By Lily, Shweproperty.com
Updated at 25 February 2025
ညနေ မှောင်ပြီဆိုတာနဲ့ တဝီဝီအော်ပြီး ပျံပြေးနေတဲ့ ခြင်တွေက အခန်းထဲမှာ တဝုန်းဝုန်းပဲ။ ခြင် ဆိုတဲ့ သတ္တဝါက ကိုက်ပြီးရင် ပြီးတာမျိုးမဟုတ်ပဲ နားနားမှာ တဝီဝီနဲ့ နားညီးအောင် အော်နေတတ်တဲ့ အမျိုးဆိုတော့ အတော်စိတ်ရှည်တဲ့သူတွေတောင် သည်းခံနိုင်ကြတာ မဟုတ်ပါဘူး။ ခြင်ကိုက်ခံရရင်လည်း သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားကူးစက်ရောဂါတွေ ဖြစ်တတ်တာကြောင့် ခြင်ဆိုရင် ဝေးဝေးက ရှောင်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ အိမ်မှာ ခြင်တွေ တွေ့ရနည်းစေဖို့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်လို့ ရပါတယ်။ တံခါးတွေ လုံအောင်ပိတ်ပါ။ တံခါးတွေပိတ်၊ လိုက်ကာတွေချပြီး လေအေးပေးစက် ဖွင့်ထားလိုက်ရင် ခြင်တွေ တဝီဝီနဲ့ ဘေးနားပျံသန်းနိုင်တော့မှာ မဟုတ်ပါဘူး။ ခြင်လုံဇကာ တပ်ဆင် အသုံးပြုပါ။ နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်ပြီး နေအိမ်ထဲကို ခြင်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို သုံးပါ။ ကော်ဖီမှုန့်မှာ ခြင်သားလောင်းလေးတွေကို သေစေနိုင်တဲ့ အစွမ်း ရှိတာ သိပြီးပြီလား။ အိမ်မှာ ကော်ဖီကြမ်းသောက်လေ့ရှိတယ်ဆိုရင် ကော်ဖီကြမ်းမှုန့် နည်းနည်းကို ရေဝပ်တဲ့ နေရာတွေမှာ ဖြူးထားပေးလိုက်ပါ။ ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ခြင်ပြေးပင်တွေ စိုက်ပါ။ ကိုယ့်အိမ် တိုက်ခန်းလေးရဲ့ ဝရံတာမှာပဲဖြစ်ဖြစ်၊ ခြံလေးထဲမှာပဲဖြစ်ဖြစ် ခြင်ပြေးစေတဲ့ အပင်လေးတွေ စိုက်ထားပေးနိုင်ပါတယ်။ အထူးသဖြင့် လာဗင်ဒါပန်းပင် ၊ ပူစီနံပင်၊ ကြောင်ဆေးပင်၊ ပင်စိမ်းပင် နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့ ဟာ ခြင်ပြေးစေတဲ့ အပင်လေးတွေ ဖြစ်ပါတယ်။ ဝန်းကျင်လေးလည်း စိမ်းစိမ်းစိုစိုနဲ့လှ၊ ခြင်လည်းပြေး ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ နောက်ထပ် မီးဖိုချောင်သုံး နည်းလမ်းလေးတွေဆိုရင် ကြက်သွန်ဖြူ - အနံံ့ပြင်းတဲ့ ကြက်သွန်ဖြူက ခြင်တွေကို အဝေးပြေးစေပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်၊ အအေးခံပြီး စပရေးဘူးထဲ ထည့်၊ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရင် ခြင်တွေနေစရာရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြက်သွန်ဖြူအနံ့ရှိနေမှာဖြစ်လို့ ကြက်သွန်ဖြူအနံ့ မကြိုက်သူဆိုရင် ဒီနည်းလမ်းကို ကျော်လိုက်ပါနော်။ လေးညှင်းပွင့် နဲ့ သံပရိုသီး - ထိရောက်တဲ့ အိမ်တွင်းနည်းလမ်းတစ်ခုကတော့ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးတာပါပဲ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေပါတယ်။ ကြက်သွန်ဖြူအနံ့လောက် မပြင်းလို့ လိုက်လုပ်ကြည့်လို့ အဆင်ပြေနိုင်မှာပါ။ ကဲ .... ခြင်ပြေးစေတဲ့ နည်းလမ်းလေးတွေ သိပြီးပြီဆိုတော့ အိမ်မှာကိုယ်တိုင် လုပ်ကြည့်လိုက်တော့နော်။ Written By : Lily ( ShweProperty.com )
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties