By 7daydaily, Shweproperty.com
Updated at 11 January 2016
ပြင်ဦးလွင် အတက်အဆင်းသွားလာနိုင်မည့် လမ်းမသစ်တစ်ခု စတင်ဖောက်လုပ်နေသည် ဟူသော သတင်းများထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း စီမံကိန်းဝန်းကျင်တစ်လျှောက် မြေကွက်များ ကျပ်သိန်းရာချီ ဈေးနှုန်းမြင့်တက်သွားပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပုသိမ်ကြီးနယ် ရန်ကင်းတောင်ခြေမှ ပြင်ဦးလွင်မြို့နယ် အနီးစခန်းအထိ ကားလမ်းမသစ်ဖောက်လုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လမ်းဖောက်လုပ်ခွင့်ရ ကုမ္ပဏီတို့က ပြီးခဲ့သည့် ဒီဇင်ဘာကုန်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ လမ်းသစ်ဖောက်လုပ်နေကြောင်း အတည်ပြုပြီး ရက်ပိုင်းအတွင်း ယခင်က ကျပ်သိန်း ဆယ်ဂဏန်းသာ ပေါက်ဈေးရှိသော မြေကွက်များသည် ကျပ်သိန်းရာဂဏန်းအထိ ဈေးမြင့်တက်သွားပြီး အချို့မြေကွက်များမှာ ကျပ်သိန်းထောင်ကျော်အထိ ဈေးမြင့်သည်ဟု မန္တလေးမြို့ အိမ်ခြံမြေအကျိုးဆောင်များနှင့် ဒေသခံများက ပြောသည်။
‘‘မြေတွေအရောင်းဝယ် ဖြစ်နေတယ်။ လမ်းသစ်ဘေးမှာက လယ်ယာမြေတွေရှိတာ။ ဧကကွက်တွေအလိုက် အရောင်းအဝယ်ဖြစ်တယ်။ အဓိကကတော့ မြို့ပေါ်ကလူတွေ လာဝယ်ကြတာ’’ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသည့် လမ်းသစ်စီမံကိန်းအနီး ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လမ်းသစ်စီမံကိန်းဘေးရှိ ယခင်က ကျပ်သိန်း ၅၀၀ အောက်သာ ပေါက်ဈေးရှိခဲ့သော မြေကွက်များမှာ လက်ရှိတွင် တစ်ဧက ကျပ်သိန်း ၁,၅၀၀ နှင့် ၁,၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေပြီး တောင်စောင်းတောင်ကုန်းများပေါ်ရှိ ယခင်က ကျပ် သိန်း ၁၀၀ အောက်သာ ပေါက်ဈေးရှိခဲ့သော မြေကွက်များသည် တစ်ဧက ကျပ်သိန်း ၃၀၀ နှင့် ၄၀၀ ကြား အရောင်းအဝယ်ဖြစ်နေသည်ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ လမ်းသစ်ဖောက်မည့် စီမံကိန်းသတင်း ကြိုတင်ကြားသိထားသူများက လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက မြေကွက်များ ကြိုတင် ဝယ်စုထားကြကာ ပြီးခဲ့သည့် ၂ လခန့်မှစတင်ကာ ဆက်တိုက် အရောင်းအဝယ်ဖြစ်ပြီး ဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
‘‘မြေကွက်လာကြည့်တဲ့လူ၊ လာမေးတဲ့လူ တစ်နေ့တစ်နေ့ ၁၀ ယောက်လောက် ရှိတယ်။ သတင်းကြားလို့ တချို့က ကြိုဝယ်ထားကြတာလည်း ရှိတယ်။ ဒါပေမဲ့ အခု လမ်းဖောက်တာ သေချာပြီဆိုတော့မှ လာဝယ်ကြတာတွေက များတယ်။ ကျွန်တော်တို့ရွာက တချို့တလေကတော့ ဈေးကောင်းရတော့ ရောင်းပြီး မတ္တရာဘက် ရွှေ့ကုန်ကြပြီ’’ဟု ရေကြည်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းသစ်ကို Axion ကုမ္ပဏီက ဖောက်လုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နောက်ဆုံးသဘောတူစာချုပ် ချုပ်ဆိုရခြင်းမရှိသေးကြောင်း။ လမ်းသစ်ဖောက်လုပ်ခြင်းကို ကုမ္ပဏီက တစ်ဦးတည်း အကုန်ကျခံဖောက်လုပ်ခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က ဘတ်ဂျက်သုံးစွဲဖောက်လုပ်ခြင်း မဟုတ်ဘဲ ကုမ္ပဏီမှ လမ်းသစ်ဖောက်လုပ်လိုကြောင်း တင်ပြလာမှုကြောင့် အစိုးရအဖွဲ့က ခွင့်ပြုပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
Ref : 7daydaily
Photo Credit : Wikipidia
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties