုတွေနဲ့ သစ်ပင်တွေ၊ပန်းပွင့်တွေနဲ့ စိုပြေနေတဲ့ဥယျာဉ်လေးထဲမှာ နေထိုင်ရစဉ်ခံစားရတဲ့ခံစားမှုတွေဟာ မတူကွဲပြားမှုတစ်ခုအနေနဲ့ခံစားကြရနိုင်ပါတယ်။အဓိကအချက်ကတော့ သစ်ပင်ပန်းမာန်တွေဆီက လတ်ဆတ်တဲ့အောက်ဆီဂျင်တွေကို ရရှိခြင်းကြောင့် ကိုယ်စိတ်နှစ်ပါးရွှင်လန်းစေရာ အမြဲတစ်စေ မိသားစုနဲ့အတူ လာရောက်ခြင်းဖြင့် ကောင်းကျိုးရရှိစေပါတယ်။ စိမ်းစိုလန်းဆန်းတဲ့သစ်ပင်ပန်းမာန်တွေရှိနေတဲ့ ပန်းဥယျာဉ်ဟာ လူတွေအတွက် ဘာကြောင့်တန်ဖိုးရှိတယ်၊ ဒီပတ်ဝန်းကျင်တွေကို လူတွေအနေနဲ့ ဘာကြောင့်စောင့်ရှောက်ထိန်းသိမ်းသင့်တယ်ဆိုတာ သတိပြု မိကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Ref : Yangon Life
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties