By ရွှေဆဌဂံဂျာနယ်, Shweproperty.com
Updated at 9 September 2013
မြန်မာနိုင်ငံရှိ အဆမတန်ကြီးမြင့်လျက်ရှိသည့် မြေဈေးများကို မြို့နယ်အလိုက် တစ်ပေပတ်လည်နှုန်းထားများ သတ်မှတ်ကာ ထိန်းချုပ်မည့်အစီအစဉ်သည် ဖြစ်ပေါ်နေသောဈေးကွက်အရ ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း စီးပွားရေးပညာရှင်များနှင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များက သုံးသပ်သည်။
မြေဈေးနှုန်း အဆမတန်ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်ပေ ပတ်လည်မြေဈေးနှုန်းများကို အစိုးရကသတ်မှတ်ပြီး ထိန်းချုပ်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက သြဂုတ်လအတွင်းက ဆိုသည်။
သဟဇာတမဖြစ်
ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကြောင့် ရှိသင့်ရှိထိုက်သည့်ဈေးနှုန်းများထက် အဆမတန် ဈေးမြင့်တက် လျက်ရှိသော အခြေခံအကြောင်းအရင်းများနှင့် အစိုးရမှ ဆောင်ရွက်လာမည့် တစ်ပေပတ်လည်နှုန်းထားများ သတ်မှတ်ဆောက်ရွက်ခြင်းသည် သယဇာတမဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
စီးပွားရေးပညာရှင် ဦးကြည်မြင့်(လသာ)က “ဒီလို ဆောင်ရွက်တာဟာ ဈေးကွက်အတွင်းမှာလိမ်လည် ရောင်းချ တာတွေပဲ ရှိလာမယ်။ သတ်မှတ်နှုန်းအတိုင်း ဈေးကွက်က လိုက်လာမှာမဟုတ်ဘဲ အခွန်ရှောင်သလို မျိုးပဲ ဖြစ်နေမှာပဲ”ဟု ပြောသည်။
စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးက “ ဒီလိုသတ်မှတ်ဆောင်ရွက်ခြင်းအားဖြင့်တော့ မြေဈေးကျ အောင် လုပ်လို့ရမှာမဟုတ်ပါဘူး။ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းလိုအားက အစိုးရသတ်မှတ်တဲ့ အပေါ်မှာ လုပ်နေတာ မဟုတ်ဘူး။ စီးပွားရေးအရ ရောင်းလိုအားနဲ့ ဝယ်လိုအားဟာ သူ့ဟာသူ စီးဆင်းနေတဲ့ သဘောပါ” ဟု ပြောသည်။
နိုင်ငံတော် လူမှုစီးပွားဖွံ့ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြေဈေးနှုန်းများကြီးမြင့်ခြင်းသည် ဈေးကွက်စီးပွားရေးအရ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မူတည်ကာ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းချုပ်ခြင်း လုံးဝမလုပ်သင့်ကြောင်း ဇူလိုင်လ အတွင်းက ကျင်းပသည့် အိမ်ခြံမြေဆိုင်ရာဟောပြောပွဲတစ်ခုတွင် ပြောဆိုထားသည်။
နိုင်ငံတကာတွင် မည်သည့်အစိုးရမှ ယင်းကဲ့သို့ မြေဈေးနှုန်းများကို ဝင်ရောက်ထိန်းချုပ်ခြင်း မရှိခြင်း ကလည်း ဝေဖန်စရာဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
မြေဈေးနှုန်း ကြီးမြင့်မှု
အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများ တစ်စထက်တစ်စ မြင့်တက်လာရာ ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်များသည် ပြီးခဲ့သည့်နှစ်ထက် ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာပြီး စီမံကိန်းနယ်နိမိတ်မြေယာဈေးနှုန်းများမှာမူ အဆမတန် ဈေးပေါက်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
မြေဈေးနှုန်း ကြီးမြင့်လျက်ရှိသည့်အချက်များတွင် နိုင်ငံတော်အစိုးရပိုင်မြေများအား ရောင်းချရာတွင်လည်း လုပ်ငန်းကြီးများသို့သာ ရောင်းချမှုများမှာ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်မည့်သူများလက်ထဲ မရောက်ရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကလည်း ဈေးတက်ရခြင်း၏ အဓိကအကြောင်းတစ် ချက်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။
ဦးတင်သန်းဦးက “နည်းလမ်းရှာရမယ်ဆိုပေမယ့် မှန်ကန်ဖို့လိုတယ်။ ဈေးတွေက အရောင်းအဝယ် အမှန် တကယ် မဖြစ်ဘဲ အဆမတန်မြင့်မားနေတယ်။ ဒါဟာ သမားရိုးကျလား၊ နောက်ကွယ်မှ ဘယ်သူတွေက အကျိုးအမြတ် ရှိလို့ ဈေးကစားနေတာလားဆိုတာကို အစိုးရက ဖော်ထုတ်သင့်တယ်”ဟု ပြောသည်။
မြေဈေးနှုန်းများသည် သာမန်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မည့် ဈေးနှုန်းများမဟုတ်ဘဲ ငွေရှင်ကြေးရှင် နှင့် ဝင်ငွေမပြနိုင်သောသူများ (ငွေမည်းကိုင်ဆောင်ထားသူ) သာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိသည်။
အခွန်တကယ်ဆောင်ရန်လို
စီးပွားရေးပညာရှင် ဦးလှမောင်က “နိုင်ငံတော်အစိုးရ အနေနဲ့ ပြဋ္ဌာန်းထားတဲ့ အိမ်ခြံမြေ အခွန် ၃၇ ရာခိုင်နှုန်း ကို အမှန်တကယ်ပေးနိုင်ဖို့ လိုအပ်တယ်။ အခုလို မြေဈေးတွေ သိန်းသောင်းနဲ့ ချီဖြစ်နေတဲ့ ခေတ်မှာ ၃၇ ရာခိုင်နှုန်း အမှန်တကယ်အခွန်ပေးဆောင်ရမယ်ဆိုရင် တန့်သွားကြမယ်”ဟု ပြောသည်။
ယင်းက နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ခြံမြေဈေးနှုန်းများကို အမှန်တကယ်ကျဆင်းစေလိုလျှင် ဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်လုပ်ဆောင်မည့် မူဝါဒများ ချမှတ်ဆောင်ရွက်သင့်ကြောင်း ဆိုသည်။
ရန်ကုန်မြို့ဧရိယာများ တိုးချဲ့လျက်ရှိသော်လည်း လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိမှုများ ပိုမိုကောင်းမွန်လျက်ရှိသည့် မြို့ပြနေရာများတွင်သာ အရောင်းအဝယ်ဖြစ်လျက်ရှိခြင်း ကလည်း မြို့တွင်း ဈေးကွက်ကိုတက်စေသည့် အချက်တစ်ချက်ဖြစ်ကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများက သုံးသပ်သည်။
ဘယ်လိုကိုင်တွယ်ကြမလဲ
ကားနှင့်နိုင်ငံခြားငွေဈေးများမှာ မူဝါဒ တစ်ခုအနေဖြင့် ဆောင်ရွက်လိုက်ခြင်းအားဖြင့် ပြေလည်သွားနိုင်သော် လည်း မြေဆိုသည်မှာ Limited ဖြစ်သည့်အတွက် အခြားကိစ္စရပ်များကဲ့သို့ သွင်းအားစု များများ သွင်းခြင်းဖြင့် Supply & Demand ကို ထိန်းညှိရန် မလွယ်ကူနိုင်ဘဲ ကိုင်တွယ်ရခက်ခဲနိုင်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များက ဆိုသည်။
ဒေါက်တာအောင်ထွန်းသက်က အစိုးရအနေဖြင့် ဝင်ရောက်ထိန်းချုပ်ခြင်းထက် မြေယာအလွတ်များကို အမှန်တကယ်ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းဖော်ဆောင်မည့်သူများ လက်သို့ပေးခြင်း၊ အခြေခံအဆောက် အအုံများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။
အိမ်ရာ ဖော်ထုတ်မှု
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ပြည့်စုံစွာရရှိသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကသာ ရေရှည်တွင် မြေဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အထောက် အကူပြုနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ဦးရန်အောင်က “မြို့ပြစီမံကိန်းတွေကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ ပြည့်စုံအောင် အကောင်အထည် ဖော်ဖို့ လိုအပ်နေတယ်။ လူတွေမှာ ရွေးချယ်စရာများလာရင် မြေဈေးကအလိုလိုကျလာမယ်”ဟု ပြောသည်။
အစိုးရအနေဖြင့် ယင်းသို့ဆောင်ရွက်လာခြင်းသည် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက် သည့် အခါတွင်လည်း အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ဆိုထားကြသည်။
အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုဒဏ်အား လက်ရှိအချိန်တွင် အခြေခံလူတန်းစား များပြားသည့် မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် အဓိကခံရလျက်ရှိပြီး တစ်ဟုန်ထိုး မြင့်မားသည့်ဈေးနှုန်းများကြောင့် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့် မျှော်လင့်ချက်များသည် တစ်စထက်တစ်စ ဝေးလာပြီး ဖြစ်သည်။
တရားဝင်ထုတ်ပြန်
ယင်းသို့ မည်သူကိုမျှ အကျိုးမဖြစ်ထွန်းစေဘဲ ငွေရှင်ကြေးရှင်ကြီးများကို အကျိုးဖြစ်စေသော မြေဈေးနှုန်း ထားကြီးများကို တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ပြီးပဲ လုပ်ဆောင်မည်လား၊ ဒါမှမဟုတ် အစိုးရ သက်တမ်းတစ်ဝက်ကျန်ချိန်တွင် မှန်ကန်သည့်မူဝါဒများ ချမှတ်နိုင်မည်လားဆိုသည်ကို တရားဝင်ထုတ်ပြန်ချက် ထွက်လာမှသာသိနိုင်မည်ဖြစ်သည်။
လက်တွေ့လုပ်ငန်းခွင်တွင် လည်ပတ်ထိတွေ့လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက်ရှိသော တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်အား တရားဝင် ထုတ်ပြန် လိုက်သည့် အခါမှပင် မြေဈေးထိန်းနိုင်၊ မထိန်းနိုင်ဆိုသည်ကို သိရလိမ့်မည်။ Source : mizimma
အာရှပစိဖိတ်ဒေသတွင်း အိမ်ခြံမြေဈေးကွက်မှာ အရှိန်အဟုတ်နှေးသွားကြောင်း စစ်တမ်းတစ်ခုမှ ဖော်ပြခဲ့ အာရှပစိဖိတ်နိုင်ငံများအတွင်း ပျမ်းမျှအိမ်ခြံမြေရောင်းချရမှုပမာဏမှာ ယခု ၂၀၁၃ခုနှစ်၏ ဒုတိယ ၃လပိုင်းအတွင်း အရှိန်အဟုန်အလွန်နှေးသွားကြောင်း နိုင်ငံတကာဈေးကွက်သုတေသနလုပ်ငန်း Jones Land Lasalle မှ ထုတ်ပြန် ကြေညာခဲ့သည်။
အထူးသဖြင့် အာရှပစိဖိတ်နိုင်ငံကြီးများ၏ မြို့တော်များတွင် အိမ်ခြံမြေအရောင်းအဝယ်ပမာဏမှာ သိသိသာသာကျဆင်း သွားခဲ့ကြောင်းသိရသည်။ ဂျာကာတာနှင့် ဘေဂျင်းမြို့များတွင် ယခင်နှစ်ကထက် အိမ်ခြံမြေအရောင်းအဝယ်ပမာဏ ၉ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စင်ကာပူနိုင်ငံတွင် ၂.၁ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဘန်ကောက်နှင့် မနီလာမြို့များတွင်လည်း အရောင်းအဝယ်ဖြစ်မှုနှုန်းသာမက ဈေးနှုန်းကျဆင်းသွားခဲ့သလို ကွာလာလမ်ပူတွင် ဈေးကွက် အေးစက်လျက်ရှိနေသည်။ ဟောင်ကောင်တွင်မူ ပထမသုံးလပိုင်းအတွင်း အရောင်းအဝယ်တိုးတက်လာခဲ့သော်လည်း ဒုတိယသုံးလပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည်။
Ref : ရွှေဆဌဂံဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties