မိုးဝင်ကာစ စိုစိုစွတ်စွတ် အခြေအနေဆိုရင် အထူးသဖြင့် တိုက်ခန်းတွေမှာ ကြွက်တွေသောင်းကြန်းတဲ့ ဒဏ်ကို တော်တော်ခံရပါတယ်။ တိုက်ခန်းအထပ်မြင့်၊ နောက်ဖေး ဝရံတာတွေဟာ အမှိုက်ပုံးတွေ ထားတတ်တဲ့ နေရာဖြစ်ပြီး မီးဖိုချောင်နဲ့နီးသလို တိုက်နောက်ဖေးဖြစ်တဲ့အတွက် ကြွက်သိုက်တွေလည်း ပေါတာကြောင့် နောက်ဖေးဝရံတာတွေဟာ ကြွက်တွေ ပျော်စံတဲ့ နေရာကို ဖြစ်လို့ပါပဲ။

နောက်ဖေး တံခါးမှာ ခပ်ဟဟ အပေါက်ကလေးများရှိရင် ကြွက်သေးသေးလေးတွေ အိမ်ထဲဝင်လာ အသိုက်ဖွဲ့ ပွားလာတတ်လို့ အိမ်ရှင်တွေခင်မျာ ကြွက်သတ်ဆေး၊ ကြွက်ပြေးဆေး၊ ကြွက်ထောင်ချောက် အမျိုးမျိုးနဲ့ ကိုရွှေကြွက်တို့ကို နှိမ်နှင်းရတာ နှစ်တိုင်းလိုလိုပါပဲ။

ကြွက်တွေကလည်း နောက်ဖေးလမ်းကြား ရေမြောင်းတွေထဲမှာနေလေ့ရှိတဲ့ အကောင်ကြီးကြီး ကြွက်သိုးကြီးတွေမို့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ရှိနေတတ်တာကြောင့် သူတို့ဝင်လာရင် အိမ်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ 

ဒီဆောင်းပါးလေးမှာတော့ ကြွက်ပြဿနာကို ဖြေရှင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ 

- အနံ့ပြင်းတဲ့ လက်ဖက်ခြောက်တွေ

ရေနွေးပွက်ပွက်ဆူထဲမှာ အနံ့ပြင်းတဲ့ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပြုတ်ပြီး အဲဒီရေနွေးအိုးကို ကြွက်တွေ လာနိုင်တဲ့နေရာမှာ ချထားပါ။ ရေနွေးအေးသွားရင်လည်း လက်ဖက်ခြောက်အိတ်ကို ကြွက်တွေလာတတ်တဲ့ လမ်းမှာ ချထားရင် ကြွက်တွေပြေးပါတယ်။

- ကရဝေးရွက် 

အနံ့ပြင်း၊ အနံ့စူးတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အများက သိထားကြတဲ့ ကရဝေးရွက်ကိုလည်း ကြွက်တွေ ကြောက်ကြပါတယ်။ ဒါကြောင့် ကရဝေးရွက်ကို ခပ်သေးသေးလေးတွေ ဖဲ့၊ ကြွက်တွေ လာတတ်တဲ့ လမ်းတွေမှာ ကြဲချထားရင် ကြွက်တွေ သင့်အိမ်ကို ဧည့်သည်လာလုပ်ဖို့ ရွေးချယ်တော့မှာ မဟုတ်ပါဘူး။ ကရဝေးရွက်လေးတွေခြောက်သွားရင်တော့ အသစ်လဲပေးသင့်ပါတယ်။  



- ပူရှိန်းသွားတိုက်ဆေး 

ပရုတ်ပါတဲ့ ပူရှိန်း သွားတိုက်ဆေးတွေဟာလည်း ကြွက်ပြေးစေတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ ပူရှိန်းသွားတိုက်ဆေးကို ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သုတ်လိမ်းထားမယ်၊ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သုတ်ပေးမယ်ဆိုရင် ကြွက်တွေ မလာနိုင်ပါဘူး။ ဒါပေမယ့် အနံ့ပြယ်သွားရင်တော့ အသစ်ပြန်သုတ်ပေးရပါမယ်။ 

- မုန့်ဖုတ်ဆော်ဒါ 

မုန့်ဖုတ်ဆော်ဒါဟာ ကြွက်ပြေးစေတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ၂ ရက်၊၃ ရက်လောက် ဖြူးထားလိုက်မယ်ဆိုရင် ကြွက်အန္တရာယ် ကင်းဝေးစေပါတယ်။ 

မီးဖိုးချောင်မှာ အဖြေရှိပါတယ်။ သူများအသတ် သတ်စရာမလိုတဲ့ အခုဖော်ပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ အိမ်တိုင်း၊ အိမ်တိုင်း ကြွက်အန္တရာယ် ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 

Written By : Lily (ShweProperty.com)