By Kumudra, Shweproperty.com
Updated at 29 August 2018
အရောင်းအဝယ် စံချိန်တင်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေ ဈေးကွက်က မြို့သစ်အပိုင်းတွေမှာ သည်လပိုင်းကျပ်သိန်း ၅ဝဝ ဝန်းကျင် အိမ်ခြံမြေအချို့ အရောင်းအဝယ် ပြန်လိုက်စပြုနေတယ်လို့ မြို့ခံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ပြောပါတယ်။
အထူးသဖြင့် မန္တလေးမြို့သစ်ရပ်ကွက်တွေက တန်ဖိုးအသင့်အတင့် (ကျပ်သိန်း ၂ဝဝ ခန့်မှ ၅ဝဝကြား)ရှိ အိမ်ခြံမြေတွေ အရောင်းအဝယ်ပြန်ဖြစ်လာတာလို့ ဆိုပါတယ်။
သည်ရက်ပိုင်းကတော့ အဝယ်ရော၊ အငှားရော အရင်ရက်ထက်စာရင် နည်းနည်းလေး ပိုအလုပ်ဖြစ်လာတယ်။ပုံမှန်အားဖြင့်လည်း အိမ်ခြံမြေအရောင်းအဝယ်က သည်ဝါတွင်း (ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) မှာ လိုက်ဝယ်ကြတဲ့ အနေအထား အတွေ့အကြုံရှိတယ်။သည်နှစ်ကတော့ ကျပ်ငွေတန်ဖိုးလျော့ကျလို့များ ပါဝင်ပတ်သက်မလားတော့ မသိဘူး။ငွေမထားရဲတော့လေလို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက သူ့အမြင် ပြောပါတယ်။
လက်ရှိမှာ အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ ဈေးကွက်ကြီးလှုပ်ခတ်လောက်အောင် ဝယ်တဲ့အနေအထားမျိုးမဟုတ်ဘဲ အရင်တုန်းက လုံးဝ အရောင်းအဝယ်ရပ်နေရာကနေ အရောင်းအဝယ်ပြန်ဖြစ်စပြုတဲ့ အနေအထားတစ်ခုသာဖြစ်တယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
အရင်တုန်းကတော့ လုံးဝထိုင်နေရတယ်။ အခုတော့ လိုက်ပြနေရတယ်ပေါ့၊ ၁ဝဝဝ အောက်ကအရောင်းအဝယ်ပိုဖြစ်တယ်၊ ၂ဝဝ တန်၊ ၃ဝဝ တန်၊ ၅ဝဝတန်တွေ အဲဒါလေးတွေ ပိုအဖြစ်များတယ်လို့ နာမည်ကြီး အကျိုးဆောင်ကုမ္ဗဏီပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အခြေအနေဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကအထိ အရောင်းအဝယ်ရပ်လုနီးပါး အနေအထားမျိုးရှိခဲ့ပါတယ်။
'အရင်တုန်းက အိမ်ခြံမြေဈေးဆိုတာက စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်နေတာ၊ အခုဈေးကွက်ပုံစံက တည်တည်ငြိမ်ငြိမ်လေး ပုံမှန်အရောင်းအဝယ်နဲ့ အလုပ်ဖြစ်နေတာလေး၊ အခုအလုပ်ဖြစ်တာက”လို့ မြို့သစ်ဒေသခံ အကျိုးဆောင်ကပြောပါတယ်။
ဩဂုတ်လလယ်ခန့်မှာ အရောင်းအဝယ် ပြန်ဖြစ်စပြုလာတယ်။ယခုလ (ဩ ဂုတ်လနောက်ပိုင်း)ထဲမှာတော့ အရောင်းအဝယ် အနည်းငယ်သွက်လာတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။
“အရောင်းအဝယ်က အရင်ကထက်စာရင် အလုပ်လေး နည်းနည်းပြန်ဖြစ်လာတယ်၊ အရင်တုန်းကရောင်းလိုအားကများပြီးတော့ ဈေးကတင်းခံနေတော့ အလုပ်မဖြစ်ဘူး၊ အခုကျတော့ သူ့ဈေးသူ့ဟာလေးတွေနဲ့ ဈေးတန်းအမှန်လေးတွေဆို ဈေးကွက်ထဲ ရောင်းလို့ဝယ်လို့ဖြစ်နေတယ်”လို့ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏ ပြောပါတယ်။
အိမ်ခြံမြေဈေးကို အဆမတန်ဈေး မြင့်ခေါ်နေလို့ လပေါင်းအတန်ကြာ အရောင်းအဝယ်မဖြစ်ခဲ့တဲ့အခြေအနေကနေ ရောင်းလက်အချို့က အိမ်ခြံမြေဈေး လျှော့ချလာတာ၊ခေါ်ဈေးကို မဆမတန် ဆွဲမတင်ဘဲ ကာလတန်ဖိုးအတိုင်း သတ်မှတ်ရောင်းချလာတာစတာတွေကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အခုလို အရောင်းအဝယ်ပြန်ဖြစ်လာတာဖြစ်တယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အချို့က ယူဆပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties