By The Myanmar Times, Shweproperty.com
Updated at 13 September 2017
မန္တလေးမြို့ရဲ့ လတ်တလောအိမ်ခြံမြေအရောင်းအဝယ်ဟာ နှေးကွေးနေဆဲဖြစ်ပေမဲ့ မြို့ကွက်သစ်ဧရိယာအတွင်းမှာရှိနေတဲ့ မင်းကြီးရန်နောင်လမ်းမနဲ့ သူ့ရဲ့လမ်းဘေးဝဲယာမှာရှိတဲ့ ဧရိယာတွေက အိမ်မြေတွေဟာ ရှေ့အလားအလာကောင်းတွေ ရရှိပိုင်ဆိုင်ထားကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
မင်းကြီးရန်နောင်လမ်းဟာ အခြေကျစည်ကားနေပြီဖြစ်တဲ့ မြို့သစ်ဧရိယာနဲ့ စက်မှုဇုန်ဧရိယာတို့ရဲ့ကြားထဲမှာ ရှိနေပါတယ်။ မြို့သစ်ဧရိယာအတွင်း ထင်ရှားတဲ့လမ်းတစ်လမ်းဖြစ်တဲ့ မနော်ဟရီလမ်းမရဲ့တောင်ဘက်မှာ အလားအလာ အကောင်းဆုံးလမ်းတွေကို ပြောပါဆိုရင် သာယာဝတီမင်းကြီးလမ်းနဲ့ မင်းကြီးရန်နောင်လမ်းတို့ကို ထုတ်ပြရပါလိမ့်မယ်။
မြို့သစ်ရဲ့တောင်မြောက်သွား ၆၂ လမ်းကနေတစ်ဆင့် သာယာဝတီမင်းကြီးလမ်းအတိုင်း အနောက်ဘက်ကို သွားရင် ချမ်းမြရွှေပြည်အဝေးပြေးကားဝင်းကို ရောက်သလို၊ မင်းကြီးရန်နောင်လမ်းအတိုင်း အရှေ့ဘက်ကို သွားတဲ့အခါ မန္တလေး−ပြင်ဦးလွင် သွားလမ်းနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး လက်ရှိမှာ ဖွံ့ဖြိုးပြီး အလားအလာကောင်းတွေ ရှိနေတဲ့ အိမ်မြေအကွက်အကွင်းတွေကို တွေ့ကြရမှာပါ။
အိမ်ခြံမြေအရောင်းအဝယ်အေးနေတာရဲ့ တစ်ဖက်မှာ အကောင်းမြင်ရှုထာင့်နဲ့ ကြည့်ရင် ဒီအချိန်ဟာအိမ်မြေဝယ်ယူဖို့ အချိန်ကောင်းဖြစ်နေပြန်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ရောင်းချင်တဲ့သူတွေအနေနဲ့ ဈေးနှုန်းတွေကို မဖြစ်နိုင်တဲ့ ပေါက်ဈေးအမြင့်တန်းမှာ ခေါ်ကြတာ နည်းပါးသွားပါတယ်။
မင်းကြီးရန်နောင်လမ်းပေါ်မှာ ပုံမှန် ပေ ၄ဝ၊ ပေ ၆ဝ အကျယ်မြေကွက်တွေက ကျပ်သိန်းထောင်ချီဈေးရှိနေလို့ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားချင်သေးဘူးလို့ ဆိုချင်တဲ့သူတွေအတွက်တော့ မင်းကြီးရန်နောင်လမ်းကို တောင်မြောက်ကန့်လန့်ဖြတ် တည်ရှိနေတဲ့ အဓိကလမ်းမတွေပေါ်မှာ ကျပ်သိန်းရာဂဏန်းသုံးပြီး ဆုပ်ကိုင်ထားသင့်တဲ့ အခွင့်အလမ်းကောင်းတွေ ရှိနေတာကို တွေ့ရပါတယ်။
အရှေ့နဲ့အနောက်သွား မင်းကြီးရန်နောင်လမ်းကို ကန့်လန့်ဖြတ်တည်ရှိနေတဲ့ တောင်နဲ့မြောက်သွား လမ်းမတွေ၊ ဥပမာအားဖြင့် ၅၈ လမ်း အရှေ့ဘက်တစ်လျှောက်က လမ်းမတွေဟာလည်း အဓိကကျတဲ့ လမ်းမတွေဖြစ်ပြီး တချို့လမ်းတွေဟာ မင်းကြီးရန်နောင်လမ်းကနေ မနော်ဟရီလမ်းအထိ၊ မနော်ဟရီလမ်းကနေ သိပ္ပံလမ်း၊ သိပ္ပံလမ်းကနေ မြို့တွင်းပိုင်းအထိ စသဖြင့် အဆင့်ဆင့်ပေါက်တဲ့လမ်းတွေ ဖြစ်ပါတယ်။
လတ်တလောမှာ တချို့လမ်းတွေဟာ တိုးလျှိုးပေါက်သွားလို့မရသေးပေမဲ့ နှစ်ရှည်အချိန်ယူရဖွယ် မရှိဘဲ ဖွံ့ဖြိုးမှုပိုကောင်းလာဖွယ် ရှိနေပါတယ်။ မင်းကြီးရန်နောင်လမ်းမနဲ့ နီးကပ်ပြီး အရှေ့ခြမ်းကျတဲ့ လမ်း ၅ဝ လို လမ်းတစ်ဝိုက်ကလမ်းကောင်း လမ်းကျယ်တွေပေါ်က အိမ်မြေတွေဟာ အလားအလာကောင်းရှိတဲ့နေရာတွေပါ။
မင်းကြီးရန်နောင်လို လမ်းပေါ်မှာ အိမ်မြေဈေးနှုန်းတွေက ကျပ် သိန်းထောင်ချီရှိနေတာကြောင့် စဉ်းစားဖို့ ခက်ခဲရင်တောင် သူ့ကို ထောင့်ဖြတ်တည်ရှိနေတဲ့ လမ်းတွေပေါ်မှာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရနိုင်ပါသေးတယ်။ ပေ ၃ဝ၊ ပေ ၄ဝ၊ ဒါမှမဟုတ် ပေ ၂ဝ၊ ပေ ၆ဝ အကျယ်ဆိုရင် ကျပ်သိန်း ၅ဝဝ ဝန်းကျင်နဲ့ ရနိုင်ခြေရှိပြီး မိန်းလမ်းမပေါ်တင်တာကြောင့် ကာလကြာစောင့်စရာမလိုဘဲ အကျိုးအမြတ် ရှိလာမယ့်နေရာတွေပါ။
မင်းကြီးရန်နောင်လမ်းတစ်လျှောက် လက်ရှိအနေအထားမှာ ဈေးတွေ၊ကျောင်းတွေရှိနေပြီး အခြေချနေထိုင်မှုက တစ်နှစ်ထက် တစ်နှစ် သိသာစွာများနေပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး မင်းကြီးရန်နောင်လမ်းပေါ်၊ ဒါမှမဟုတ် ဒီလမ်းတစ်ဝိုက်က အိမ်မြေတွေကို အခုအခါမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ဖြစ်၊ ဝယ်ယူနေထိုင်ဖို့ပဲ ဖြစ်ဖြစ် စဉ်းစားမယ်ဆိုရင် အရှုံးထက် အကျိုးအမြတ်က ပိုသေချာနိုင်ကြောင်း အကျိုးဆောင်အများစုက ယူဆကြပါတယ်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties