By Myanmar Property Journal, Shweproperty.com
Updated at 30 July 2013
အနာဂတ်အလားအလာတွင် မန္တလေးမြို့မှာ မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်ကို ကျော်လွန်၍ ပိုမိုဖွံ့ဖြိုးတိုး တက်သွားနိုင်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းပြော ကြားခဲ့သည်။
အဓိကအားဖြင့် မန္တလေးမြို့ တည်ရှိသော နေရာအနေအထား အချက်အချာကျမှုကြောင့်ဖြစ်ပြီး လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ အချိုးအစားပေါ် မူတည်၍လည်း တွက်ချက်ပြောကြားခြင်းဖြစ်ကြောင်း ‘မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အနေအထားကို ပြောရမယ်ဆိုရင် အလားအလာ ကောင်းရှိတဲ့ မြို့နှစ်ခုရှိတယ်၊ ရန်ကုန်နဲ့ မန္တလေး၊ ဒါပေမဲ့ နောက်ပိုင်းမှာ မန္တလေးက ပိုအားသာသွားမယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုရင် ရှိသမျှ လမ်းကြောင်းတွေက မန္တလေးကို ဝင်ရတယ်၊ ရန်ကုန်ဆိုရင်တောင် ပြန်ကွေ့ဆင်းနေရသေးတယ်၊ တရုတ် ဘက်ကလာလည်း မန္တလေးကို ဖြတ်တယ်၊ ထိုင်းကလာလည်း မန္တလေးဖြတ်တယ်၊ အိန္ဒိယလည်း မန္တလေးကို ဖြတ်ရတယ်၊ ဒီ့အတွက် မန္တလေးက အလားအလာကောင်း အများကြီးရှိ တယ်” ဟု ‘ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန’မှ ညွှန်ကြားရေးမှူးက ပြော ကြားခဲ့သည်။
မန္တလေးမြို့၏ လူဦးရေသိပ်သည်းဆမှာလည်း ရန်ကုန်ထက် ငါးဆခန့် လျော့နည်းနေပြီး မြို့ပြဖွံ့ဖြိုးမှုနှင့် လူနေထိုင်မှုများအတွက် နေရာချဲ့ထွင်ရန်လည်း လူနေထိုင်မှု ကျပ်တည်း၍ စနစ်မကျသော မြို့လယ် ကောင်အဆောက်အအုံများ တည်ရှိနေသည့်ရန်ကုန်မြို့ထက် ပိုမိုကောင်းမွန်သော အခြေအနေတွင်ရှိကြောင်း ၎င်းင်းက သုံးသပ်ပြောကြားသည်။
လတ်တလော၌မူ မန္တလေးမြို့တွင် အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်မှုရှိနေပြီး မန္တလေးအနီးတစ်ဝိုက် မြင်းခြံမြို့နယ်ဘက်ရှိ ဆီမီးခုံစက်မှုဇုန် အပါအဝင် စက်မှုဇုန်လေးဇုန် အကောင်အထည် ဖော်မှုများ ရှိနေကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြေယာအသုံးချရေးဦးစီးဌာန’မှ စုံစမ်းသိရှိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties