By Eleven Media Group, Shweproperty.com
Updated at 25 August 2015
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလျံ ချေးယူခွင့်ပြုရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက နေပြည်တော်တွင် သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲပေးမှု အမြန်နှုန်းကို မြင့်တက်လာစေရန်၊ အချိန်မှန်ကန်မှုနဲ့ ခရီးသည်စီးနင်းမှုပမာဏ မြင့်တက်လာစေရန်၊ ငြိမ့်ညောင်းမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အဆင့်အတန်း မြင့်မားလာစေရန်၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်နှင့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်တွင် မြို့ပတ်ရထားသည် အဓိက ပင်မကြောရိုးအဖြစ် အသုံးပြုတဲ့စနစ် ဖြစ်ပေါ်လာစေရန်ဟူသော ရည်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ရှင်းလင်းပြောကြားသည်။
ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဘူတာများ၌ အလိုအလျောက် ရထားရပ်တန့်စေသည့်စနစ်၊ ရထားနှင့်ကားလမ်း ဆုံသည့်နေရာ ၁၁ နေရာ၌ အလိုအလျောက် အတားအဆီးများ အဆင့်မြှင့်တပ်ဆင်ခြင်းလုပ်ငန်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ပြေးဆွဲလျက် ရှိသည့် စက်ခေါင်းနှင့် အတွဲများနေရာတွင် ဒီဇယ်စက်ခေါင်း ၁၁ ခေါင်း အပါအဝင် စက်ခေါင်းတွဲ ၆၆ တွဲ ဝယ်ယူအစားထိုးပြေးဆွဲခြင်း လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါချေးငွေနှင့် ပတ်သက်ပြီး အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်မည့် ကာလမှာ နှစ် ၄၀ (ဆိုင်းငံ့ကာလ အပါအဝင်) ဖြစ်ကြောင်း သတင်းရရှိသည်။
“စီမံကိန်း ပြီးစီးပါက ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို မြန်မာ့မီးရထား၏ အဆင့်မီတွဲသစ်၊ စက်ခေါင်းသစ်များဖြင့် ပြေးဆွဲပေးနိုင်မယ့်အပြင် မြို့ပတ်ရထားရဲ့ ပြေးဆွဲချိန်ကိုပါ သိသာစွာ လျှော့ချကာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မယ့် ချေးငွေအဆိုပြုချက်အား ခွင့်ပြုပေးသင့်ပါကြောင်း လေးစားစွာ အဆိုပြု တင်ပြအပ်ပါတယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက တင်ပြခဲ့သည်။
ထို့နောက် သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်ရှိ တံတားသုံးစင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၃ ဒသမ ၈၆၉ ဘီလျံ ချေးယူခွင့်ပြုရန် လွှတ်တော်သို့ တင်ပြခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအဝင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ အာဆီယံအခြေခံအဆောက်အအုံဆိုင်ရာ ရန်ပုံငွေ (AIF) နှင့် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AFD) တို့ထံမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၆၀ နှင့် ယူရို သန်း ၄၀ ချေးယူခွင့်ပြုရန်လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties