By Mizzimaburmese, Shweproperty.com
Updated at 20 March 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များတွင် စက်ရုံမဆောက်ရသေးသည့့်စည်းကမ်းနှင့် မညီသော မြေကွက် လွတ်များတွင် ဒဏ်ကြေး ပေးစေခြင်း မှအစ မြေကွက်ကို ပြန်လည်အပ်နှံစေခြင်းအထိ အဆင့်ဆင့် အရေးယူဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က မတ်လ ၁၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ “စက်ရုံ အလုပ်ရုံများ စတင်တည်ဆောက် အကောင်အထည်ဖော်ရမည့် ကာလကို သုံးလ၊ သို့မဟုတ် လေးလ သတ်မှတ်၍ သက်ဆိုင်ရာ လုပ်ငန်းရှင်များက လုပ်ငန်းအဆိုပြုတင်ပြစေရန်၊ တည်ဆောက်မည့် လုပ်ငန်းပမာဏ ပေါ်မူတည်၍ လုပ်ငန်းရှင်၏ အဆိုပြုချက်နှင့် စီမံကိန်းကာလကို စီမံခန့်ခွဲမှုကော်မတီက စိစစ်အတည်ပြု၍ စဉ်ဆက်မပြတ် လုပ်ငန်းအကောင်အထည်ဖော်မှု ရှိ/မရှိကို ကြီးကြပ်စိစစ်သွားရန်၊ အဆိုပြုချက်တင်သွင်းခြင်း မရှိသည့် မြေကွက်များကို နိုင်ငံတော်သို့ပြန်လည်အပ်နှံစေရန်၊ အဆိုပြုကာလအတွင်း ပြီးစီးအောင် မတည်ဆောက်နိုင်သည့် မြေကွက်များကို ရက်လွန်ကြေး ဒဏ်ကြေးပေးသွင်းစေရန်မှစ၍ မြေကွက် ပြန်လည် အပ်နှံစေခြင်းအထိ အဆင့်ဆင့် အရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ထိုသို့ စိစစ်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး သက်ဆိုင်ရာဌာနများမှ အဖွဲ့ဝင်များဖြင့် စီမံခန့်ခွဲမှုကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟုလည်း ဒု-ဝန်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၄ ခုတွင် မြေကွက် ၁၀၃၀၁ ကွက် ဖော်ထုတ်ထားရှိခဲ့ရာ စက်ရုံ အလုပ်ရုံ တည်ထောင်ပြီး လုပ်ငန်းဆောင်ရွက် လည်ပတ်နေသည့် မြေကွက်မှာ ၃,၆၉၃ ကွက်၊ လုပ်ငန်း ထူထောင်ဆဲ တည်ဆောက်ဆဲအကွက် ၂,၉၇ဝ၊ ဂိုဒေါင်သိုလှောင်ရုံအဖြစ် အသုံးပြုထားသောမြေကွက် ၁,၂၉၉ ကွက်၊ စက်ရုံ အလုပ်ရုံ တည်ဆောက်ခြင်းမရှိသေးသည့် မြေကွက်လပ် ၂,၃၃၉ ကွက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ ထို့အပြင် ဝန်ကြီးက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဒေသအလိုက် တစ်ဧကလျှင် ပျမ်းမျှ ကျပ်သိန်း သုံးထောင်မှ လေးထောင်အထိ၊ တချို့နေရာတွေမှာ ကျပ်သိန်း ခုနစ်ထောင်မှ ရှစ်ထောင်အထိ ရှိကြောင်း ကြားသိရပါတယ်” ဟုလည်း ပြောခဲ့သည်။ ထိုသို့ စက်မှုဇုန်မြေကွက်ဈေးမျာ းမြင့်တက်လာမှုကြောင့် စက်မှုလုပ်ငန်းတစ်ခု စတင်ထူထောင်နိုင်ရန် ခက်ခဲနေခြင်း၊ အစိုးရက တစ်ဧကလျှင် ကျပ်သိန်း ၅ဝ ဖြင့်သာ စတင် ချပေးခဲ့သည် ကို မြေကွက်များစွာ ရယူထားသည့် လူတစ်စု၊ ကုမ္ပ၌ဏီအချို့က စက်ရုံများ မဆောက်လုပ်ဘဲ မြေဈေး ကစားနေခြင်းကြောင့် အမှန်တကယ် စက်မှုလုပ်ငန်း ထူထောင်လိုသူတို့အတွက် အခက်တွေ့နေရကြောင်း၊ ထိုကဲ့သို့စက်ရုံ မဆောက်သော မြေကွက်များကို မည်သို့စီစဉ်ဆောင်ရွက်မည်နည်း ဟူသည့် သနပ်ပင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ မေးခွန်းကို ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ သနပ်ပင်မြို့နယ်အမတ်က “နိုင်ငံတော်က စက်မှုဇုန်မြေကွက်တွေ ချပေးတုန်းက တစ်ဧကကို ကျပ်သိန်း ၅ဝ နဲ့ ချပေးခဲ့တာ မှန်ပါသလား၊ ကုမ္ပဏီ တစ်ခုတည်းကို မြေကွက်ပေါင်း ခြောက်ထောင် ချပေးခဲ့တယ်ဆိုတာ မှန်ပါ သလား၊ မှန်တယ်ဆိုရင် ဘယ်လိုမူနဲ့ချပေးခဲ့တာပါလဲ” ဟု နောက်ဆက်တွဲ မေးခွန်းများ ထပ်မေးခဲ့ရာ ဝန်ကြီးကချပေးစဉ်က ဈေးနှုန်းများကို မိမိမမှတ်မိကြောင်း၊ ကုမ္ပဏီ တစ်ခုတည်းကို မြေကွက် ခြောက်ထောင် ချပေးသည့်ကိစ္စမှာမိမိတို့စာရင်းတွင်မပေါ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Ref ; Mizzimaburmese
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties