By Mizzima, Shweproperty.com
Updated at 30 January 2017
၂၀၁၇ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် ရှိနေသည့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေး တည်ထောင်သူ Myanmar Agro Exchage-MAEX အများပိုင် ကုမ္ပဏီလီမိတက်အနေနှင့် ကျပ်သန်းပေါင်း ၅၀၀၀ (ကျပ် ၅ ဘီလီယံ)ကို အများပြည်သူအား ဇန်နဝါရီလအတွင်း ရောင်းချပေးသွားရန် မျှော်လင့်ထားသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ထိုပမာဏအတိုင်း အများပြည်သူအားရှယ်ယာရောင်းချရန် MAEX အများပိုင်ကုမ္ပဏီလီမိတက်ဘက်က အဆင်သင့်ဖြစ်နေပြီး ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မတီ- SECM ၏ ခွင့်ပြုချက်ကိုစောင့်မျှော်နေသည်ဟု MAEX အများပိုင်ကုမ္ပဏီလီမိတက်၏ BOD ဥက္ကဠ ဖြစ်သူ ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။
“ MAEX –Myanmar Agro Exchange အများပိုင် ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းပြီး အများပြည်သူတွေကို ရှယ်ယာရောင်းဖို့ဆိုပြီး အစီအစဉ် ကျွန်တော်တို့ လုပ်နေပါတယ်။
အခုဆိုရင် ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မတီ-SECMကို အများကိုရှယ်ယာခေါ်နိုင်ဖို့အတွက် ခွင့်ပြုချက်တောင်းထားတာ မကြာခင်မှာရရှိတော့မယ်။ အဲဒါဆိုရင် အများပြည်သူကိုလည်းခေါ်သွားမယ်၊ အဲဒီ့အခါကျရင် အများပြည်သူ ရှယ်ယာဝယ်ယူနိုင်မှာဖြစ်ပါတယ်”
ကုမ္ပဏီအနေနှင့် ငွေကြေးသက်သေခံ ကြီးကြပ်ရေးကော်မတီ-SECMသို့ တောင်းထားသည့် ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအတွင်း ရရှိရန် မျှော်မှန်းထားပြီး ခွင့်ပြုချက်ရလျှင် ရချင်းရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းသွားမည်ဟု သိရသည်။
MAEX သည်ရှယ်ယာတစ်စုတန်ဘိုးကျပ် ၁၀၅၀၀ (ပရီမီယံကြေး ၅ ရာခိုင်နှုန်းအပါ) ဖြင့် အစုရှယ်ယာပေါင်း ငါးသိန်းကို ရောင်းချပေး သွားမည်ဖြစ်သည်။
MAEX အများပိုင်ကုမ္ပဏီလီမိတက်အနေနှင့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့် လက်ကားဈေးသစ်ကို ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဟု ပြောဆိုထားပြီး စီမံကိန်း နှစ်ခုရှိသည့်အနက် ပထမအပိုင်း (Phase one) ကို ဦးစွာ ဖွင့်လှစ်မည်ဖြစ်သည်။
“ကျွန်တော်တို့ အပိုင်းကြီး ၂ ပိုင်းခွဲပြီးလုပ်ကိုင်နေပါတယ်။ ပထမအပိုင်းကိုတော့ ဇန်နဝါရီလထဲမှာ ဖွင့်လှစ်နိုင်ဖို့ တည်ဆောက်နေ ပါတယ်။ ပထမအပိုင်းမှာဆိုင်ခန်းပေါင်း ၅၀၀၀ ကျော် ပါဝင်လာပါလိမ့်မယ်”ဟု MAEX ၏ BOD ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းအောင်က ပြောသည်။
ယင်းစီမံကိန်း ၂ ခုစလုံး၏ အကျယ်အဝန်းသည် ၈၃ ဧကရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကျပ်ငွေ ၉၉.၈ ဘီလီယံဖြစ်ကာ ပထမအပိုင်း(Phase one) ၏ ရင်းနှီးမြှုပ်နှံမှုသည် ကျပ်ငွေ ၂၅.၁၈ ဘီလီယံကျပ်ဖြစ်သည်။ လက်ရှိအချိန်တွင် ကုမ္ပဏီအနေနှင့် ပထမစီမံကိန်း (Phase one) ၏ သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုပမာဏထဲမှ ကျပ်ငွေ ၂၀ ဘီလီယံကျော်ကိုရင်းနှီးမြှုပ်နှံထားပြီး ကျန် ၅ ဘီလီယံကျပ်ကို အများပြည်သူထံသို့ ရောင်းချသွားမည်ဖြစ်သည်။
MAEX ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအစုအဖွဲ့ထဲတွင် ဒဂုံအင်တာနေရှင် နယ်ကုမ္ပဏီအပါအဝင် မူလရှယ်ယာရှင် ၂၁ ဦးက ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။ တစ်ချိန်တွင် MAEX ကို ရန်ကုန်စတော့အိတ်ချိန်း-YSXတွင် စာရင်းကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိိုင်အောင် လုပ်ကိုင်သွားမည်ဟုလည်း MAEX ၏ BOD ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းအောင်က ပြောဆိုထားသည်။
Ref & Photo Credit : Mizzima
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties