By The Voice, Shweproperty.com
Updated at 16 August 2017
မန္တလေးမြို့တော် ဧရိယာအတွင်း ယခင်က မြေကွက်ကြီးများကိုသာ မြေဂရန် လျှောက်ထားခွင့်ပြုရာမှ ယခုအခါ စတုရန်းပေ ၁၂၀ဝ အောက် မြေကွက်ငယ်များကိုပါ မြေဂရန် လျှောက်ထားခွင့် ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှု ဌာနထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ယခင်သတ်မှတ်ထားသည့် မျက်နှာပွင့်ပေ ၂၀ အကျယ်ရှိပြီး စတုရန်းပေ ၁၂၀ဝ အထက်ရှိမှသာ မြေဂရန် လျှောက်ထားရန် ခွင့်ပြုခြင်းကို ပယ်ဖျက်ခဲ့ကြောင်း၊ ယင်းကြောင့် စတုရန်း ပေ ၁၂၀ဝ အောက် မြေကွက်ငယ်များကိုသာ ပိုင်ဆိုင်ထားသူများ အနေနှင့် ဂရန်အဖြစ် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာန ဌာနမှူးဦးခင်မောင်မြင့်က ပြောကြားသည်။
“အခုလ ဒုတိယပတ်မှာလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာပါ။ မြို့နေလူထုရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ သဘောပါ။ မြေဂရန် လျှောက်ထားမယ့်သူတွေ အနေနဲ့ မြို့ပြစီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှာ လျှောက်ထားရမှာပါ”ဟု ၎င်းက ရှင်းပြသည်။
တပ်မတော် အစိုးရလက်ထက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအောက်တွင် ဖွဲ့စည်းခဲ့သော မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့က ၁၅ ပေ x ပေ ၄၀၊ ပေ ၂၀ x ပေ ၃၀ မြေကွက်များ ချထားပေးခဲ့ခြင်း၊ မြို့ခံများအနေနှင့် ၎င်းတို့ တတ်နိုင်သည့်ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေထိုင်ခြင်းများ ရှိနေသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
“အခုလက်ရှိမှာ မြေဈေးတွေက အရမ်း ကောင်းနေပါတယ်။ ဝယ်လိုသူတွေက ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ချိန်ပြီး မြေကွက် ခပ်ကျဉ်းကျဉ်းတွေပဲ ဝယ်ချင်ကြတယ်။ အရင်က မြေကွက်ကြီးတွေပဲ ဂရန်ပေါက်တယ်။ အခုလိုဆိုတော့ မြေဝယ်လိုသူတွေ အဆင်ပြေမယ့် သတင်းပါ”ဟု အသက် ၅၀ ခန့်အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ဂရန်လျှောက်ထားရာ၌ မြေကွက်ပေါ်တွင် အခိုင်အမာ အဆောက်အအုံ ဖြင့် နေထိုင်ခြင်း၊ အနားလေးဖက် ခိုင်မာမှုရှိခြင်း၊ ဝင်လမ်း၊ ထွက်လမ်း ကောင်းမွန်ခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်များ ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက စတုရန်းပေ ၁၂၀ဝ အောက် မြေကွက်များအတွက် မြေဂရန် လျှောက်ထားနိုင်ကြောင်း၊ ဦးပိုင်ခွဲစိတ်ခွင့် တည်နေရာမြို့နယ်နှင့် မြေအမျိုးအစားအလိုက် တစ်စတုရန်းပေလျှင် ကျပ် ၂၀ဝ မှ ကျပ် ၆၀ဝ အတွင်း သတ်မှတ်နှုန်းထားများအတိုင်း ပေးသွင်း၍ မြေဂရန် ထုတ်ယူနိုင်ကြောင်း စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
မြေဂရန်လျှောက်ထားရာတွင် အထောက်အထား ပြည့်စုံမှန်ကန်သော် လည်း ဝန်ထမ်းများအနေနှင့် ကြန့်ကြာအောင်ပြုလုပ်ခြင်း၊ ငွေကြေး တောင်းခံခြင်းများ ရှိပါက မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးဦးသို့လည်းကောင်း၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှူးထံသို့ လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Ref & Photo Credit : Kumudra
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties