By Myanmar Property Journal, Shweproperty.com
Updated at 21 August 2013
မြို့တော်စည်ပင်သို့ အသစ်တည် ဆောက်ရန် လျှောက်ထားသည့် အထပ်မြင့်အဆောက်အအုံအများစုမှာ ဆိတ်ငြိမ်ဇုန်များအတွင်းကျ ရောက်သည်ဟုဆိုသောကြောင့် တည်ဆောက်ခွင့်ပြုခြင်းမရှိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အဆောက်အအုံတည်ဆောက်ရန် အခက်အခဲများရှိနေကြောင်းသိရသည်။
လက်ရှိတွင်ရန်ကုန်မြို့တော်အတွင်း အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရာ၌ ဆိတ်ငြိမ်ဇုန်များအဖြစ် ရွှေတောင်ကြားကဲ့သို့သော ဆိတ်ငြိမ်ရပ်ကွက်များတွင် သတ်မှတ်ထားသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်မြို့တွင်း မြေနေရာရှားပါးမှုများကြောင့် ဆိတ်ငြိမ်ဇုန်ဝန်းကျင်ရှိ မြေနေရာများ၌ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရန် လျှောက်ထားမှုများရှိနေပြီး မြို့တော်စည်ပင်မှခွင့်ပြုခြင်းမရှိ ကြောင်းသိရသည်။
“ကျွန်တော်တို့ ဆောက်ဖို့ လျှောက်တဲ့နေရာက ဆိတ်ငြိမ်ဇုန်ထဲမှာမဟုတ်ဘူး၊ သူ့ဝန်းကျင်မှာ ဆောက်ဖို့ လျှောက်ထားတာပါ၊ ဒါပေမဲ့ခွင့်မပြုတဲ့အတွက် ဆောက်ဖို့အခက်အခဲတွေရှိနေပါတယ်၊ မြေနေရာရှားပါးနေတဲ့အတွက် အနီးဝန်းကျင်တစ်ဝိုက်ကိုတော့ခွင့်ပြုစေချင်ပါတယ်”ဟု ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြို့တော်စည်ပင်အနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ JICA အဖွဲ့နှင့် ပူးပေါင်းကာမြို့တော်အတွင်း မြို့နယ်များအလိုက် သီးသန့်ဆိတ်ငြိမ်ရပ်ကွက်နှင့် အစိမ်းရောင်နယ်မြေများ ဖော်ထုတ်ဆောင်ရွက်ရန်အတွက် မဟာဗျူဟာစီမံကိန်း ရေးဆွဲလျက်ရှိသောကြောင့် သတ်မှတ်နယ်မြေများအတွင်း အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခွင့်မပြုကြောင်းသိရသည်။
“အခုသတ်မှတ်ထားတဲ့ဆိတ်ငြိမ်ရပ်ကွက်တွေရော၊ သူ့ဝန်းကျင်မှာရှိတဲ့သီးသန့်ဆန်တဲ့ နေရာတွေမှာပါ အထပ်မြင့် ဆောက်ခွင့်မပြုသေးပါဘူး၊စီမံကိန်းက ရေးဆွဲတုန်းဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ ဆောက်ပြီး တော့မှသတ်မှတ်နိုင်တဲ့ ဇုန်ထဲပါသွားရင်နစ်နာမှုတွေ ရှိနိုင်တဲ့အတွက်ကြိုတင်ပြောထားတာပါ၊ အတိအကျထုတ်ပြန်ချက် ထွက်လာရင်တော့ သတ်မှတ်ဇုန်ကလွဲရင် ဆောက်နိုင်ပါတယ်၊ အခုကလည်း အထပ်မြင့်ပဲခွင့်မပြုတာပါ၊ အထပ်နိမ့်ကတော့ ဆောက်လို့ရပါတယ်”ဟု ‘မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန (အဆောက်အအုံ)’မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်အတွင်း လက်ရှိဆိတ်ငြိမ်ဇုန်အဖြစ် သတ်မှတ်ထားသောနေရာများမှာ ဒဂုံမြို့နယ်ရှိ သံတမန်အိမ်ရာ၊ အင်းလျားမြိုင်၊ ရွှေတောင်ကြားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံတို့ဖြစ်ပြီး စီမံကိန်း ရေးဆွဲပြီးပါက ဆိတ်ငြိမ်ရပ်ကွက်များအား ထပ်မံတိုးချဲ့ သတ်မှတ်သွားမည်ဖြစ်သည်။ ထို့ကြောင့်မြို့တော်စည်ပင်အနေဖြင့် လက်ရှိသတ်မှတ်ထားသော ဆိတ်ငြိမ်ရပ်ကွက်များ အပြင်ယင်းရပ်ကွက်အနီးပတ်ဝန်းကျင်နှင့် အခြားမြို့နယ်အသီးသီးရှိသီးသန့်ဆန်၍ ဆိတ်ငြိမ်ရပ်ကွက်အဖြစ် သတ်မှတ်နိုင်သော နေရာများတွင်လည်း အထပ်မြင့်အဆောက်အအုံများ တည်ဆောက်မှုကို ခွင့်ပြုခြင်းမရှိသေးကြောင်း၊ အဆောက်အအုံတည်ဆောက်လိုပါက အထပ်အရေအတွက် လေးထပ်အထိသာခွင့်ပြုထားကြောင်းရန်ကုန်မြို့တော်စည်ပင်မှသတင်းရရှိသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties