By Myanmar Times, Shweproperty.com
Updated at 2 December 2015
မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းနံဘေးတွင် ယာယီတဲများဖြင့် အခြေချနေထိုင်သူများအတွက် ဆောက်လုပ်ပေးထားသည့် အငှားအိမ်ရာများကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငှားရမ်းပေးသွား နိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ငှားရမ်းနေထိုင်လိုသူများသည် ကမ်းနား လမ်းတစ်လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရ မြေ၊ စည်ပင်သာယာ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၌ ယာယီတဲများဖြင့်နေထိုင်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် ဧည့်စာရင်း တိုင်ကြားထားသည့် မိသားစုများဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်စု ဇယားနှင့် အမျိုးသားမှတ်ပုံတင်ကတ်တို့ကို ပူးတွဲ တင်ပြနိုင်ရမည်။ လျှောက်လွှာ စည်းကမ်းချက်များအရ လျှောက်ထား တင်ပြသည့် မိသားစုများသည် ပြစ်မှု မှတ် တမ်း ကင်းရှင်းရမည်ဖြစ်ပြီး တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူရန် အမှုအခင်းရင်ဆိုင်နေသူများ မဖြစ်စေရဟုလည်း ပါရှိသည်။ "၁,၅၈၄ ခန်းစလုံးအတွက် နေရာကို တော့ လျာထားပြီးသားပါ။ တစ်သုတ်ပြီးမှ တစ်သုတ်တင် မှာတော့ မဟုတ်ဘူး။ လျှောက်ထားတဲ့သူတွေအားလုံး မဲနှိုက်ပြီး ကျရာအထပ်မှာပဲရမှာပါ။ အခုချိန်ထိတော့ တိုက် ၂၂ လုံးက တော်တော်လေးကို ပြီးနေပါပြီ။ ၂၀၁၆ နှစ်ဆန်းမှာ ပေးနိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားတယ်။ ခွင့်ပြုချက် ကျတာနဲ့ ငှားရမ်းပေးတော့မှာပါ။ ငှားရမ်းခ ကတော့ တစ်လချင်း ငွေသွင်းရမှာဖြစ်ပြီး စပေါ်ငွေကတော့ သုံးလစာ ပေးသွင်း ထား ရမှာပါ"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန ဌာနမှူး ဦးလှမျိုးက မြန်မာတိုင်း(မ်) ကို ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ကိုယ်ပိုင်မြေ၊ အဆောက်အအုံ၊ တိုက်ခန်းပိုင်ဆိုင်သူများ ကို ငှားရမ်းခွင့်ပေးမည်မဟုတ်ဘဲ အမှန် တကယ် နေထိုင်ရန် အခက်အခဲရှိနေသည့် မိသားစုများကိုသာ ငှားရမ်းပေးသွားမည်ဖြစ် ပြီး ငှားရမ်းခွင့်ရရှိထားသူများသည် အငှား အိမ်ရာစာချုပ်ပါ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ကာ မိသားစု တစ်စုလျှင် တိုက်ခန်း တစ်ခန်းသာ လျှောက် ထားခွင့် ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။
"စာရင်းကောက်တုန်းကတော့ စာရင်းပေးလိုက်တယ်။ အငှားအိမ်ရာအတွက် ဘယ်လိုငွေသွင်းရမယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ ကြားတာကတော့ စပေါ်ငွေ သွင်းရမယ်လို့တော့ ကြားတယ်။ တစ်ခန်းမှာ မိသားစုလေးယောက်လောက် တော့ နေလို့ အဆင်ပြေပါတယ်။ ကျွန်မတို့ ကတော့ စချပေးတာနဲ့ ပြောင်းတော့မယ်" ဟု အငှားအိမ်ရာ တည်ဆောက်ရေးလုပ် ငန်းရှေ့ ဧရာဝတီမြစ်ကမ်းနံဘေး ယာယီတဲ ဖြင့်နေထိုင်သည့် ဒေါ်သီတာအေးက မြန်မာ တိုင်း(မ်)ကို ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။
အဆိုပါ အငှားအိမ်ရာများရှိ တိုက်ခန်း များမှာ အကျယ်အဝန်း ၁၀ ပေ၊ ပေ၂၀ ရှိ တိုက် ခန်းများဖြစ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ်ပါ တိုက်အလုံးပေါင်း ၂၂ လုံး တည်ဆောက်ထား သည်။ တိုက်ခန်းစုစုပေါင်း ၁,၅၈၄ ခန်းရှိပြီး ရေလောင်းအိမ်သာနှင့် ရေချိုးခန်းများလည်း ပါဝင်သည်။ တိုက်ခန်းငှားရမ်းခ ဈေးနှုန်း များမှာ တစ်လလျှင် မြေညီထပ် ကျပ် ၃၅,၀၀၀၊ ပထမထပ်နှင့် ဒုတိယထပ် ကျပ် ၃၀,၀၀၀၊ တတိယထပ်နှင့် စတုတ္ထထပ် ကျပ် ၂၅,၀၀၀ နှင့် ပဉ္စမထပ်ကို ကျပ် ၁၅,၀၀၀ နှုန်း သတ်မှတ် ထားပြီး အငှားအိမ်ရာများတွင် ငှားရမ်းနေ ထိုင်ခွင့်ရပါက အာမခံ စပေါ်ငွေအဖြစ် သုံးလစာ ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties