By EMG, Shweproperty.com
Updated at 31 July 2013
မြန်မာနိုင်ငံတွင် မြေဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် အဟန့်အတားများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။
"လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့နေရာမှာ အဟန့်အတား ဖြစ်စေပါတယ်။ ကျွန်တော်တို့ကိုလည်း ခဏခဏ ပြောကြတာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြေဈေးကွက်က နယူးယောက်ခ်မြေဈေးနဲ့တောင် မြင့်နေတယ် ဆိုတာမျိုးပေါ့။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်က မူဝါဒတွေ ချမှတ်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်ဆောင်ရွက် သွားမှာပါ။ ချက်ချင်းတော့ ကျွန်တော်တို့ လုပ်လို့မရသေးပါဘူး။ ဒါပေမဲ့ အဘက်ဘက်က သုံးသပ်ပြီး သင့်တော်တဲ့ မြေနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြားသည်။
အိမ်ခြံမြေဈေးနဲ့အတူ ကွန်ဒိုငှားရမ်းခများလည်း မြင့်တက်နေကြောင်း အကျိုးဆောင် ကုမ္ပဏီများ၏ ပြောကြားချက်အရလည်း သိရသည်။
"ကွန်ဒိုအငှားရ သာမန်ကွန်ဒိုတွေဆိုရင် တစ်လကို ကျပ်ရှစ်သိန်းနဲ့ ဆယ်သိန်းကြားမှာ ရှိပါတယ်။ တစ်လကို ဒေါ်လာ ၂၀၀၀ လောက်ပေးရတဲ့ ကွန်ဒိုလည်း ရှိတယ်။ ဥပမာ-ရွှေဟင်္သာ ကွန်ဒိုဆိုရင် တစ်လကို ဒေါ်လာ ၄၀၀၀ နဲ့ ၅၀၀၀ ကြား ရှိတယ်။ မင်းဓမ္မကွန်ဒိုဆိုရင် ဒေါ်လာ ၃၀၀၀ လောက် ရှိတယ်။ Junction 8 တို့၊ သီရိကွန်ဒိုတို့၊ ဓနသီရိတို့ကျတော့ ရှစ်သိန်းနဲ့ ၁၂ သိန်းကြားမှာ ရှိတယ်။ နည်းနည်းဟောင်းနေတဲ့ ကွန်ဒိုဆိုရင်တော့ ခြောက်သိန်းနဲ့ ရှစ်သိန်းကြားမှာ ရှိတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ မနှစ်ကနဲ့ဒီနှစ် တစ်နှစ်အတွင်းမှာ ဈေးနက်သွားပါတယ်" ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
လတ်တလော အချိန်တွင် မိုးတွင်းကာလ ဖြစ်နေသည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ် အေးနေသော်လည်း ဈေးကျဆင်းမှု မရှိကြောင်း သိရသည်။
လောလောဆယ် အရောင်းအဝယ် အေးနေတယ် ဆိုပေမယ့် ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်နဲ့ ရွှေပေါက်ကံတို့မှာ အရောင်းအဝယ် ဖြစ်ပါတယ်။ ပေ ၄၀ x ပေ ၆၀ ကို နေရာအမျိုးအစားပေါ်လိုက်ပြီး ကျပ် သိန်း ၂၀၀ ကနေ သိန်း ၅၀၀ လောက်အထိ ဈေးပေါက်နေတယ်" ဟု အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties